COVID-19 နဲ့ ပတ်သက်တဲ့ ဆေးတွေတော့ နိုင်ငံတိုင်းမှာ လိုအပ်နေတယ်

မျိုးပပစန်း
မတ်လ ၂၆ ရက်နေ့က မြင်တွေ့ရသည့် ဆူးလေအနီးတဝိုက်မှ ဆေးဆိုင်တဆိုင် / ထက်ဝေ / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့နိုင်ငံအနှံ့တွင် ဖြစ်ပွားနေသော COVID-19 ကြောင့် မြန်မာနိုင်ငံတွင် ယင်းနှင့်ဆက်စပ် ဆေးပစ္စည်းနှင့် ဆေးဝါးများ ဈေးနှုန်း ကြီးမြင့်ခြင်း၊ ရှားပါးလာခြင်းနှင့်အတူ ဆေးဝါး၊ ဆေးပစ္စည်း ကုန်ချောထုတ်လုပ်ရာတွင် လိုအပ်သော ကုန်ကြမ်း များအား အဓိက ထုတ်လုပ်ဖြန့်ဖြူးပေးနေသော တရုတ်နိုင်ငံသည် ဆေးပစ္စည်း၊ ဆေးဝါးဖြန်ဖြူးနေခြင်း တင်ပို့မှုများကို ရပ်ဆိုင်းခဲ့ရာ ဆေးကဏ္ဍ ထုတ်လုပ် ထိခိုက်လာခဲ့သည်။

ထို့ပြင် ဆေးပစ္စည်း အများအပြား ထုတ်လုပ်နေသော ဥရောပနိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့တွင်လည်း COVID-19 ဖြစ် ပွားမှုကြောင့် မိမိနိုင်ငံ၏ လိုအပ်ချက်ကို ဦးစားပေး ထုတ်လုပ်ခြင်း၊ ရောဂါဖြစ်ပွားမှု ဆိုးရွားသော နိုင်ငံများသို့ ဦးစားပေး တင်ပို့နေရခြင်းကလည်း မြန်မာနိုင်ငံသို့ ဆေးဝါးနှင့် ဆေးပစ္စည်းများ အချိန်မှီ ရရှိရန် ကြန့်ကြာမှုကို ဖြစ်ပေါ်ခဲ့သည်။

ဂျပန်နှင့် တောင်ကိုးရီးယားမှ မြန်မာနိုင်ငံသို့ တင်ပို့နေသော ဆေးပစ္စည်းများ၊ ဆေးများမှာလည်း ၎င်းနိုင်ငံများတွင် COVID-19 ပြန့်ပွားမှု ထိန်းချုပ်ရန် စက်ရုံများ ပိတ်ခြင်း၊ လေကြောင်း၊ ရေကြောင်းများ ပိတ်ဆို့ခြင်း၊ ပြည်တွင်း မဖူလုံမည် စိုး၍ Export ပိတ်ခြင်း တို့ကြောင့် ထိုနိုင်ငံမှ ဆေးဝါးများ မြန်မာပြည်မှ တင်သွင်းခွင့် မရခြင်းတို့လည်း ဖြစ်ပေါ်လျက် ရှိပါသည်။

ကုန်ကြမ်းဖြန့်ဖြူးမှု အင်အား၌ ဒုတိယ အကြီးဆုံး ဖြစ်သော အိန္ဒိယနိုင်ငံကပါ တရုတ်နိုင်ငံကဲ့သို့ ကုန်ကြမ်းရောင်းချမှု ရပ် ဆိုင်းခဲ့သဖြင့် ကမ္ဘာ့ဆေးပစ္စည်းနှင့် ဆေးဝါး ထုတ်လုပ်ရေး ယန္တရားတခုလုံးမှာ လုံးဝနီးပါး ရပ်ဆိုင်းသွားခဲ့သည်။

အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် လက်ရှိ ဆေးဝါးများ လုံလောက်မှု ရှိမရှိ စသည့် အခြေ အနေ၊ ဈေးနှုန်းမြင့်တက်နေမှု အခြေအနေများကို မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်း (MCCPMD) ဥက္ကဋ္ဌ ဒေါက်တာ ဇော်မိုးခိုင်ကို ဧရာဝတီ သတင်းထောက် မျိုးပပစန်းက မေးမြန်းထားပါသည်။

မေး။ ။ လက်ရှိအချိန်မှာ ကုန်သွယ်မှုတွေမှာ တချို့ဟာတွေလည်း အခက်အခဲ ဖြစ်လာတော့ တင်သွင်းနေတဲ့ ဆေးပစ္စည်း တွေနဲ့ ပတ်သက်ပြီးတော့ လုံလောက်မှု မရှိမှာကို စိုးရိမ်နေကြတာရှိတယ်။ COVID-19 နဲ့ ပတ်သက်တဲ့ နှာခေါင်းစည်း (Mask)၊ လက်သန့်ဆေးရည်တွေ ပတ်သက်ပြီးတော့လည်း စိုးရိမ်တာ ရှိတယ်။ ဒါတွေကို အသင်းက ပြတ်လပ်မှု မရှိအောင် ဘယ်လိုမျိုး ဆောင်ရွက်နေပါသလဲ။

ဖြေ။ ။ အဓိကတော့ ဈေးကွက် စီးပွားရေးစနစ် Supply and Demand ပါ။ သီအိုရီ ရှိပါတယ်။ ဒီမှာ Supply များများရ အောင် ကျနော်တို့ ကြိုးစားပါတယ်။ ဒါရှိရင် ဆေးပစ္စည်းနဲ့ ဆေးဝါးပြတ်လပ်မှု မရှိပါဘူး။ ဈေးနှုန်းလည်း တည်ငြိမ်နိုင်ပါ တယ်။ ကျနော်တို့ အနေနဲ့ Supply များများရအောင် သက်ဆိုင်ရာ ဌာနနဲ့ ညိုနှိုင်းပြီး Inport တွေ များများရနိုင်အောင် လည်း လုပ်ပါတယ်။

