အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာနေထိုင်တဲ့ အသက် ၁၀၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ John Henderson နဲ့ အသက် ၁၀၅ နှစ်အရွယ်ရှိ Charlotte Henderson တို့ဟာ ကမ္ဘာ့အသက်ကြီးဆုံး သက်ရှိထင်ရှားစုံတွဲအဖြစ် ဂင်းနစ်စံချိန်မှာ မှတ်တမ်းတင်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။
သူတို့စုံတွဲရဲ့ အိမ်ထောင်သက်ဟာ လာမယ့် ဒီဇင်ဘာလ ၁၅ ရက်ဆိုရင် နှစ်ပေါင်း ၈၀ ပြည့်တော့မှာ ဖြစ်တာကြောင့် အိမ်ထောင်သက်အရှည်ကြာဆုံး စုံတွဲတတွဲလို့လည်း ပြောလို့ရပါတယ်။
Hendersons တို့စုံတွဲဟာ တက္ကဆက်ပြည်နယ်က Longhorn village မှာ နေထိုင်တာဖြစ်ပြီး သားသမီးလည်း မရှိတာ ကြောင့် သူတို့နှစ်ဦးတည်း နေထိုင်ကြတာပါ။ ၁၉၃၄ ခုနှစ် တက္ကဆက်တက္ကသိုလ်မှာ စတင်တွေ့ဆုံ ချစ်ကျွမ်းဝင်ခဲ့ကြတဲ့ သူတို့နှစ်ဦးဟာ ပျော်စရာကောင်းတဲ့ သူတို့ရဲ့အတိတ်နဲ့ပတ်သက်ပြီး အခုလိုပဲ ပြန်ပြောင်းပြောပြခဲ့ပါတယ်။
“အဲဒီတုန်းက ကျနော်က တက္ကသိုလ်ဘောလုံးအသင်းက ဘောလုံးသမားတယောက်ပေါ့၊ Charlotte ကတော့ ဆရာမဖြစ်ဖို့ ကြိုးစားနေတဲ့အချိန်ကာလတွေပေါ့၊ အမြဲတမ်း ပြုံးပြုံးရွှင်ရွှင်နဲ့ နေတတ်တဲ့ သူမကို သတိထားမိပြီး Date လုပ်ဖို့ သွားပြောတော့ သူမစိတ်လှုပ်ရှားနေတဲ့ပုံက အခုပြန်တွေးကြည့်တိုင်း ကြည်နူးစရာပါပဲ” လို့ John က ဆိုပါတယ်။
John ဟာ တက္ကဆက်တက္ကသိုလ်ရဲ့ သက်ရှိထင်ရှားရှိသေးတဲ့ ဘောလုံးသမားဟောင်းတွေထဲက အသက်အကြီးဆုံး တဦးဖြစ်ပြီး လက်ရှိအချိန်ထိလည်း တက္ကသိုလ်ဘောလုံးပွဲတွေကို သွားရောက်အားပေးနေသူတဦးပါ။
အသက် ၁၀၀ ကျော်ရှိနေပြီဖြစ်တဲ့ Hendersons တို့စုံတွဲဟာ လက်ရှိအချိန်ထိ ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေထိုင်နိုင်ရတဲ့ လျှို့ဝှက်ချက်က စိတ်ညစ်စရာတွေ သိပ်မတွေးဖြစ်ဘဲ ခရီးသွားတာ၊ တီဗီအတူကြည့်တာ၊ အားကစားလုပ်တာ စတဲ့ နှစ်ယောက်လုံး စိတ်ချမ်းသာမယ့် ကိစ္စတွေကိုသာ လုပ်ဖြစ်နေတာကြောင့် ဖြစ်မယ်လို့ ဆိုပါတယ်။
အိမ်ထောင်သက် ရေရှည်ခိုင်မြဲရတဲ့ အကြောင်းရင်းနဲ့ပတ်သက်လို့ သတင်းထောက် Nephew Jason က မေးမြန်းခဲ့ရာ မှာတော့ တယောက်ကို တယောက်စိတ်ချမ်းသာအောင် ထားခြင်းက အဓိကအချက်ဖြစ်ပြီး နောက်တခုကတော့ သားသမီးမရှိတာကလည်း ပါမယ်ထင်ပါတယ်လို့ နောက်ပြောင်ပြောဆိုခဲ့ပါတယ်။
Ref. www.today.com
You may also like these stories:
ဂင်းနစ်စံချိန်တွေ တင်နိုင်ခဲ့တဲ့ ကမ္ဘာကျော်များ
၂၀၁၉ ခုနှစ်ရဲ့ အထူးခြားဆုံး ကမ္ဘာ့ဂင်းနစ် စံချိန်ဝင်များ
ဂင်းနစ် မှတ်တမ်းဝင်တော့မယ့် ကမ္ဘာ့အရှည်ဆုံး Water Slide
ဂင်းနစ်မှတ်တမ်းဝင် သဲနဲ့ တည်ဆောက်တဲ့ ကမ္ဘာ့အမြင့်ဆုံး ရဲတိုက်