Entertainment

“ကိုဗစ်ဖြစ်ခဲ့ရင် ဘာလုပ်ရမလဲ ကြိုပြီး စုံစမ်း စီစဉ်ထားကြပါ”

Want create site? Find Free WordPress Themes and plugins.

 

၂၀၂၀ အတွင်းက ဖောင်ကြီး ကိုဗစ် စင်တာမှာ Volunteer လုပ်ကိုင်ခဲ့တဲ့ ဒေါက်တာ စိန်ဖြိုးလှိုင် (ခ) သရုပ်ဆောင် မောင်ဟာ ယခုလတ်တလော COVID-19 လူနာ နေ့တိုင်းနီးပါး တွေ့လာရတာကြောင့် ကာကွယ်ဆေး ထိုးထားတိုင်းလည်း အပြည့်အဝ စိတ်မချရဘူးလို့ ဆိုပါတယ်။

“ကျနော်တို့ ပတ်ဝန်းကျင်မှာ ကိုဗစ် ဖြစ်တဲ့သူတွေ ‌နေ့တိုင်းနီးပါး တွေ့လာနေရပါတယ်။ ကာကွယ်ဆေး ထိုးထားတိုင်းလည်း အပြည့်အဝ စိတ်မချရပါဘူး”

“အရင်လို စင်တာတွေ များတဲ့အချိန်မှာတောင် ကျနော်တို့တွေ ဒုက္ခရောက်ခဲ့ကြတာ အခု အခြေအနေမျိုးနဲ့ဆို ပိုဆိုးနိုင်တာမို့ ကိုဗစ်ဖြစ်ခဲ့ရင် ဘာလုပ်ရမလဲဆိုတာ ကြိုပြီး စုံစမ်း စီစဉ်ထားကြပါ။ အောက်စီဂျင် တိုင်းတဲ့စက် ဝယ်ထားကြပါ။ အောက်စီဂျင်အိုး ငှားလို့ရမယ့် နေရာတွေ ရှာထားကြပါ”လို့ စိန်ဖြိုးလှိုင်က ဆိုပါတယ်။

ဘယ်အစိုးရ ဆေးရုံနဲ့ ပုဂ္ဂလိက ဆေးရုံတွေမှာ ကိုဗစ် စစ်ဆေး ကုသပေးလဲဆိုတာ စုံစမ်းထားသင့်ပြီး၊ အပြင်သွားတိုင်း အကာအကွယ် အပြည့်ယူပါလို့ သူက ဆိုပါတယ်။

ဒေါက်တာ စိန်ဖြိုးလှိုင် (ခ) သရုပ်ဆောင် မောင် (ဓာတ်ပုံ – Sein Phyo Hlaing’s Facebook)

“ဘယ်အစိုးရဆေးရုံ၊ ဘယ်ပုဂ္ဂလိက ဆေးရုံတွေက ကိုဗစ် စစ်ပေးလဲ၊ ကုပေးလဲဆိုတာ သိတဲ့လူတွေကို မေးထားကြပါ။ အပြင်သွားတိုင်း အကာအကွယ် အပြည့်ယူကြပါ။ သတိထားကြပါ”လို့ စိန်ဖြိုးလှိုင်က ပြောပါတယ်။

ဆက်လက်ပြီး “ကိုဗစ် ကြည့်ရတာ အခြေအနေ ပိုဆိုးလာဖို့ပဲ ရှိတယ်။ အိန္ဒိယလို မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်။ ကိုယ်နဲ့ အတူတူ ကိုဗစ် တိုက်ပွဲ ဝင်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း တနေရာစီ လွင့်ကုန်ကြပြီ။ အရင်လို ကိုဗစ် စင်တာတွေ ပြန်ဖွင့်ဖို့လိုပြီ ထင်တယ်”လို့ စိန်ဖြိုးလှိုင်က ပြောထားပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ (ဇွန် ၂၇ ရက်နေ့) ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ် လူနာအသစ် (၈၀၄) ဦး၊ စုစုပေါင်း ကိုဗစ်လူနာ (၁၅၃,၁၆၀) ဦး၊ သေဆုံးလူနာ (၇) ဦး၊ စုစုပေါင်း သေဆုံးသူ (၃,၂၉၇) ဦး ရှိသွားပြီ ဖြစ်ပါတယ်။

You may also like these stories:

Master ဘွဲ့ အိပ်မက်ကို စွန့်လွှတ်လိုက်တဲ့ သရုပ်ဆောင် မောင်

ဖောင်ကြီးမှာ Volunteer လုပ်ကိုင်နေတဲ့ သရုပ်ဆောင် မောင်နဲ့ မေးမြန်းခြင်း

COVID–19 အတွေ့အကြုံများကို ပြန်လည် မျှဝေခဲ့တဲ့ သရုပ်ဆောင် မောင်

Did you find apk for android? You can find new Free Android Games and apps.
Loading