ဒီကြားထဲမှာလည်း အခက်အခဲက ဒီပြဿနာက ကမ္ဘာအနှံ့ဖြစ်နေတဲ့ ပြဿနာ ဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံတိုင်းကလည်း မိမိနိုင်ငံထုတ် ပစ္စည်းတွေကို မိမိနိုင်ငံ လုံလောက်မှသာ Export ကို ခွင့်ပြုတဲ့အပိုင်း ရှိတယ်။ ဒီမှာလည်း အခက်အခဲတွေ ရှိတဲ့အတွက်တော့ ဒါတွေကြားမှာပဲ ကျနော်တို့က တင်သွင်း ဖြန့်ချိမှု လွယ်ကူချောမွေ့အောင် အတတ်နိုင်ဆုံး ကြိုးစား လျက် ရှိပါတယ်။

ပြည်သူတွေ အားလုံးကို ပြောပြချင်တာက ကိုယ့်နိုင်ငံ တခုတည်းမှာ ဖြစ်ပွားနေတဲ့ အခက်ခဲကြီး မဟုတ်ပါဘူး။ အခုက နိုင်ငံတကာနဲ့ ကမ္ဘာတဝန်းမှာ ဒီကပ်ဆိုးကြောင့် ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို အကုန်လုံးက ကိုယ့်နိုင်ငံအနေနဲ့ ရင်ဆိုင် ပြီး ဖြေရှင်းနေရတဲ့ တကယ့်ကို အကြပ်အတည်း အချိန်ဖြစ်ပါတယ်။

ကျနော်တို့ ဆေးဝါးလောကနဲ့ တခြားနိုင်ငံရဲ့ ဆေးဝါးလောက၊ ဈေးကွက်နဲ့ ကွာခြားချက်၊ အားနည်းချက်က ဘာလဲဆို တော့ ကျနော်တို့ နိုင်ငံသည် ၉၀ ရာခိုင်နှုန်းနီးပါးကို နိုင်ငံတကာကို မှီခိုပြီးမှ မှာယူတင်သွင်းပြီးတော့ ဖြည့်ဆည်းရပ်တည် နေရတဲ့ ဈေးကွက်ရဲ့ ပကတိ အခြေအနေကို နားလည်ဖို့ လိုပါတယ်။

လူတိုင်းက မိမိနိုင်ငံရဲ့ ဖူလုံမှုကို အာရုံစိုက်ပြီးတော့ လုပ်ကိုင်နေကြပါတယ်။ ကိုယ့်နိုင်ငံမှာ ပြည့်စုံမှသာ ပိုလျှံတဲ့ဟာတွေ ကို သူများနိုင်ငံတွေကို ကယ်တင်ဖို့ ရောင်းချတဲ့ အနေအထားတွေ ရှိပါတယ်။ ဒါကြောင့် နိုင်ငံတကာရဲ့ လိုအပ်ချက် အရ နိုင်ငံတိုင်း နိုင်ငံတိုင်းသည် ရောင်းသူက လက်တဆုပ်စာပဲ ရှိတယ်။ ဝယ်သူက ပမာဏ အကြီးကြီး ရှိတယ်။ အဲဒီလို လုဝယ် တဲ့ အနေအထားကနေ ကျနော်တို့ နိုင်ငံရဲ့ အမြဲတမ်း ဆက်သွယ်ဖို့ ရှိနေတဲ့ နေရာတွေကို ကြိုးစားပြီး ဝယ်ယူရတဲ့ အပိုင်း တွေ ရှိပါတယ်။

များသောအားဖြင် ကျနော်တို့ အသင်းသူ၊ အသင်းသား အားလုံးက ဆေးပစ္စည်း တင်သွင်းနေတဲ့ လုပ်ငန်းရှင်တွေပါပဲ။ အား လုံးက စွန့်စားရင်းနှီးပြီးတော့ နိုင်ငံရဲ့ လိုအပ်ချက်အရ တင်သွင်းနေကြပါတယ်။ ဒါကြောင့်မို့ လက်ရှိအနေအထားမှာ ဆေး ဝါးရဲ့ ဖြည့်ဆည်းမှု အနေအထားကတော့ အတိုင်းအတာ တခုအထိတော့ ကျနော်တို့ ကိုယ့်နိုင်ငံသူ နိုင်ငံသားရဲ့လိုအပ် ချက်ကို ဖြည့်ပေးနိုင်တယ်လို့ ယုံကြည်သလို နောက်ထပ် အမှာစာတွေများ ပေးပို့ပြီးတော့ ကျနော်တို့ တင်သွင်းနေပါ တယ်။

တခုပဲ ပြောချင်တာက ကျနော်တို့ အမှာစာ ဘယ်လောက်ပဲပို့ပို့ အိန္ဒိယဆို အခုချိန်ခါမှာ COVID-19 နဲ့ ပတ်သက်တဲ့ ဆက် စပ် ဆေးနဲ့ ဆေးပစ္စည်းတွေ အားလုံးကို သူတို့နိုင်ငံသား စက်ရုံတွေကို လုံးဝ တင်ပို့ရောင်းချခွင့် မပြုထားပါဘူး။ ပိတ်ဆို့ ထားတယ်။ ကျနော်ကိုယ်တိုင်လည်း မှာထားတယ်။ ဒါပေမယ့် သူတို့ဘက်က တင်ပို့လို့မရဘူး။ ဒီလို အခက်အခဲမျိုးကျ တော့ ကျနော်တို့မှာ မလွဲသာ မရှောင်သာ ရင်ဆိုင်နေရတာ ရှိတယ်။

