သတင်း

မလေးရှားတွင် ဓားထိုးတိုက်ခိုက် ခံခဲ့ရသူ ရန်ကုန်ပြန်ရောက်၊ ဆေးကုသမှုခံယူနေ

This article has been converted from Zawgyi One to Unicode

မလေးရှားနိုင်ငံ ဆာလာရန်း ဒေသတွင် မေ ၃၀ ရက် ညနေပိုင်းက ဓားထိုး တိုက်ခိုက်ခံခဲ့ရသည့် မြန်မာနိုင်ငံသား ကိုထွန်းမော်သိန်းသည် ယမန်နေ့ ညနေပိုင်းက ဧရာဝတီ ဖောင်ဒေးရှင်း၏ အစီအစဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ဓားထိုးခံရမှုကြောင့် ခါးနှင့် ညာဘက်နံရိုးတွင် ဒဏ်ရာများရရှိခဲ့ကာ မလေးဆေးရုံကြီးတွင် ၁၁ ရက်ကြာ တက်ရောက်ခဲ့ရပြီး ရန်ကုန်သို့ ပြန်ရောက်ရောက်ချင်းမှာပင် ဝိတိုရိယ ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံနေရကြောင်း သိရသည်။

“ဒီအဖြစ်အပျက်တွေနဲ့ ပတ်သတ်ပြီး ဘာမှ ပြောချင်စိတ် မရှိပါဘူး။ ရှေးကုသိုလ်လို့ပဲ သဘောထားတယ်။ မလေးရှားကို ထပ်သွားဖို့တော့ မစဉ်းစားတော့ဘူး။ သွားမယ့် သူတွေ ရှိရင်လည်း မသွားစေချင်ဘူး။ ကျနော်တို့လို ဒုက္ခရောက်မှာ စိုးတယ်။ ကိုယ့်အစိုးရက မကာကွယ်နိုင်ဘူး ဆိုတာထက် သူများနိုင်ငံက သူများနိုင်ငံပဲ၊ သူတို့ ဥပဒေပဲ ရှိတယ်” ဟု ကိုထွန်းမော်သိန်းက ဧရာဝတီကို ပြောသည်။

ကိုထွန်းမော်သိန်းသည် ကျောက်ပန်းတောင်းမြို့နယ် ဘိုကုန်းရွာ ဇာတိဖြစ်ပြီး မေ ၃၀ ရက်နေ့က မလေးရှားနိုင်ငံ ဆာလာရန်း ဒေသရှိ ၎င်းအလုပ်လုပ်ရာ NSK ကုန်တိုက်မှ အပြန်တွင် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

မလေးရှား နိုင်ငံရှိ အကြမ်းဖက်မှုကြောင့် ဒဏ်ရာရရှိသူများနှင့် အကြမ်းဖက်မှု ဖြစ်ပွားရာ ဒေသတွင် နေထိုင်သူ မြန်မာများ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရန် Max Myanmar ဦးဇော်ဇော်၏ ဧရာဝတီ ဖောင်ဒေးရှင်းမှ ကူညီလျှက်ရှိရာ ဇွန် ၁၇ ရက်က ကိုထွန်းမော်သိန်း အပါအဝင် ဆာလာရန်း ဒေသမှ အလုပ်သမား ၁၇ ဦးနှင့် တခြားဒေသများမှ အလုပ်သမား ၈ ဦး ပြန်လည် ရောက်ရှိလာခဲ့သည်။

“၂၅ ယောက်က ဧရာဝတီ ဖောင်ဒေးရှင်းအနေနဲ့ ပထမဆုံး အသုတ် ဖြစ်ပါတယ်။ အားလုံးမှာ ပတ်စ်ပို့ မရှိတော့ဘူး။ သူတို့အတွက် သံရုံးက ထုတ်ရမယ့် စီအိုင် (Certificate Of Identity) ထုတ်ရတယ်။ မလေးရှား အင်မီဂရေးရှင်းမှာ လက်ဗွေနှိပ်၊ ဒဏ်ကြေး ရင်းဂစ် ၄၀၀ ဆောင်ရတယ်။ စီအိုင်က လောလောဆယ်တော့ သံရုံးက နေ့ချင်းပြီး အခမဲ့ ဆောင်ရွက်ပေးတယ်။ ဒါပေမယ့် စီအိုင်နဲ့ လက်ဗွေနှိပ်၊ ဒဏ်ကြေးဆောင်ပြီးရင် မလေး လဝက က ပြန်နိုင်ဖို့ သုံးလ စောင့်ခိုင်းတယ်။ အဲဒီတော့ အလောတကြီး ပြန်ချင်တဲ့သူတွေက အဆင်မပြေဘူး။ အဲဒီတော့ သံရုံးနဲ့ ညှိပြီး သံရုံးက ထောက်ခံစာ ရေးပေးတဲ့ ဖောင်နဲ့ သွားလိုက်တော့ သုံးရက်နဲ့ ပြန်လာလို့ ရခဲ့ပါတယ်” ဟု ဧရာဝတီ ဖောင်ဒေးရှင်းမှ ပြောရေးဆိုခွင့်ရှိသူ ကိုမိုးဝေက ရှင်းပြသည်။

အကြမ်းဖက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူ ကိုထွန်းမော်သိန်းသည် ဝိတိုရိယ ဆေးရုံကြီးတွင် ရက်သတ္တ တပတ်ခန့် ဆေးကုသမှု ခံယူရမည်ဖြစ်ကာ ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း သိရသည်။

မေ ၃၀ မှ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် မလေးရှားရောက် မြန်မာနိုင်ငံသား အနည်းဆုံး ၆ ဦး သေဆုံးခဲ့ကာ အကြမ်းဖက်မှုများ အပြီး မလေးရှားရဲများက မြန်မာနိုင်ငံသား ၉၀၀ ကျော်ကို ဖမ်းဆီးထားကြောင်း မလေးရှားနိုင်ငံမှ လာသော သတင်းများတွင် ဖော်ပြထားသည်။မလေးရှားနိုင်ငံ အကြမ်းဖက်မှုများကြောင့် မြန်မာနိုင်ငံသို့ ပြန်လာလိုသူများနှင့် ဒုက္ခရောက် နေသူများကို ကူညီရန် မြန်မာ သူဌေးကြီးများက အလှူငွေများ အပြိုင်အဆိုင် ထည့်ဝင်ခဲ့ကြသည်။

ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး၏ ထုတ်ပြန်ချက်အရ မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမား ၄ သိန်း ရှိပြီး ယင်းအရေအတွက်တွင် မြန်မာမွတ်စလင် ၅၀၀၀၀ နီးပါးအထိ ရှိနိုင်ကြောင်း၊ မြန်မာအလုပ်သမား အများစုမှာ စားသောက်ဆိုင်၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် အလုပ်လုပ်နေကြကြောင်း သိရှိရသည်။

Loading