၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးလုပ်သား ၉၀၀ နီးပါးကို စစ်ကောင်စီက ဖမ်းခဲ့ကြောင်း ဆွစ်ဇာလန် အခြေစိုက် သုတေသနလုပ်ငန်း Insecurity Insight က ဖော်ပြသည်။
မြန်မာတွင် ကျန်းမာရေးဝန်ထမ်းများကို စစ်ကောင်စီက အကြမ်းဖက်မှု သို့မဟုတ် ဟန့်တားနှောင့်ယှက်မှု ၁,၁၂၇ ခု ဖြစ်ပွားခဲ့ကြောင်း အထက်ပါ အဖွဲ့အစည်းက ပြောသည်။
ကျန်းမာရေး ဝန်ထမ်းများသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီး နှစ်ရက်အကြာတွင် လူထုအာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) စတင်ခဲ့သူများ ဖြစ်သည်။
အာဏာသိမ်းပြီး လများတွင် ကျန်းမာရေးဝန်ထမ်းများကို CDM တွင် ပါဝင်ခြင်း သို့မဟုတ် စစ်ကောင်စီ ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများကို ဆေးကုသပေးခြင်းကြောင့် ဖမ်းသည်ဟု Insecurity Insight က ဖော်ပြသည်။
ဖြစ်ရပ်ပေါင်း ၃၀၂ ခုတွင် ကျန်းမာရေးဝန်ထမ်း အနည်းဆုံး ၈၉၇ ဦး အဖမ်းခံရပြီး အဖမ်းခံရစဉ်အတွင်း မကြာခဏ ရိုက်နှက်ခံရသည်။
ကျန်းမာရေး လုပ်သားများကို ထောင် သုံးနှစ်မှ ၂၅ အတွင်း ထောင်ချပြီး အများအပြားသည် ညှဉ်းပန်း နှိပ်စက်ခံရကာ အသတ်ခံရသူ အနည်းဆုံး ငါးဦး ရှိသည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
CDM ကျန်းမာရေးဝန်ထမ်းများ၏ အဆိုအရ ကျန်းမာရေးလုပ်သား ၉၀ ခန့်သည် စစ်ကောင်စီ၏ စီးနင်းတိုက်ခိုက် အကြမ်းဖက်မှုများတွင် သေဆုံးသည်။
ဆေးခန်းများကို စစ်ကောင်စီစစ်သားများက မကြာခဏ ဝင်ရောက်စီးနင်းပြီး CDM ကျန်းမာရေးဝန်ထမ်းများ သို့မဟုတ် ဒဏ်ရာရသည့် ဆန္ဒပြသူများနှင့် လူနာများကို ဝင်ရောက်ရှာဖွေသောကြောင့် အဖမ်းခံရမည့် သို့မဟုတ် အတင်းအကျပ် ဆေးရုံဆင်းခိုင်းသည့် အန္တရာယ်ရှိနေသည်ဟု အထက်ပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
“စစ်ကောင်စီက ကျန်းမာရေး ဝန်ထမ်းတွေကို အကြီးအကျယ် ဖိနှိပ်တယ်။ CDM လှုပ်ရှားမှုကို ကျန်းမာရေး လုပ်ငန်းက စတင်ခဲ့ပြီး အခြားကဏ္ဍတွေက လိုက်ပါ လုပ်ဆောင်ကြတယ်။ ဒါကြောင့်မို့ ကျန်းမာရေး ဝန်ထမ်းတွေကို သူတို့ မုန်းတာလို့ ထင်တယ်” ဟု CDM ဆရာဝန် ဒေါက်တာ သူရက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
“ကျန်းမာရေးကဏ္ဍကို ဖိနှိပ်တယ်ဆိုတာ ကျန်းမာရေးလုပ်ငန်းကို ဖျက်ဆီးတာပဲ။ လူနာတွေကို ထိခိုက် နစ်နာစေတယ်။ ဆရာဝန်တွေ၊ သူနာပြုတွေက သူတို့ ညွှန်ကြားချက်အောက်မှာ အလုပ် မလုပ်ချင်ဘူး။ ကျနော်တို့ အသက် မကယ်နိုင်အောင် သူတို့ တားဆီးတယ်။ သူတို့က CDM ကျန်းမာရေး ဝန်ထမ်းတွေကိုသာမက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း ဖိနှိပ်တယ်” ဟု ၎င်းက ဆက်ပြောသည်။
၂၀၂၂ ခုနှစ် နှောင်းပိုင်းမှ စတင်ပြီး တော်လှန်ရေး အမာခံဒေသများတွင် ကျန်းမာရေးဌာန အနည်းဆုံး ၄၉ ခုကို လေကြောင်းမှ တိုက်ခိုက်ပြီး ဆေးခန်းများ၊ ဆေးရုံများ၊ ဆေးတိုက်များနှင့် ကျေးလက် ကျန်းမာရေး ဌာနများကို ပျက်စီးစေကာ ကျန်းမာရေးဝန်ထမ်းများ သေဆုံး သို့မဟုတ် ဒဏ်ရာရစေကြောင်း Insecurity Insight က ဖော်ပြသည်။
အများအားဖြင့် စစ်ကိုင်းတိုင်းမှ ဖြစ်သော ကျန်းမာရေးနှင့်ဆိုင်သည့်ဌာန အနည်းဆုံး ၂၅ ခုကို စစ်ကောင်စီတပ်များ သိမ်းပိုက်ထားပြီး တော်လှန်ရေး ဒရုန်းတပ်များက အကြိမ်ကြိမ် ပစ်မှတ်ထား ဗုံးချခံရကြောင်း သိရသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Swiss Report: 900 Myanmar Medics Detained Since 2021 Coup ကို ဘာသာပြန်သည်။)
သတင်း အဖျောက်ခံထားရတဲ့ ဖမ်းဆီးခံ အမျိုးသမီးဆေးတပ်သားများ (ရုပ်/သံ)
မြန်မာ့နွေဦး တော်လှန်ရေးထဲက အသက်ကယ် လက်များ
စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင် ရွှေမန်းသူလေး
တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်
မင်းတပ်၌ ကျောင်း၊ ဆေးရုံဆေးခန်းနှင့် ဌာဆိုင်ရာရုံးများ စစ်ကောင်စီ ပိတ်ထား