ဒါပေမယ့် ဒီနေ့ အချိန်အခါသည် အလွန်အမင်း ပုံမှန် သောက်သုံးနေတဲ့ ဆေးဝါးတွေ လုံးဝဈေးကွက်မှာ ပြတ်လပ်သွားမှု တော့ မရှိသေးပါဘူး။ COVID-19 နဲ့ ပတ်သက်တဲ့ ဆေးပစ္စည်း ကိရိယာတွေ ၊ ဆေးဝါးတွေသာ နည်းနည်းလေးHot နေပြီး တော့ ကွဲပြားနေတာတွေ၊ ဝယ်ရခက်တာတွေ ဒါလေးတွေတော့ နည်းနည်းလေး လက်ရှိမှာ ရင်ဆိုင် ကြုံတွေ့နေရပါတယ်။

မေး။ ။ တချို့ဆေးတွေက ဆေးဆိုင်တွေမှာ ဝယ်မရတာမျိုးတွေ ရှိနေတယ်။ Dettol၊ အရက်ပျံ၊ ဘာတို့ဆို ဝယ်မရဘူး ပေါ့နော်။ ဒါမျိုးတွေကို ပြည်သူတွေ ဝယ်နိုင်အောင် လုပ်ဆောင်ပေးဖို့ ရှိပါသလဲ။ ပြတ်လပ်မှုတွေ ကြုံလာနိုင်သလဲ။

ဖြေ။ ။ COVID-19 ကိစ္စမှာ ဆေးပစ္စည်းတွေ ရှားပါးတာ၊ ပစ္စည်းပြတ်တာ မတွေ့ရသေးပါဘူး။ Dettol ကပြောရရင် သုံးသူ များတဲ့ ပိုးသတ်ဆေးတခုပါပဲ။ ဆေးတခုရယ်တော့ မဟုတ်ပါဘူး။ လူသောက်လို့ မရတဲ့ ပိုးသတ်ဆေးပါ။ ဒါက ရာသီ အလျှောက် သုံးစွဲမှုက များပါတယ်။ လူတွေက အစိုးရိမ်လွန်ပြီးတော့ လိုတာထက်လည်း ပိုဝယ်တာတွေ ရှိပါတယ်။ နောက် တခုက ကျနော်တို့ ပိုးသတ်ဆေးတွေမှာ Dettol တခုရယ်လို့ မဟုတ်ပါဘူး။ တခြား Brand တွေလည်း အများကြီး ရှိပါတယ်။ ဒီလိုပဲ အလားတူ ပိုးသတ်ဆေး (Insecticide) ပစ္စည်းတွေ အများကြီး ရှိပါတယ်။ သုံးလို့ရပါတယ်။ ဒါကြောင့် လုပ်စရာ အများကြီး ရှိတာကိုလည်း ပညာပေးချင်ပါတယ်။

Mask တိုင်းကလည်း ကာကွယ်မှု အပြည့်အဝ မပေးနိုင်တဲ့ အကြောင်းလေးကို ကျနော်တို့ Facebook စာမျက်နှာမှာ တင် ထားပါတယ်။ တချို့တွေဆိုရင် အဝတ်နဲ့ Face mask သုံးကြတယ်။ ဒါက ဘယ်လောက်ထိ ကာကွယ်မှုရှိလဲ။ ပြီးရင် Mask မှာရော ဖောက်နိုင်လား မဖောက်နိုင်လား ရှိတယ်။ ဒါလေးလည်း အသေးစိတ် ရှိပါတယ်။

မေး။ ။ ဆေးတင်သွင်းတဲ့ အိန္ဒိယဆိုလည်း သူတို့နိုင်ငံရဲ့လိုအပ်ချက်ကြောင့် တင်ပို့မှု ကန့်သတ်တာ ရှိတယ်။ မြန်မာနိုင်ငံ ကလည်း လက်ရှိမှာ COVID-19 စတွေ့နေပြီ ဆိုတော့ နောက်ထပ် အလားအလာက ဘယ်လောက်ထိ ဖြစ်လာမယ်။ ကြာ မယ်ဆိုတာလည်း မသိဘူး။ အဲဒီအတွက် ဆေးပစ္စည်း လိုအပ်ချက်ကလည်း ရှိတယ်။ ဒါကြောင့် ဆေးဝါးတွေ တင်သွင်းဖို့ အတွက် ကုမ္ပဏီတွေနဲ့ ညိုနှိုင်းထားတာမျိုး ရှိပါသလား။

ဖြေ။ ။ ဆေးကုမ္ပဏီတွေ အားလုံးကို ကိုယ်စားပြုတဲ့ အနေနဲ့ ဖြေကြားရမယ်ဆိုရင် လတ်တလောမှာ ကုမ္ပဏီတော်တော် များများ တင်သွင်းထားတဲ့ ပစ္စည်းတွေ ရှိသင့်သလောက် ရှိပါတယ်။ ဘယ်သူမှလည်း ထိန်းချုပ်ထားခြင်း မရှိပါဘူး။ အား လုံးသည် လက်ရှိ ဈေးမတက်ဘဲနဲ့ ပုံမှန်သင့်တင့် မျှတသောနှုန်းနဲ့ ရောင်းချပေးနေပါတယ်။

