မကြာသေးခင် ရက်ပိုင်းလောက်ကပဲ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ မိုးကြိုးပစ်ခံရလို့ လူ ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ အိန္ဒိယအစိုးရက အတည်ပြု ပြောကြားခဲ့ပါတယ်။
ဘီဟာပြည်နယ်မှာ မိုးကြိုးပစ်ခံရလို့ လူပေါင်း ၈၃ ယောက် သေဆုံးခဲ့ပြီး ကျန် လူ၂၀ ကတော့ ဆေးရုံမှာ ဆေးကုသမှုခံယူ နေရပါတယ်။ နောက်ထပ် ပြည်နယ်ဖြစ်တဲ့ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်မှာလည်း မိုးကြိုးပစ်ခံရတာကြောင့် အနည်းဆုံး လူ ၂၀ ဦး သေဆုံးခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ မိုးရာသီ ရောက်လာတာနဲ့ မိုးသည်းထန်စွာ ရွာသွန်းလေ့ရှိပြီး မိုးကြိုးပစ်လေ့ ရှိပါတယ်။ မိုးကြိုးမုန်တိုင်းတွေကြောင့် သစ်ပင်တွေနဲ့ အဆောက်အအုံတွေ ပျက်စီးလေ့ရှိပါတယ်။ မိုးကြိုးကြောင့် လူသေဆုံးမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ပြည်သူတွေ နိုးနိုးကြားကြားနေကြဖို့နဲ့ နေအိမ်အတွင်းမှာသာနေထိုင်ကြဖို့ အိန္ဒိယအာဏာပိုင်တွေက သတိပေးထားပါတယ်။
မိုးလေဝသ ပညာရှင်တွေကလည်း ရာသီဥတု ပိုမို ဆိုးဝါးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီကလည်း သေဆုံးသွားသူတွေအတွက် ဝမ်းနည်းစကား ပြောခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
ဘီဟာပြည်နယ်က သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဝန်ကြီး Lakshmeshwar Rai ကလည်း မိုးကြိုးမှတ်တမ်းတွေအရ လူသေဆုံးမှု အများဆုံးဖြစ်ပြီး သေဆုံးသူ တဝက်လောက်က ပြည်နယ်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းခရိုင်တွေက ဖြစ်ကြတယ်လို့ ပြောပါတယ်။ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်မှာ သေဆုံးသူအများစုကတော့ နီပေါနယ်စပ်က Deoria ခရိုင်နဲ့ Prayagraj မြို့က ဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၈ ခုနှစ်က အိန္ဒိယနိုင်ငံမှာ မိုးကြိုးပစ်ခံရလို့ လူပေါင်း ၂၃၀၀ ဦး သေဆုံးခဲ့ပါတယ်။ မှတ်တမ်းတွေ အရ ၂၀၀၅ ခုနှစ်ကစပြီး မိုးကြိုးပစ်ခံရတာကြောင့် အိန္ဒိယမှာ အနည်းဆုံး လူ အယောက်၂၀၀၀ နှစ်စဉ် သေဆုံးနေရပါတယ်။ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မိုးကြိုးကြောင့် အိန္ဒိယမှာ လူများစွာ သေဆုံးနေရတဲ့ အကြောင်းဟာ အပြင်ထွက်ပြီး အလုပ်လုပ်နေရသူ အရေအတွက် များပြားတာကြောင့်ပါ။
၂၀၁၈ ခုနှစ်မှာတော့ အိန္ဒိယတောင်ပိုင်းပြည်နယ်ဖြစ်တဲ့ အန်ဒရာပရာဒေ့ရှ်ပြည်နယ်မှာ ၁၃ နာရီအတွင်း မိုးကြိုးပစ်ခတ်မှုပေါင်း ၃၆,၇၄၉ ကြိမ်အထိ ရှိခဲ့ပါတယ်။
Ref. BBC
You may also like these stories:
မိုးကြိုးပစ်လို့ ဇွန်လ ပထမပတ်ထိ ၆၂ ဦး သေဆုံး
မြိတ် လေတပ်စခန်းဌာနချုပ် ဘောလုံးပွဲ မိုးကြိုးထိမှန် ၅ ဦးသေဆုံး