ထိုင်းနိုင်ငံနှင့် ကမာ္ဘတဝန်း စီးပွားရေးကျဆင်းခြင်းနှင့်အတူ စီးပွားရေးလုပ်ငန်းများနှင့် စက်ရုံများပိတ်ခဲ့ကြရပြီး ရွှေ့ပြောင်းအလုပ်သမားများသည် ဝန်ထမ်းအင်အား လျှော့ချသည့် အချိန်တွင် ပထမဆုံး ဖယ်ရှားခံရသူများ ဖြစ်ခဲ့ကြရသည်။ ထိုင်းနိုင်ငံက ၎င်း၏ သမိုင်းကြောင်းတွင် အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှုထဲသို့ ရောက်ရှိနေသည့် အချိန်၌ ပုံမှန်အားဖြင့် နေ့စားလုပ်အားခဖြင့် အလုပ်လုပ်နေရသော ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် ခက်ခဲသော အချိန်များနှင့် ရင်ဆိုင်နေကြရသည်။
COVID-19 ဖြစ်ပွားမှုကို ထိန်းချုပ်ရန် ထိုင်းနိုင်ငံက မတ်လနှောင်းပိုင်းတွင် အရေးပေါ်အမိန့်တခုကို ထုတ်ပြန်ခဲ့ပြီးနောက် ၎င်း၏ နယ်စပ်များကို ပိတ်လိုက်ခြင်းကြောင့် သန်းနှင့်ချီသော ရွှေ့ပြောင်းအလုပ်သမားများမှာ ထိုင်း နိုင်ငံ အတွင်း သောင်တင်နေခဲ့ကြရသည်။ အချို့အလုပ်သမားများက နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်သွားနိုင်ခဲ့ကြသော်လည်း အများစုက ထိုင်းနိုင်ငံတွင် အလုပ်မရှိဘဲ ပိတ်မိနေပြီး ကျန်ရစ်နေဆဲ ဖြစ်သည်။ သူတို့ကို ကူညီရေးတွင်လည်း ရွေးချယ်စရာက အနည်းငယ်သာရှိသည်။ ၎င်းတို့ထဲတွင် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မြန်မာရွှေ့ ပြောင်း အလုပ်သမားများလည်း အပါအဝင် ဖြစ်သည်။
အဆိုပါ အလုပ်သမားများ အနေဖြင့် ဒေသခံ ဘာသာစကား အခက်အခဲများကို ကျော်လွှားရေး စိန်ခေါ်မှုနှင့်လည်း ရင်ဆိုင်ခဲ့ကြရသည်။ အများစုမှာ အသုံးဝင်မည့် သတင်းအချက်အလက်များနှင့် လမ်းညွှန်မှု သို့မဟုတ် အထောက်အပံ့ ရယူရန် နည်းပညာနှင့် ကွန်ပျူတာ စွမ်းရည် မရှိကြပါ။ ကိုရိုနာဗိုင်းရပ် အကျပ်အတည်း တလျှောက် အများကို ကူညီရန် ရည်ရွယ်ထားကြသူများ အပါအဝင် အစိုးရ၏ လူမှုဖူလုံရေးအစီအစဉ်များကို ရရှိနိုင်ရန် အခွင့်အရေးများက သူတို့တွင် အကန့်အသတ် ဖြင့်သာ ရှိခဲ့သည်။ သူတို့၏ ဘဝများက မသေချာ မရေရာမှုများ အပေါ်တွင် မူတည် နေရသည်။
တာ့ခ်ခရိုင်ရှိ ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် ကျေးရွာများက ပိတ်ဆို့မှုအတွင်းသို့ ရောက်ရှိသွားခဲ့သည်။ အကျပ်အတည်းကြောင့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများသည် သူတို့၏ လယ်ယာများကို စွန့်ခွာခဲ့ကြရပြီး စားနပ်ရိက္ခာ ဝေငှမှုအပေါ်တွင် ကြီးလေးစွာ မှီခိုလာခဲ့ကြရသည်။ ဝေငှပေးသည့် ဆန်ပမာဏက ၃ ရက် ဝန်းကျင်သာ ခံပြီး စားသောက်ရန် မလုံလောက်ဟု သူတို့က ပြောသည်။
“ရွာသားတွေက ဆန်အိတ်တွေ အကြွေးနဲ့ ဝယ်ဖို့ လာကြတာ ၅ ကြိမ်တောင် ရှိပြီ။ အဲဒါက အရစ်ကျ ပြန်ဆပ်ဖို့ သူတို့အတွက် အနည်းဆုံး တနှစ်လောက်ကြာလိမ့်မယ်” ဟု အသက် ၂၆ နှစ် အရွယ် ရွှေ့ပြောင်းအလုပ်သမား တဦး ဖြစ်သည့် မချိုဇင်ဝင်း ကပြောသည်။