နောက်တခုက အိန္ဒိယက ပိတ်တယ်။ စာထုတ်ပိတ်ရုံတင် မကဘူး။ ပိုဆိုးတာက ၃ ပတ်အတွင်း Lock Down လုပ်ထား တယ်။ အဲဒီအတွက် သယ်ယူပို့ဆောင်ရေး ပစ္စည်းတွေရော အကုန်လုံးက ကြပ်တည်း ခက်ခဲမှုတွေရင် ဆိုင်နေရတယ်။ အဲဒီထက် ပိုဆိုးတာက သွားလာတဲ့ သယ်ယူပို့ဆောင်တဲ့ ခရီးစဉ်က အားလုံး လျှော့ချထားတဲ့အတွက် ခါတိုင်း သင်္ဘော ၁၀ စီးထွက်ရင် အခု ၂ စီးပဲ ထွက်တယ်။ လေယာဉ် ၁၀ စီးထွက်ရင် အခု၂ စီးပဲထွက်တယ်။

ဒါကြောင့် ဘာဖြစ်လာလဲဆိုတော့ လူတွေ တင်ပို့လို့ မရတဲ့အပြင် ကုန်ပစ္စည်းတွေ တင်ပို့တဲ့နေရာမှာ ကြန့်ကြာမှုတွေ ဖြစ် ပြီးတော့ ပစ္စည်းတင်သွင်းခွင့်ရတဲ့ တချို့သော နိုင်ငံတွေတောင်မှ ပစ္စည်းတွေက တင်သွင်းဖို့ ရက်ရဖို့အတွက် ၁ ပတ်၊ ၂ ပတ် စောင့်ဆိုင်းရတဲ့ ပြဿနာတွေ အခု ဖြစ်နေတယ်။

တခုပဲ ကျနော်တို့ အနေနဲ့ ပြောနိုင်တာက လက်ရှိ မြန်မာပြည်ရဲ့ လူတွေအကုန်လုံး နေ့စဉ် ပုံမှန်သောက်သုံးနေရတဲ့ ဆေးဝါးမှန်သမျှ အားလုံးသည် ပြတ်လပ်မှု မရှိဘဲ ယနေ့ထိ ဈေးကွက်မှာ လွယ်လင့်တကူ ဝယ်လို့ ရနေဆဲ ဖြစ်ပါတယ် ဆိုတာတော့ ကျနော်ပြောရဲပါတယ်။

ဒီဆေးဝါးတွေ အားလုံးကို လက်ရှိ ကုမ္ပဏီတွေအနေနဲ့ ရောင်းချနိုင်အောင် ရှိသင့်ရှိထိုက်တဲ့ ကုန်ပစ္စည်းတွေလည်း လူတိုင်း ၃ လနဲ့ ၆ လလောက်ကတော့ ရှိနေဆဲပါ။ အကြောက်အလန့် လွန်ပြီးတော့ မတရား ၆ လစာ၊ ၁ နှစ်စာ လုယူဝယ်ယူမှု မလုပ်ရင် ဈေးကွက်မှာ လန့်စရာ အကြောင်းမရှိသလို၊ ဈေးကစားတာ ဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီတော့ ပြောချင်တာက တော့ COVID-19 နဲ့ ပတ်သက်တဲ့ ဆေးဝါးတွေတော့ နိုင်ငံတိုင်းမှာ လိုအပ်နေတယ်။ ကျန်တဲ့ ပုံမှန်ဆေးဝါးတွေကတော့ ယနေ့ အထိ အေးအေးဆေးဆေးနဲ့ အားလုံး ဝယ်ယူရရှိနိုင်သေးကြောင်း သတင်းပေးလိုပါတယ်။

မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ ဇော်မိုးခိုင် (ဓာတ်ပုံ- MCCPMD)

မေး။ ။ လက်ရှိ ပြည်တွင်းမှာ ဆေးဝါး လုံလောက်မှု ကာလ ဘယ်လောက်ထိ ရှိပါသလဲ။

ဖြေ။ ။ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ရှိသမျှ ကုမ္ပဏီတွေ သွင်းတာကို Record လုပ်တဲ့ စနစ် လောလောဆယ် မြန်မာ ပြည်မှာ မရှိသေးပါဘူး။ ဒါပေမယ့် ကျနော်တို့ ကုမ္ပဏီတွေရဲ့ တင်သွင်းမှု သဘောသဘာဝကို နည်းနည်းသိတဲ့ လုပ်ငန်းရှင် အနေနဲ့ ပြောရမယ်ဆိုရင် လူတိုင်းလူတိုင်းသည် ကုန်ပစ္စည်း တခုကို အနည်းဆုံး ၃ လ၊ ၆ လစာ သိုလှောင် တင်သွင်းပါ တယ်။ တချို့ အရမ်းအရောင်းသွက်တဲ့ ပစ္စည်းဆိုရင် ၁ နှစ်သိုလှောင်ထားပြီး တင်သွင်းမှုတွေ ရှိပါတယ်။ ဒါကြောင့် ဒီ Flow အရပြောရမယ်ဆိုရင် တင်သွင်းမှုတွေ အရ ကုမ္ပဏီတိုင်းသည် သူတို့လက်ထဲမှာတော့ အနိမ့်ဆုံး ကတော့ ၃ လစာသည် ရှိ ပြီးတော့ အများဆုံးသည် ၁ နှစ်အထိ ရှိနိုင်ပါတယ်။

