ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုတွေက မြန်မာနိုင်ငံကိုလည်း စတင်ပြီး ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီလို ရောက်ရှိလာပြီးနောက် လူတော်တော်များများဟာ စိုးရိမ်မှု လွန်ကဲပြီး ဈေးသုံးတာတွေ၊ ဆေးဝါးပစ္စည်း ဝယ်ယူတာတွေကို ပြုလုပ်တာကိုလည်း တွေ့ရပါတယ်။
ဒီလိုအချိန်မှာ လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေ ပြတ်လပ်နိုင်တဲ့အပြင် ဈေးကွက်အတွင်းမှာ သိသိသာသာပြတ်လပ်သွားတာကတော့ နှာခေါင်းစည်း (Mask) တွေ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင် နှာခေါင်းစည်း ပြုလုပ်ရမယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။
– ပထမဆုံး နှာခေါင်းစည်းပြုလုပ်ဖို့အတွက် Pattern ၂ ခု ထုတ်ပါမယ်။ Pattern ထုတ်ပြီးပြီဆိုရင် နှာခေါင်းစည်း အရေအတွက်ကို စိတ်ကြိုက် ညှပ်လို့ရပြီ ဖြစ်ပါတယ်။ Pattern ထုတ်တဲ့အခါမှာ လူကြီးအရွယ်နဲ့ ကလေးအရွယ်ဆိုပြီး ၂ မျိုး ထုတ်လို့ရပါတယ်။
– Pattern ဆွဲတဲ့အခါ အလျားကို အရင်ဆုံးဆွဲပါမယ်။ လူကြီးအတွက် အလျားကို ဆွဲတဲ့အခါ ၁၂ ဒဿမ ၅ စင်တီမီတာ ဆွဲရမှာ ဖြစ်ပြီး ကလေးအတွက်ဆိုရင်တော့ ၁၀ စင်တီမီတာပဲ ဆွဲရမှာ ဖြစ်ပါတယ်။
– လူကြီးအတွက် မျက်နှာဖက်က အနံကို ဆွဲတဲ့အခါ ပထမဆွဲထားတဲ့ အလျားကို အလယ်မှာ ထားပြီး တဖက်ကို ၇ ဒဿမ ၅ စင်တီမီတာစီ ဆွဲရမှာပါ။ ကလေးအတွက်ဆိုရင်တော့ ၁၂ စင်တီမီတာယူရမှာ ဖြစ်လို့ အလယ်က ခွဲပြီး ဆွဲတဲ့အခါ တဖက်ကို ၆ စင်တီမီတာ ယူရမှာ ဖြစ်ပါတယ်။
– နားရွက်ဖက်က အနံကို ဆွဲတဲ့အခါ လူကြီးအတွက်ဆိုရင် ပထမကဆွဲထားတဲ့ အလျားကို အလယ်မှာပဲ ထားပြီး တဖက်ကို ၄ စင်တီမီတာခန့် ယူရမှာ ဖြစ်ပြီး ကလေးအတွက်ဆိုရင်တော့ တဖက်ကို ၃ စင်တီမီတာသာ ယူရမှာ ဖြစ်ပါတယ်။
– ဆွဲထားတဲ့ အနံတွေမှာ နားဖက်က မှတ်ထားတဲ့အမှတ်ကနေ ၂စင်တီမီတာ အတွင်းကို ပြန်ယူပါ။ မျက်နှာဘက်က အမှတ်မှာလည်း အပေါ်ပိုင်းကို ၂ စင်တီမီတာ အတွင်းကိုဝင်ပြီး အောက်ပိုင်းကိုတော့ ၄ စင်တီမီတာ ဝင်ပါ။
