အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့မှာရှိတဲ့ Dharavi ကျူးကျော်ရပ်ကွက်ဟာ အခုဆိုရင် အိန္ဒိယမှာ တာ့ချ်မဟာ (Taj Mahal) ထက် ခရီးသွားအများအပြား လာရောက် လည်ပတ်ကြတဲ့ နေရာ ဖြစ်နေပါပြီ။
အခုနောက်ပိုင်းကာလတွေမှာ ဆင်းရဲတာ၊ ချမ်းသာတာက အဓိကပြဿနာ မဟုတ်တော့ပါဘူး။ ဒါကြောင့်လည်း Dharavi ကျူးကျော်ရပ်ကွက်ကို ခရီးသွားအများအပြား လာရောက် လည်ပတ်နေကြပါတယ်။ အဓိက လာရောက် လည်ပတ်ကြသူတွေကတော့ အမေရိကန်၊ အင်္ဂလန်နဲ့ သြစတြေးလျ နိုင်ငံသားတွေပါ။
အခုလို လာရောက် လည်ပတ်ကြတဲ့ အကြောင်းကတော့ ဆင်းရဲမွဲတေမှုကြောင့်ပါ။ အဲဒီကျူးကျော် ရပ်ကွက်မှာ နေထိုင်ကြတဲ့သူ အများစုကတော့ ဇာထိုးပန်းထိုး၊ သားရေလုပ်ငန်းနဲ့ ပလတ်စတစ် ထုတ်လုပ်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်လေ့ ရှိကြပါတယ်။
Dharavi ကျူးကျော်ရပ်ကွက်မှာ နေထိုင်သူ အများစုဟာ ဖော်ရွေလေ့ရှိကြပြီး တောင်းရမ်း စားသောက်တဲ့သူ မရှိသလောက်ပါပဲ။ အိန္ဒိယနိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံတကာ ခရီးသွား ဧည့်သည်တွေအနေနဲ့ ဆင်းရဲသားတွေရဲ့ဘဝကို လေ့လာချင်ရင် Dharavi ကျူးကျော်ရပ်ကွက်ကို သွားရောက်လေ့ ရှိကြပါတယ်။
Dharavi ကျူးကျော်ရပ်ကွက်ဟာ ဆင်းရဲသားအများစု နေထိုင်တဲ့ ရပ်ကွက်ဖြစ်ပေမယ့် တနှစ်ဝင်ငွေက အမေရိကန်ဒေါ်လာ သန်း ၆၅၀ လောက် ရှိပါတယ်။ အမှိုက်ကောက်သူတွေ၊ တက္ကစီသမားတွေနဲ့ အလုပ်ကြမ်းလုပ်တဲ့သူတွေ နေထိုင်တဲ့ ကျူးကျော်ရပ်ကွက်ဖြစ်ပြီး အများစုကတော့ ပိတ်ရက်မရှိ နေ့စဉ်လိုလို အလုပ်လုပ်လေ့ ရှိကြပါတယ်။
ကျူးကျော်ရပ်ကွက် ခရီးစဉ်ဟာ ဘရာဇီး၊ တောင်အာဖရိက စတဲ့နိုင်ငံမှာတွေမှာလည်း ထင်ရှားတဲ့ ခရီးစဉ်ပါပဲ။ အခုနောက်ပိုင်းကာလတွေမှာ လူတွေက ကျူးကျော်ရပ်ကွက်တွေကို ပြဿနာတခု အနေနဲ့ ရှေ့တန်းမတင်ကြတော့ပါဘူး။ ဆင်းရဲခြင်းဟာလည်း လူတွေ တွေ့ကြုံရမယ့် ကိစ္စတခု ဖြစ်တဲ့အတွက်ကြောင့် ကျူးကျော်ရပ်ကွက်တွေဟာ ခေတ်စားလာပါတယ်။ ဒါကြောင့်လည်း Dharavi ကျူးကျော်ရပ်ကွက်ကို Trip Advisor Website က“ခရီးသွားတွေရဲ့ အကြိုက်ဆုံးဆု” ချီးမြှင့်ခဲ့ပါတယ်။
နိုင်ငံတကာခရီးသွားတွေဟာ ဆင်းရဲသားရပ်ကွက်တွေကို အပျော်သဘော သွားရောက် လည်ပတ်လေ့ ရှိကြပေမယ့် နောက်ပိုင်းမှာတော့ လူမှုပြုပြင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ကြဖို့ သွားရောက်လေ့ ရှိကြပါတယ်။ ဒီနေ့ခေတ်မှာတော့ ခရီးသွားလုပ်ငန်းကို လုပ်ကိုင်ကြသူတွေဟာ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေ စိတ်ဝင်စားအောင် အမျိုးမျိုး ဆောင်ရွက်လာတာ တွေ့ရပါတယ်။
Ref. Earthtrekkers