နောက်တခုက ကျနော်တို့မှာ တင်သွင်းမှုက ကိုယ့်ရဲ့ ရောင်းချမှုအရ လောဘတကြီးနဲ့ တင်သွင်းနေလို့ မရပါဘူး။ တဖက် က ဘာလည်း ဆိုတော့ ဆေးဝါးရဲ့ သက်တမ်းကို ကျနော်တို့က ကြည့်ရပါတယ်။ တချို့ဆေးဝါးသည် ၂ နှစ် ရှိတယ်။ တချို့ ဆေးဝါးသည် ၃ နှစ် ရှိတယ်။ ဒီအပေါ်မှာ မှုတည်ပြီးတော့လည်း မိမိတင်သွင်းမယ့် ပမာဏနဲ့ ရောင်းချိန်နဲ့ ချိန်ဆပြီးတော့ ကျနော်တို့ အလုပ်လုပ်ရပါတယ်။ ဒါက တပိုင်းပေါ့။

အိန္ဒိယ ပိတ်တယ်၊ တရုတ်က ပိတ်တယ်။ အဲဒီလိုပဲ တချို့သော နိုင်ငံတွေက ပိတ်ပင်မှုမရှိဘဲနဲ့ ရောင်းချတဲ့ နိုင်ငံမျိုးတွေ ရှိ တယ်။ ဒီနိုင်ငံက ဆေးဝါးကို တင်သွင်းရောင်းချဖို့ အတွက် လောလောဆယ် ရှိတယ်။ ဆေးဝါး မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ တွေ ရှိတယ်။ သူတို့က တင်သွင်းမှုတော့ ရပါတယ်။ ကွာခြားချက် တခုပဲ ရှိတာက အဆိုပါ နိုင်ငံတွေက စက်ရုံကို ဘယ်နိုင် ငံမှာပဲ ထောင်ထောင် ကုန်ကြမ်းအနေနဲ့ ရစရာလမ်းက၂ လမ်းပဲ ရှိပါတယ်။ တရုတ်က မဟုတ်ရင် အိန္ဒိယက ပါပဲ။

အဲဒီတော့ ဒီနှစ်နိုင်ငံက ကုန်ကြမ်းတွေကို ပိတ်ဆို့ထား၍ သော်လည်းကောင်း၊ ဈေးမြင့်သွား၍သော်လည်း အဲဒီနှုန်းနဲ့ ထုတ် လုပ်သူတွေက ထုတ်လုပ်ခဲ့ရရင် ကျနော်တို့ကလည်း အဲဒီဈေးနဲ့ ပြန်ဝယ်ရရင် ဝယ်ရင်း ဈေးများသွားပါတယ်။ ဒါဆိုရင် များ တဲ့အတိုင်းပဲ လိုအပ်ချက်အရ မလွဲသာ မရှောင်သာ သွင်းရမယ်ဆိုရင် ကျနော်တို့ ဂရုမစိုက်ပါဘူး။ သွင်းပါ့မယ်။

ပြည်သူတွေအနေနဲ့ နားလည်စေချင်တာက မီဒီယာကတဆင့် ပြောကြားချင်တာက ဒီအချိန်မှာ ဈေးနှုန်းတက်တာ ဈေးနှုန်း ကြီးမြင့်တာတွေကို ကျနော်တို့က အာရုံစိုက်ပြီး လုပ်ရမယ့် အချိန် မဟုတ်ဘဲနဲ့ ဆေးဝါးတွေ မပြတ်လပ်ရေးနဲ့ ဆေးဝါးတွေ အကုန်လုံး ရရှိရေးအတွက် အဓိကထား လုပ်ရမယ့် အခြေအနေပါ။ အဲဒါလေးကိုတော့ အားလုံးလည်း သိစေချင်ပါတယ်။

အခု မြန်မာနိုင်ငံမှာ နည်းနည်းလေး Hot ဖြစ်နေတာက COVID 19 နဲ့ ပတ်သက်တဲ့ အချို့ဆေးပစ္စည်း Mask၊ PPE ဝတ်စုံ၊ ဒါမျိုး Hot ဖြစ်နေပါတယ်။ ကျန်တဲ့ ဆေးဝါးတွေ အားလုံးသည် ပုံမှန်အတိုင်း အလုံအလောက် ရှိပါတယ်။ ဈေးနှုန်းလည်း အပြောင်းအလဲ မရှိပါဘူး။ နောက်တခုက ဒီအချိန်မှာ ကျနော်တို့က ကံကောင်းတာက ဒေါ်လာဈေးလည်း တည်ငြိမ်နေ တယ်။ အဲဒီတော့ ရောင်းချသူဘက်က ဈေးတက်တာတောင်မှ အဲဒီလိုတက်တဲ့ ဈေးက ဒေါ်လာဈေးတည်ငြိမ်မှုနဲ့ လိုက် လျောညီထွေ ဖြစ်စေတာပေါ့။ ပြန်ပြီး ထိန်းနိုင်တဲ့ အနေအထားလေး ရှိနေပါတယ်။

ဒါကြောင့် အားလုံး ခြုံပြီးတော့ ဆေးဝါးတွေ ဈေးတက်တယ် မပြောဘဲနဲ့ COVID-19 နဲ့ ပတ်သက်တဲ့ ဘယ်ပစ္စည်းတွေ လို အပ်ချက် ရှိတယ်။ ကျန်တဲ့ ပုံမှန်သောက်နေကျ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါအတွက် ဆေးဝါးတွေအားလုံးသည် အလုံအ လောက် ရှိပါတယ်။

ပြီးတော့ သာမန် နေမကောင်းဖြစ်လို့ သောက်တဲ့ ကုသဆေးအားလုံးလည်း အလုံအလောက် ရှိပါ တယ်။ COVID-19 နဲ့ ပတ်သက်တဲ့ ပစ္စည်းတချို့ကတော့ Supply Change သည် အိန္ဒိယဆို ပိတ်ထားတာတို့ တရုတ်ဆို စက်ရုံ မလည်နိုင်တာတို့ အခက်အခဲလေး ရှိတယ်ဆိုတာ ရှင်းလင်း ပြောပြချင်ပါတယ်။

