ဆွစ်ဇာလန်နိုင်ငံက ရထားပေါ်မှာ ရွှေချောင်းတွေ အပြည့်ထည့်ထားတဲ့ ပုံးတပုံးကို တွေ့ရှိခဲ့တာကြောင့် တာဝန်ရှိသူတွေက ပိုင်ရှင်ကို ရှာဖွေနေပါတယ်။ အမေရိကန်ဒေါ်လာ ၁ သိန်း ၉ သောင်းကျော် တန်ဖိုးရှိတဲ့ ရွှေချောင်းအပြည့်ထည့်ထားတဲ့ ပုံးကို အရေးတကြီး မေ့ကျန်ခဲ့တဲ့ ပိုင်ရှင်ကို စုံစမ်းနေကြတာပါ။
ဆွစ်ဇာလန်နိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေး Swiss Federal Railways (SBS) ရထားပေါ်က တွဲထဲမှာ ရွှေချောင်း အပြည့်ထည့်ထားတဲ့ ပါဆယ်ပုံးကို တွေ့ရှိခဲ့ကြပါတယ်။ ဆွစ်ဇာလန်နိုင်ငံ အရှေ့မြောက်ပိုင်း St.Gallen ကနေ Lucerne ကို ပြေးဆွဲနေတဲ့ ရထားတွဲပေါ်မှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတုန်းက တွေ့ရှိခဲ့ကြတာလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
အဆိုပါ တန်ဖိုးကြီး ပါဆယ်ပုံးရဲ့ ပိုင်ရှင်ကို ခြေရာခံဖို့အတွက် ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးခဲ့ပေမယ့် အခုချိန်ထိ ဘာသဲလွန်စမှ မရသေးဘူးလို့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်ကို အစိုးရသတင်းစာဖြစ်တဲ့ Lucerne Canton gazette မှာ ဖော်ပြထားပါတယ်။
ဆွစ်ဖရန့်ငွေ ၁၈၂,၀၀၀ ကျော် (အမေရိကန်ဒေါ်လာ ၁၉၁,၀၀၀) တန်ဖိုးရှိတဲ့ ရွှေချောင်းတွေရဲ့ ပိုင်ရှင်ကို အစိုးရဘက်က လိုက်လံစုံစမ်းလို့ မရတာကြောင့် အဆိုပါ ပစ္စည်းတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ဟာ ၂၀၁၉ ခုနှစ်တည်းက ဆိုပေမယ့် ဆွစ်ဇာလန်အစိုးရ တာဝန်ရှိသူတွေကတော့ အဆိုပါကိစ္စကို အခုမှ ဖော်ထုတ်ပြောကြားလာခဲ့တာပါ။ ဒါ့အပြင် တာဝန်ရှိသူတွေဘက်က တန်ဖိုးကြီး ရွှေချောင်းတွေရဲ့ပိုင်ရှင်ကို ပြန်လည် ရှာဖွေချင်တာကြောင့် အများပြည်သူတွေ သိရှိအောင် ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ပိုင်ရှင် စစ်မှန်တယ်ဆိုရင် လာရောက် အကြောင်းကြားနိုင်ပြီး နောက်ထပ် ၅ နှစ်အတွင်း ပိုင်ဆိုင်ကြောင်း ပြနိုင်ရင် လာရောက် ထုတ်ယူနိုင်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
စုံစမ်းစစ်ဆေးရေးရုံးက ပြောရေးဆိုခွင့်ရှိသူကတော့ တရားဝင် ထုတ်ဖော် ပြောကြားလိုက်ချိန်ကစလို့ ပိုင်ရှင်ဖြစ်ကြောင်း လာရောက် ပြောဆိုသူတွေ အများအပြားရှိခဲ့ပြီး စစ်မှန်ကြောင်း အတည်ပြုနေဆဲဖြစ်တယ်လို့ ဆိုပေမယ့် ဘယ်လို အချက်အလက်တွေကို အဓိကထား စုံးစမ်းကြောင်းကိုတော့ အသေးစိတ် ပြောကြားသွားခဲ့ခြင်း မရှိပါဘူး။
Ref: edition.cnn
You may also like these stories:
COVID-19 နဲ့အတူ ကြီးထွားလာတဲ့ ကလေးအလုပ်သမား ပြဿနာ
ထိုင်းမှာ “ညမထွက်ရအမိန့်” ရုတ်သိမ်း