ချင်းမိုင်မြို့တွင်လည်း ပိတ်ဆို့ ကန့်သတ်မှုများပြုလုပ်ထားစဉ်အတွင်း ဝေငှသည့် အစားအစာများကို ရယူရန် တန်းစီနေသည့် ဒေသခံများနှင့် ရွှေ့ပြောင်းအလုပ်သမားများ ရောနှောနေသော လူများက ပုံမှန်မြင်တွေ့နေရသည့် မြင်ကွင်းတခု ဖြစ်ခဲ့သည်။
ချင်းမိုင်ရှိ ဆောက်လုပ်ရေး စခန်းများထဲမှ တခုသို့ သွားရောက်သည့်အခါ စီးပွားရေး လုပ်ငန်းများ ပိတ်ခြင်းကြောင့် ဆောက်လုပ်ရေးလုပ်သားများ၏ ဇနီးများသည် ဟိုတယ်များတွင် သန့်ရှင်းရေးနှင့် အိမ်ဖော်များအဖြစ် ဝင်ရောက် လုပ်ကိုင်နေကြသည့် သူတို့၏ အလုပ်များ ဆုံးရှုံးခဲ့ကြရပြီး သူတို့၏ ခင်ပွန်း အချို့သာ အလုပ်သမားအဖြစ် ငှားရမ်းခြင်း ခံရကြောင်း တွေ့ခဲ့ရသည်။ အချို့မိသားစုများ၏ လက်တွင် ထိုင်းငွေ ဘတ် ၁၀၀၀ (မြန်မာကျပ်ငွေ ၄ သောင်း ၃ ထောင်ကျော်) ပင် မကျန်တော့သော်လည်း ကုန်ကျစရိတ်များနှင့် အကြွေးများ၏ ဝန်ထုပ်ဝန်ပိုးကို တောင့်ခံနေကြရဆဲဖြစ်သည်။
ခမ်းခန်ဝုံအောင်း Kham Kheng Wong-Ong သည် ချင်းမိုင်မြို့တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသည့် ရှမ်းပြည်နယ်မှ အသက် ၂၇ နှစ် အ ရွယ် ရွှေ့ပြောင်းလုပ်သားတဦး ဖြစ်ပါသည်။ “ကျမရဲ့ အလုပ်က ပိတ်လိုက်တာကြောင့် ကျမမှာ ပိုက်ဆံ များများစားစား မကျန်တော့ဘူး။ ဘယ်မှာ အလုပ်ရှာရမှန်းလည်း မသိဘူး။ ကျမက ၄ နှစ် အရွယ် ကျမ သားနဲ့ အတူ ဆောက်လုပ်ရေး တန်းလျား တခုမှာ နေပါတယ်။ ကျမခင်ပွန်းက နေ့စား ဆောက်လုပ်ရေး အလုပ်သမား တယောက်ပါ။ သူ ဘယ်တော့ အလုပ်ပြုတ်မယ်ဆိုတာကိုလည်း ကျမတို့ မသိပါဘူး။ လျှပ်စစ်မီးဖိုး၊ ကျောင်းစရိတ်၊ အစားအသောက်နဲ့ ဆေးဝါး စတဲ့ ကုန်ကျစရိတ်တွေ အားလုံးက ကျမတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေရပါတယ် ” ဟု သူက မျက်ရည်ကျရင်း ပြောသည်။
ဇူလိုင်လတွင် စီးပွားရေးလုပ်ငန်းများအပေါ် ကန့်သတ်မှုများ ရုပ်သိမ်းခဲ့ပြီး စီးပွားရေးလုပ်ငန်း အများစုကို ပြန်လည် ဖွင့်လှစ်ခဲ့ပါသည်။ သို့သော် ကပ်ရောဂါ အကျပ်အတည်းကြောင့် စီးပွားရေးပြိုလဲရခြင်းနှင့် အတူ စီးပွားရေးလုပ်ငန်းများက သူတို့၏ အလုပ်သမားများကို ပြန်လည် မခေါ်ယူနိုင်သေးပါ။ ထိုင်းနိုင်ငံ အတွင်းမှ သိန်း နှင့်ချီသော (ပို၍လည်း များနိုင်ပါသည်) ရွှေ့ပြောင်းအလုပ်သမားများမှာ အလုပ်လက်မဲ့ ဖြစ်နေကြဆဲဖြစ်ပြီး အများစုမှာ စီးပွားရေး၏ “ပုံမှန် အခြေအနေသစ် (new normal ) ” နှင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်ခြင်း မရှိကြသေးပါ။
You may also like these stories:
မလေးရှားမှာ ဒုက္ခရောက်နေသူတွေကို ပူးပေါင်းကယ်ဆယ်လို့ မရဘူးလား
အသေးစားငွေချေးလုပ်ငန်းက လူထု အသက်ရှူချောင်ဖို့လား၊ အသက်ရှူကျပ်ဖို့လား၊
ပြည်ပ အမှာမရှိ၍ အထည်ချုပ်လုပ်ငန်းများ လည်ပတ်ရန် ခက်ခဲလာ