နောက်မို့ဆို ပြည်သူတွေက အစိုးရိမ်လွန်ပြီးတော့ ဆီးချို၊ သွေးတိုး၊ နှလုံးဆေးတွေပါ ဝယ်ရင် Supply Change တခုလုံး ထိခိုက်သွားပြီး ပြည်သူလူထု အတွက်ရော တိုင်းပြည်အတွက်ရော ဆိုးသွားနိုင်ပါတယ်။

မေး။ ။ ဆိုလိုတာက COVID-19 နဲ့ ပတ်သက်တဲ့ ဆေးဝါး၊ ပစ္စည်းတွေမှာ ဆေးဝါးပြတ် မပြတ်ထက် ဈေးနှုန်း တက်၊ မတက်ကို ဦးစားပေး လုပ်သွားမယ်ဆိုတဲ့ သဘောလား။

ဖြေ။ ။ အဓိက ဦးစားပေးကတော့ ကျနော်တို့ ဆေးဝါးနဲ့ ဆေးပစ္စည်း မပြတ်လပ်ရေးကို ဦးစားပေးပါတယ်။ နံပါတ်၂ ဦးစား ပေးက သင့်တင့် မျှတတဲ့ဈေးနှုန်း ဖြစ်ဖို့ ဦးစားပေးပါတယ်။ ဈေးနှုန်းကြီးတယ်၊ နည်းတယ်ဆိုတာ စက်ရုံရဲ့ဈေးပေါ်လည်း မူတည်ပါတယ်။ ငွေဈေးပေါ်လည်း မူတည်ပါတယ်။ နောက်တခုက သယ်ယူပို့ဆောင်ခ လေယာဉ်စရိတ်လည်း ရှိတယ်။ နောက်ဆုံး စရိတ်တက်လာတယ်ဆိုပြီး ရေမြင့်ကြာတင့် ဖြစ်သွားမှာပါ။ ကျနော်တို့ အဓိက Focus လုပ်တာသည် ဝယ်ရင်း ဈေနဲ့ ရောင်းဈေးမှာ သင့်တင့်မျှတတဲ့ ဈေးနဲ့ ကျနော်တို့ အဓိက ဦးစားပေး လုပ်တာပါ။

မေး။ ။ ဆေးဝါးတွေကို လူတဦး၊ တယောက်ကို အကန့်အသတ်နဲ့ ရောင်းပေးဖို့ ရှိပါသလား။

ဖြေ။ ။ အဲဒါက ဆေးဆိုင် တဆိုင်ချင်းစီရဲ့ သဘောထားပါ။ ကျနော်တို့က အာဏာပိုင် အဖွဲ့အစည်း မဟုတ်ပါဘူး။ နောက် တခါ ဈေးကွက် စီးပွားရေး စနစ်မှာလည်း ဘယ်သူ့ကို ဘယ်လောက်ပဲ ရောင်းရမယ်ဆိုတဲ့ စနစ်ကတော့ ဈေးကွက် စီးပွား ရေးရဲ့ မူဝါဒ စနစ်လည်း မဟုတ်ပါဘူး။ ကျနော်တို့ကတော့ ဆေးမပြတ်လပ်ဖို့အတွက် တဦး၊ တယောက်ထဲက မလှောင် နိုင်အောင် လူများများကို ရောင်းပေးပါလို့ ပညာပေး လှုံ့ဆော်ထားပါတယ်။

သယ်ယူပို့ဆောင်ရေးခတွေ အရမ်း တက်သွားပါတယ်။ လေယာဉ်ခဆိုရင် အဆပေါင်းများစွာ တက်သွားပါတယ်။ ဒါ့အပြင် လေယာဉ်ရဲ့ ပျံသန်းမှု အစီစဉ်တွေ လျှော့ချပါတယ်။ စင်ကာပူ လေကြောင်းလိုင်းလည်း မပျံတော့ဘူး။ အဲဒီလိုင်း တော်ေ တာ်များများက မပြန်တော့ဘူး။ မြန်မာ့လေကြောင်းလိုင်းလည်း ရပ်တော့မယ်။ ဒါကြောင့် တော်တော်လေး ခက်ခဲနေတဲ့ အခြေအနေ ရှိပါတယ်။

နောက်တခု အနေနဲ့ ကျနော်တို့ တချို့ဆိုင်တွေက လုပ်တာက ခါတိုင်းဆိုရင် အကြွေးရောင်းချမှုစနစ်နဲ့ သွားတယ်။ အ ကြွေး၂ လပေးတာတို့၊ ၃ လပေးတာတို့ပေါ့။ ရောင်းပြီး ပိုက်ဆံရှင်းတို့ ဘာတို့။ အခု လက်ငင်း ရောင်းချတဲ့စနစ် လုပ်ပါ တယ်။ တချို့ဆေးရုံတွေကို ၁ ပတ်၊ ၁ ခါ မျိုး ပေးရတာမျိုးတွေ ရှိပါတယ်။ ဒီလို လုပ်လိုက်တဲ့အခါ သူတို့အနေနဲ့ အများကြီး ဝယ်မသောက်နိုင်တော့ဘူး။ တချို့လည်း အပ်ကုန်စနစ်နဲ့ ရောင်းချနေရတာကနေ လက်ငင်းစနစ်နဲ့ ပြောင်းလိုက်တဲ့အခါ သူတို့က သူတို့ ဆေးဆိုင်မှာ ရောင်းနိုင်သလောက်ပဲ ဝယ်တော့မယ်။ ပိုမဝယ်တော့ဘူး။

