တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ပထမအဆင့် စတင်စမ်းသပ် ထိုးနှံမှု စတင်ခဲ့တယ်လို့ သိရပါတယ်။ ကူးစက်မှုနဲ့ သေဆုံးမှုတွေ မြင့်တက်နေဆဲဖြစ်တဲ့ COVID-19 ရောဂါတိုက်ဖျက်ရေး နည်းလမ်းရရှိဖို့အတွက် ကမ္ဘာတဝှမ်းမှ သိပ္ပံပညာရှင်တွေက အပြင်းအထန် ကြိုးပမ်းနေကြပါတယ်။
မတ်လ ၁၆ ရက်နေ့မှာ အမေရိကန် ကျန်းမာရေးတာဝန်ရှိသူတွေက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို လူတွေမှာ စတင်စမ်းသပ်နေပြီလို့ အတည်ပြု ပြောကြားခဲ့ပြီးနောက် တရုတ်နိုင်ငံရဲ့ ကာကွယ်ဆေးစမ်းသပ်မှု သတင်းထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ ကိုယ့်သဘောဆန္ဒနဲ့ ကာကွယ်ဆေးစမ်းသပ်ခံသူ ၄၅ ဦးကို ဆီယက်တဲလ်မြို့ရှိ Kaiser Permanente Washington Health Research Institute မှာ ကာကွယ်ဆေးထိုးနှံပေးတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံကလည်း COVID-19 ကာကွယ်ဆေး စမ်းသပ် ထိုးနှံမှုကို မတ်လ ၁၆ ရက်နေ့မှာ စတင်ခဲ့ပြီး ယခုနှစ်ကုန်အထိ ဆက်လက် စမ်းသပ်သွားမယ်လို့ မျှော်လင့်နိုင်ကြောင်း နိုင်ငံရဲ့ Clinical Trial Registry သို့ မတ်လ ၁၇ ရက်က မှတ်ပုံတင်သွင်းမှုအရ သိရှိရပါတယ်။
“ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးစမ်းသပ်မှု ပထမအဆင့်အနေနဲ့ ကိုယ့် သဘောဆန္ဒအလျောက် ပါဝင်စမ်းသပ်ခံသူတွေကို စတင် ထိုးနှံစမ်းသပ်နေပြီ ဖြစ်ပါတယ်”လို့ အစိုးရ အထောက်အပံ့နဲ့ ဆောင်ရွက်နေတဲ့ ကာကွယ်ဆေး စီမံကိန်းမှာ ပါဝင်ခဲ့တဲ့ အဖွဲ့ဝင် ဝန်ထမ်းတဦးက သတင်းထောက်များကို မတ်လ ၂၂ ရက်နေ့က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးစမ်းသပ်မှုမှာ အသက် ၁၈ နှစ်နဲ့ ၆၀ နစ်ကြားအရွယ်ရှိသူ ၁၀၈ ဦးကို အုပ်စု သုံးခုခွဲပြီး မတူညီတဲ့ ကာကွယ်ဆေးများ ထိုးနှံစမ်းသပ်သွားမယ်လို့ ဆိုပါတယ်။ သူတို့အားလုံးဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်က ဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့ရာ တရုတ်အလယ်ပိုင်း ဝူဟန်မြို့ခံများ ဖြစ်ကြပါတယ်။
လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအတွက် ဆေးဝါးကုမ္ပဏီများ၊ သုသေသနပညာရှင်များနဲ့ ဓာတ်ခွဲခန်း ပညာရှင်များပူးပေါင်းပြီး ကုသနိုင်မယ့် ဆေးဝါးတွေကို အချိန်နဲ့ တပြေးညီရှာဖွေလျက်ရှိတယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ စမ်းသပ်ခဲ့တဲ့ ကာကွယ်ဆေးကို အသုံးပြုနိုင်ဖို့အတွက် ၁၈ လလောက် အချိန်ကြာမြင့်ဦးမယ်လို့ ခန့်မှန်းထားပါတယ်။
Ref. CNA
You may also like these stories:
ဂျပန်တုပ်ကွေးရောဂါဆေးက ကိုရိုနာဗိုင်းရပ်စ် ကုသရာမှာ ရလဒ်ကောင်းတွေထွက်ပေါ်
COVID-19 ကာကွယ်ရေးဆိုင်ရာ ဆေးပစ္စည်းနှင့် ဆေးဝါး ဈေးအပြောင်းအလဲ ဖြစ်နိုင်
ရေမလိုလက်သန့်ဆေးရည် (Hand Sanitizer) ကို အိမ်မှာအလွယ်တကူ ပြုလုပ်ကြမယ်