အတွင်းမှာ ဝင်ထားတဲ့ အမှတ်များကို အပေါ်အပေါ်ချင်း၊ အောက်အောက်ချင်းနဲ့ အချင်းချင်းကို ပြန်ပြီး ဆက်ဆွဲပါ။ အားလုံးကို ဆက်ဆွဲပြီးရင် အစကို ညှပ်လိုက်ပါ။ အစကို ညှပ်တဲ့အခါ ချုပ်စာချန်ပြီး ညှပ်ဖို့ လိုအပ်ပါတယ်။ ညှပ်ပြီးသား ပိတ်စ ၂ ခုကို ပေါင်းပြီး ချုပ်ပါမယ်။ ပေါင်းချုပ်ပြီးတဲ့အခါ ဒေါက်ကို ခွဲပြီး မီးပူ ထိုးရပါမယ်။
– ချည်ထည်ကို ၂ ထပ်အသုံးပြုပြီး ချုပ်တာ ဖြစ်တဲ့အတွက် ဘက်တီးရီးယား ဝင်ရောက်နိုင်ချေကို ၇၀ ရာခိုင်နှုန်းကျော် လျော့ချပေးပါတယ်။
– အတွင်းဘက်မှာတော့ ပိတ်ကြမ်းကို သုံးရပါမယ်။ ပိတ်ကြမ်းကို ညှပ်တဲ့အခါမှာတော့ အပေါ်မှာ သုံးထားခဲ့တဲ့ အတွင်းထဲက ၂ စင်တီမီတာကို ခေါက်ထည့်ပြီး ညှပ်ရမှာ ဖြစ်ပါတယ်။ ပိတ်ကြမ်းညှပ်တဲ့အခါမှာလည်း ချုပ်စာချန်ထားပြီး ညှပ်ဖို့ လိုအပ်ပါတယ်။ ညှပ်ပြီးသား ပိတ်ကြမ်း ၂ စကိုလည်း ချုပ်ပါမယ်။ ချည်စကို ပြုလုပ်သလိုပဲ ဒေါက်များကို မီးပူတိုက်ရမယ်။
– ချုပ်ရိုးကို ပြောင်းပြန်လှန်ရပါမယ်။ ပိတ်ကြမ်းကိုရော ချည်စကိုရော အဲဒီလို ချုပ်ရိုးပြောင်းပြန်လှန်ပြီးတဲ့အခါ ပြောင်းပြန်လှန်ထားတဲ့ ပိတ်စ ၂ခုကို အလှဖက်ချင်း ပူးပြီး ချုပ်ရပါမယ်။ အလှဖက်ချင်းပူးချုပ်ပြီးတဲ့ အခါအတွင်းထဲက အစကို ပြန်ထုတ်လိုက်ပါ။ ဘေးမှာ ပိုနေတဲ့ အစွန်းများကို ခေါက်ပါ။ ခေါက်ထားတဲ့ အစအတွင်း ၈ လက်မအရှည်ရှိတဲ့ သားရေကြိုးကို ထည့်ပါ။ ထုံးပါ။ ထုံးထားတဲ့ သားရေကြိုးကို အတွင်းဖက်သို့ ထည့်ပါ။
– ကိုယ်ပိုင်နှာခေါင်းစည်းကို ရပြီ ဖြစ်ပါတယ်။
(မှတ်ချက် ။ ။ ဒီလို အဝတ်စနဲ့ ချုပ်လုပ်တဲ့ နှာခေါင်းစည်း Mask တွေကတော့ ရောဂါပိုးတွေရဲ့ အန္တရာယ်ကို အပြည့်အဝ ကာကွယ်ပေးနိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လက်ကနေ တခုခု ကိုင်တွယ်ပြီးလို့ ကပ်ညှိလာမယ့် ရောဂါပိုးတွေကိုတော့ မျက်နှာ၊ နှာခေါင်း၊ ပါးစပ်တို့ကို မကိုင်တွယ်မိအောင် တပ်ထားနိုင်ပါတယ်။)
You may also like these stories:
ချင်းပြည်နယ်ကို ကိုယ့်သဘောဆန္ဒနဲ့ သွားရောက် တာဝန်ထမ်းဆောင်မယ့် မြန်မာဆရာဝန်များ
ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှုကနေ လူဦးရေ ၁ သိန်းကျော် ပြန်လည်သက်သာ
မတ်လ ၂၆ ရက်နေ့မှ စပြီး ထိုင်းတွင် အရေးပေါ်အခြေအနေ သတ်မှတ်မည်