မေး။ ။ နှာခေါင်းစည်း (Mask) တို့ လက်သန့်ဆေးတို့ ပြည်တွင်း ထုတ်လုပ်တဲ့ အခြေအနေ ရှိပါသလား။

ဖြေ။ ။ Mask ကတော့ ပြည်တွင်း ထုတ်လုပ်မှု မရှိပါ။ လက်သန့်ဆေးမှာတော့ အနည်းအပါး ရှိပါတယ်။ အလှကုန်ပစ္စည်း အနေနဲ့ ထုတ်တဲ့သူတွေ တချို့လည်း အခုမှ စလုပ်တဲ့သူတွေ ရှိပါတယ်။ PPE ကဆိုရင်လည်း အိတ်စပို့လုပ်တဲ့ စက်ရုံ ၁ ရုံ ရှိပါတယ်။ ပြည်တွင်းရောင်းတဲ့ စက်ရုံသည် မရှိပါ။ တော်တော်များများ ဆေးဝါး၊ ဆေးပစ္စည်းတွေက ပြည်တွင်းမှာ ထုတ် လုပ်မှု နည်းပါးပါတယ်။ အဲဒါသည်လည်း အရင်ထဲက အမြဲ ရှင်းပြ ဆွေးနွေးနေတဲ့ ကြိုတင် စီမံဆောင်ရွက်ချက်တွေနဲ့ သက်ဆိုင်နေပါတယ်။

နိုင်ငံတကာမှာဆိုရင် ဆေးဝါးထုတ်လုပ်ရင် အစိုးရက သူတို့ရဲ့ ဘယ်လောက် ရာခိုင်နှုန်းကို ပြည်တွင်းက ဝယ်မယ် ဆိုတဲ့ ပေါ်လစီ ထားပါတယ်။ တချို့လည်း တင်ဒါစနစ်နဲ့ သွားပါတယ်။ ဈေးနှုန်းနဲ့ ပတ်သက်ပြီး ပွိုင့်ပေးမယ်၊ အရည်အသွေးနဲ့ ပတ် သက်ပြီး ပွိုင့်ပေးမယ်၊ ပြည်တွင်းထုတ်လုပ်မှုကို ပြည်ပက တင်သွင်းတာနဲ့ ပတ်သက်ပြီး ပွိုင့်ပေးတယ်။ ဒီလို ပွိုင့် စနစ် သွားပါတယ်။ ကျနော်တို့ နိုင်ငံမှာ အဲဒီလို ပွိုင့်စနစ်နဲ့ ပြည်တွင်း ထုတ်လုပ်မှုကို အားပေးတဲ့ စနစ်မရှိသေးပါဘူး။ နိုင်ငံတကာ ထုတ်လုပ်မှု ပေါ်လစီနဲ့ ပြည်တွင်း ထုတ်လုပ်မှုကို အားပေးတဲ့ ပေါ်လစီကတော့ ပြောတော့ပြောကြပါတယ်။ လက်တွေ့အကောင်အထည် ဖော်ခြင်းကတော့ အင်မတန် အားနည်းနေတာ တွေ့ရှိရပါတယ်။

ဒါကြောင့် တကယ် အရေးကြုံလာတဲ့အခါ ပြည်ပကိုပဲ အားကိုးနေရတာ ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံမှာ ပြည်တွင်း ထုတ် လုပ်မှုများတယ်ဆိုရင် ပြည်သူကို ကူညီတဲ့အခါ အခုထက် ပိုပြီးတော့ ကုန်ပစ္စည်းမပြတ်လပ်အောင် ထိန်းသိမ်းနိုင်မှာပါ။ ဈေးနှုန်းကိုလည်း အခုထက်ပို ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

မေး။ ။ အခု Mask တွေ ဘာတွေဆိုရင် ဈေးတင်ရောင်းနေတဲ့ ဆေးဆိုင်တွေနဲ့ ပတ်သက်ပြီး အသင်းအနေနဲ့ အကြံပေးချင် တာများ ရှိပါသေးလားရှင့်။

ဖြေ။ ။ အဓိကတော့ အခုချိန်မှာ ကမ္ဘာတခုလုံးရဲ့ အရေးပေါ်အခြေအနေပါ။ မြန်မာနိုင်ငံမှာလည်း ကပ်ရောဂါအရေးပေါ် အခြေအနေ ဖြစ်နေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဆိုရင် မည်သူမဆိုပေါ့လေ။ မိမိဝယ်လို့ရတဲ့ ဈေးနဲ့ကို သင့်လျှော်မျှတ တဲ့ အမြတ်လေးတခု ယူပြီးတော့ ပြန်ရောင်းစေချင်ပါတယ်။ ဈေးကွက်ကတော့ ဝယ်လိုအားနဲ့ ရောင်းလိုအားပါ။ စက်ရုံက အကြောင်းအမျိုးမျိုးကြောင့် သယ်ယူစရိတ် တက်လို့ ဈေးကြီးတယ်။ တင်သွင်းတဲ့သူကလည်း တင်သွင်းတဲ့ ဈေးအရ ဈေးတွေ တက်မယ်။

ဒါပေမယ့် သင့်တင်မျှတတဲ့ ပုံမှန်အမြတ်ထက် မပိုတဲ့ ပုံမှန် အမြတ်ပဲ ယူစေချင်ပါတယ်။ ဒီလိုပဲ ဆိုင်တွေမှာလည်း ဝယ်တဲ့ အခါမှာလည်း မိမိပုံမှန်ယူနေတဲ့ အမြတ်သို့မဟုတ် အဲဒီထက် နည်းတဲ့ အမြတ်ကိုပဲ ယူပြီး ရောင်းပေးပေါ့။ ကျနော်တို့ ပြည်သူ့ကျန်းမာရေး လုပ်ငန်းကို ပါဝင်ကူညီပေးခြင်းဖြင့် ကုသိုလ်ယူကြပါလို့ ပြောချင်ပါတယ်။

