သတင်းတို

မြိတ် လေတပ်စခန်းဌာနချုပ် ဘောလုံးပွဲ မိုးကြိုးထိမှန် ၅ ဦးသေဆုံး

တနသာၤရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ မြိတ်လေတပ်စခန်းဌာနချုပ်တွင် ဇွန်လ ၃ ရက်နေ့ ညနေ ၅ နာရီခန့်ကတပ်တွင်း ဖူဆယ်ဘောလုံးပွဲကို ကြည့်ရှူနေစဉ် မိုးကြိုးပစ်ခံရပြီး ၅ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက “သေသွားတာက အမျိုးသမီး ၄ ယောက်၊ ကလေး ၁ ယောက်ပါ။ ဒဏ်ရာရတဲ့သူတွေက ဆေးရုံမှာ” ဟု မြိတ်လေတပ်စခန်းဌာနချုပ်တွင် မိုးကြိုးပစ်ခံရသည့် ဖြစ်စဉ်ကို ပြောပြသည်။

ယင်းနေ့ တရက်တည်းတွင်ပင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်တွင်လည်း မိုးကြိုးပစ်ခံရမှုကြောင့် အမျိုးသမီးတဦးနှင့် ကလေးငယ်တဦး သေဆုံးခဲ့သဖြင့် တရက်တည်း မိုးကြိုးပစ်ခံရ၍ သေဆုံးသူ စုစုပေါင်း ၇ ဦး ဖြစ်သွားကြောင်း  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။

မိုးကြိုနှင့် မုတ်သုံအဝင်ကာလ ဧပြီ၊ မေ၊ ဇွန်နှင့် မုတ်သုံ ပြန်ထွက်သည့် စက်တင်ဘာ၊ အောက်တိုဘာကာလ များသည် မိုးကြိုးပစ်သည့် ဖြစ်စဉ် အများဆုံးဖြစ်လေ့ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

ဦးကျော်မိုးဦးက “ဒီရာသီက လေထုမတည်ငြိမ်မှုတွေ ဖြစ်တဲ့အခါ မိုးတိမ်တောင်တွေ ဖြစ်လာတယ်။ မိုးတိမ်တောင်တွေ ကနေ မိုးကြိုးပစ်တယ်။ လျှပ်စီးလက်တယ်။ မိုးသီးကြွေကျတာတွေ ဖြစ်လာတာပေါ့”ဟု ဆိုသည်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန စာရင်းများအရ တနိုင်ငံလုံးတွင် ဧပြီလ ၉ ရက်နေ့မှ မေလ ၂ ရက်နေ့အတွင်း လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးမှု ၁၀၀၀ ဝန်းကျင်၊ တစိတ်တပိုင်း ပြိုကျပျက်စီးမှုမှာ ၁၃၀၀၀ ခန့်ရှိကြောင်း၊ ဘာသာရေးအဆောက်အဦ တစိတ်တပိုင်း ပျက်စီးမှုမှာ ၂၅၀ ခန့်ရှိကြောင်း သိရသည်။

အဆိုပါကာလအတွင်း လေပြင်းတိုက်ခတ်မှုများကြောင့် သေဆုံးသူမှာ ၁၀ ဦးခန့်ရှိပြီး ဒဏ်ရာရရှိသူမှာ ၂၈ ဦး ရှိခဲ့ကြောင်း သိရသည်။ ပျက်စီး ဆုံးရှုံးမှုများနှင့် သေဆုံးဒဏ်ရာရရှိမှုများအတွက် အတွက် ကျပ်ငွေ ၈၅၂ သန်းကျော်ဖိုးခန့် ထောက်ပံ့ခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန မှ သိရသည်။

You may also like these stories:

ဧရာဝတီတိုင်း၌ တလကျော် အတွင်း မိုးကြိုးပစ်ခံရ၍ ၁၅ ဦး သေဆုံး

 

Loading