Trend

COVID-19 ကူးစက်ခံရတဲ့ အသက်၉၈နှစ် ဗြိတိန်စစ်မှုထမ်းဟောင်း ပြန်လည်ကျန်းမာ

အသက် ၉၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗြိတိန်စစ်မှုထမ်းဟောင်း Douglas Moore ဟာ COVID-19 ကူး စက်ခံနေရာကနေ သက်သာပျောက်ကင်းသွားပြီဖြစ်တဲ့အတွက် ဆေးရုံကနေ ဆင်းခွင့်ရရှိသွားခဲ့ပါ ပြီ။ Wellingborough မှာနေထိုင်တဲ့ စစ်မှုထမ်းဟောင်းကြီးဟာ အဆုတ်ဝေဒနာရောဂါသည်တဦး လည်းဖြစ်ပြီး ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဆေးရုံကနေ ဆင်းချိန်မှာ သူ့ကို လက်ခုပ်တီးပြီး ချီးကျူးဂုဏ်ပြုခဲ့ ကြပါတယ်။

Douglas Moore ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်နေ့က ကိုယ်အပူချိန်မြင့်တက်လာပြီး ချောင်းဆိုးဝေဒနာ ခံစားခဲ့ရတာ ကြောင့် နေအိမ်မှာ မေ့လဲသွားခဲ့ပါတယ်။ ဒါကြောင့် သူ့ကို ဆေးရုံကားအကူအညီနဲ့ ကက်သရင်းအထွေထွေ ရောဂါကု ဆေးရုံကြီးကိုတင်ပို့ခဲ့ရပြီး COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ရောဂါပျောက်ကင်းပြီး ဆေးရုံးကဆင်းခွင့်ရခဲ့တဲ့ စစ်မှုထမ်းဟောင်းကြီးက“ကျနော်ဆေးရုံက ဆင်းခွင့်ရချိန်မှာ ဆေးရုံဝန်ထမ်းတွေက လက်ခုပ်တီးပြီးဂုဏ်ပြုခဲ့ကြတယ်။ ဒီ အခိုက်အတန့်ဟာ ကျနော့်အတွက် ခံစားမှုကောင်းတွေ ရရှိစေခဲ့တယ်” လို့ ပြောပါတယ်။

Douglas Moore ဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိန် အမှတ် ၈ တပ်မမှာ ဆက်သွယ်ရေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို အီဂျစ်စစ်မြေပြင်မှာ ရန်သူလေယာဉ်တွေ ရေယာဉ်တွေနဲ့ မိုင်းတွေကို ရေဒါအသုံးပြုပြီး ရှာဖွေနိုင်ခဲ့သူတယောက်လည်း ဖြစ်ပါတယ်။ ရန်သူ့အခြေအနေကို ရေဒါအသုံးပြုထောက်လှမ်းတဲ့စနစ် ပထမဆုံးကျင့်သုံးတဲ့ ဆက်သွယ်ရေးတပ်သားတွေထဲက တဦး အဖြစ် မှတ်တမ်းဝင်ခဲ့သူလည်းဖြစ်ပါတယ်။

ဆေးရုံကဆင်းခွင့်ရချိန်မှာ သူက ကက်သရင်းအထွေထွေရောဂါကု ဆေးရုံဝန်ထမ်းတွေ ကိုလည်း ကျေးဇူးတင်စကားပြောခဲ့ပါတယ်။

သူနဲ့အတူနေထိုင်တဲ့ သမီးဖြစ်သူ မာဂရက်က“အဖေ ကိုယ်အပူချိန်မြင့်တက်ပြီး ချောင်းဆိုးနေသလို မေ့လဲသွားခဲ့လို့ ဆေးရုံအရေးပေါ်ကားတစီး ခေါ်ခဲ့ရတယ်။ ကံကောင်းလို့ သူမေ့လဲချိန်မှာ ဆိုးဆိုးရွားရွားထိခိုက်တာမျိုး မရှိခဲ့ဘူး။ ဒါပေမယ့် သူ့ မှာ COVID-19 ကူးစက်ခံထားရကြောင်းသိရှိခဲ့လို့ဆေးရုံတင်ခဲ့ရပါတယ်”

“အခုတော့ သူအိမ်ပြန်လာ နိုင်တဲ့အထိ ရောဂါပျောက်ကင်းသွားပါပြီ။ အဖေက အဆုတ်ရောဂါကို ကာလရှည်ကြာခံစားနေရသူ ပါ။ အခုတော့ အိမ်ကပန်းခြံထဲမှာထိုင်ပြီး ကမ္ဘာကြီးကို ကြည့်ရှုနိုင်ပါပြီ။ သူက သဘာဝအလှတွေကို ကြည့်ရတာ နှစ်သက်သူ တယောက်ပါ”လို့ ပြောခဲ့ပါတယ်။

သူနာပြုဆရာမလူစီကလည်း“မစ္စတာမိုးနဲ့အတူ ကျမတို့အားလုံးပျော်ရွှင်ခဲ့ရပါတယ်။ သူ့ကိုကြည့်ရတာ လူကောင်း တယောက်လို့ ဖြစ်နေလို့ပျော်ရွှင်မိပါတယ်။ ဆေးရုံကဆင်းပြီး အိမ်ပြန်ရတော့မယ့်သူ့ကို ဆေးရုံကားကလာခေါ် ချိန်မှာ ကျမတို့ဆေးရုံဝန်ထမ်းတွေအားလုံး လက်ခုပ်တီးပြီး ဂုဏ်ပြုခဲ့ကြပါတယ်။ ကျမတို့က သူ့ကို ခံစားကောင်းတွေ ပေးချင်ခဲ့တာပါ”လို့ ပြောခဲ့ပါတယ်။

Ref:BBC

You may also like these stories:

သြစတြေးလျ တောမီးတုန်းက ကယ်ဆယ်ထားခဲ့တဲ့ ကိုအာလာများကို ပြန်လွှတ်ပေး

အမေရိကန်မှာ လုပ်ငန်း ပြန်လည်ပတ်မှုကြောင့် ပြည်သူနဲ့ အစိုးရကြား သဘောထား ကွဲလွဲ

Loading