နောက်ထပ် မြန်မာပြည်အတွက် အကျိုးရှိမယ့် ဟာလေးတခု အကြံပြုချင်ပါတယ်။ အခု လူတိုင်းလူတိုင်း Mask တပ်ပြီး တော့ ပြောဆိုနေထိုင်သွားလာဖို့ပါ။ ဒီနေရာမှာ ဘာပြောချင်လဲဆိုတော့ အခု နှာခေါင်းစည်းတွေက ဈေးကွက်မှာရော ဆိုင်တွေမှာရော အွန်လိုင်းမှာရော ရောင်းချနေတာ ပလူပျံနေပါတယ်။ အဲဒီတော့ ဘာအရေးကြီးတာလည်း ဆိုတော့ ဈေးနှုန်းတင် မဟုတ်တော့ဘူး။ အရည်အသွေးက အရေးကြီးလာပါတယ်။

ကျနော်တို့ရဲ့ ရည်ရွယ်ချက်သည် Mask ကို တခု ၂၀၀ ကျပ်နဲ့ သော်လည်းကောင်း ၅၀၀ ကျပ်နဲ့သော်လည်း ၁၀၀၀ ကျပ်နဲ့ သော်လည်းကောင်း အမျိုးမျိုး ဈေးတက်နေကြတယ်။ အဲဒီတော့ ဈေးနှုန်းအရ ဈေးတက်တာနဲ့စာရင် ကျနော်က ရွေးချယ် ဝယ်ယူတဲ့ ပြည်သူတွေကို အသိရှိစေချင်တာက ဘယ်လို Mask မျိုး ဝယ်ယူသုံးစွဲသင့်လည်း ဆိုတာ နားလည်စေချင်တယ်။ ကျနော်တို့ တပ်ဆင်သင့်သည့် Mask က 3 Ply Mask ဆိုတဲ့ ၃ ဆင့် အဆင့်ရှိ Mask ကို တပ်သင့်ပါတယ်။ အလယ်လွှာက အရေးကြီးဆုံးပါ။ ဘာကြောင့်လည်း ဆိုတော့ ဒီ COVID-19 ကို ကာကွယ်နိုင်တာသည် အလယ်လွှာကပဲ ကာကွယ်တာပါ။ ဒါကြောင့်မို့ 2 Ply Mask ဆိုရင် အလကားပါ။

နောက်တခုက တချို့သော နှာခေါင်းစည်းတွေက အဲဒီအလယ် နေရာက ကျနော်တို့ ဆေးပညာသဘောအရ ခေါ်တဲ့ Filter နဲ့ မဟုတ်ဘဲ ရိုးရိုးသော တစ်ရှူးသား စက္ကူသားတွေ ပိတ်သားတွေ ဖြစ်တတ်ပါတယ်။ ဒါတွေ အားလုံးသည် အမှန်ပြောရင် ကာကွယ်မှု မဖြစ်ပါဘူး။ ဒါကြောင့်မို့ ဒီလို Mask မျိုး ဝယ်တပ်မိရင် ငွေသာ ဆုံးရှုံးတယ်။ ကိုယ့်အတွက် အကျိုးခံစားမှု မရှိပါ ဘူး။ ဒါကြောင့် 3 Ply Mask ကိုသာ ရှာဝယ်ပြီးတော့ တပ်ဆင်ပါ။

အဲဒီ 3 Ply Mask အမှန်က Mask ရဲ့ အလယ်နေကို ကပ်ကြေးနဲ့ ညုပ် ဆွဲထုတ်ပြီးတော့ အလွယ်ကူဆုံး ပြောရမယ်ဆိုရင် မီးရှို့ကြည့်လို့ ဒီ Mask သည် စက္ကူမီးလောင်သလို လောင်သွားရင် ဒါသည် မကောင်းဘူးလို့ ပြောလို့တဲ့ Mask ပါ။ တကယ် လို့ မီးရှို့တဲ့အခါ ပလပ်စတစ်လို မီးလောင်တာ မဟုတ်ဘဲနဲ့ ပျော်ပြီး ထွက်သွားတယ်ဆိုရင် သူက ကောင်းပါတယ်။

ဒီလို ဟာမျိုးကို ရွေးချယ်ပြီးတော့ တပ်ဆင် အသုံးပြုသင့်ပါတယ်။ တချို့ အွန်လိုင်းတွေမှာ ဈေးလည်း နည်းနည်း ပြန်သင့် လာတာကို တွေ့ရပါတယ်။ ဝမ်းသာပါတယ်။ ဒါပေမယ့် တဖက်က ဈေးတက်တာ၊ မတက်တာထက် အရည်အသွေးမှာ ခွဲခြားပြီးတော့ အာမခံချက်ရှိတဲ့ Mask မျိုးကို ရှာဖွေ ဝယ်ယူသုံးစွဲကြပါလို့ ပြောချင်ပါတယ်။

ဆက်စပ်ဖတ်ရှုရန်-

ပြည်ပလေကြောင်းလိုင်း အားလုံး မြန်မာ ဆင်းသက်ခွင့် ယာယီပိတ

နေပြည်တော်တွင် သံသယလူနာ ၃ ဦးနှင့် စောင့်ကြည့်ခံရသူ ၅၀၀ နီးပါး ရှိ

အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်ရောင်းပါက တိုင်ကြားနိုင်

Did you find apk for android? You can find new Free Android Games and apps.
Loading