အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုကြောင့် ထိုင်းနိုင်ငံတွင် လာရောက်လုပ်ကိုင်နေသော မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား ၄ သန်းခန့်ရှိတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းများကပြောပါတယ်။
ထိုရွှေ့ပြောင်းအလုပ်သအမားများထဲမှ ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဖန်ငခရိုင်ရှိ ငါးဖမ်းစက်လှေများ၊ ဆီအုန်းခြံများ၊ ရာဘာခြံများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ ခရီးသွားလုပ်ငန်းများမှာလုပ်ကိုင်ကြသူများနှင့် အထွေထွေလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြပါတယ်။
ထို့အတူ မဟာချိုင်ဒေသတွင်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုဟာ ငါးသေတ္တာစက်ရုံနှင့် အခြားစက်ရုံအလုပ်ရုံများမှာ လုပ်ကိုင်လျက်ရှိကြပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်ရှိ ရွှေ့ပြောင်းအလုပ်သမားများရဲ့ ကလေးငယ် မြန်မာကျောင်းသား ၃၀၀ ကျော် ပညာသင်ကြားလျက်ရှိတဲ့ ကျောင်းတစ်ကျောင်းကို ဖွင့်လှစ်ထားပါတယ်။
အဆိုပါကျောင်းကို ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းလုပ်သားများ၏ ကလေးငယ်များအတွက် ပညာသင်ကြားနိုင်ရန် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)၏ စီစဉ်မှုဖြင့်ဖွင့်လှစ်ထားခြင်းြဖစ်ပြီး မြန်မာသင်ရိုး မူကြိုမှ အဋ္ဌမတန်း အထိသင်ကြားနိုင်ပြီး အများစုမှာ မိဘများရွှေ့ပြောင်းသွားလာ လုပ်ကိုင်နေရသဖြင့် အတန်းကြီးလာလေ လူဦးရေ အရေအတွက် နည်းပါးသွားတယ်လို့ အဆိုပါကျောင်းမှ တာဝန်ရှိသူကဆိုပါတယ်။
အဆိုပါကျောင်းမှ တဆင့် ထိုင်းနိုင်ငံကျောင်းများသို့ တက်ရောက်နိုင်သလို မြန်မာနိုင်ငံသို့ ပြန်လည် တက်ရောက်ရန်နှင့် ကျောင်းပြင်ပ ပညာရေးစနစ်ဖြင့် သင်ကြားမှုများကို လည်းကောင်း ကူညီပံ့ပိုးပေးနေသည့်နေရာလည်းြဖစ်ပါတယ်။
ကလေးငယ်များအား ကျောင်းမှ ကြိုပို့ယာဉ်များ စီစဉ်ပေးပြီး အချို့မိဘများမှလည်း ကိုယ်တိုင် ကလေးငယ်များအား စာသင်ကျောင်းသို့ လာရောက်ပို့ဆောင်ကြတာကိုလည်းတွေ့ရပါတယ်။
အဆိုပါကျောင်းကို ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားများနှင့် ပညာသင်ကြားနေသော ကလေးငယ်များမှ အဖေ့ကျောင်းဟု တင်စားခေါ်ဝေါ်ကြပြီး မိဘများလုပ်ငန်းခွင်ဝင်ချိန်တွင် စိတ်ချစွာ ပညာသင်ကြားနိုင်သဖြင့် ရွှေ့ပြောင်းအလုပ်သမားများ၏ အားကိုးရာ နေရာတခုလည်းဖြစ်ပါတယ်။