သတင်း

ရေငုပ်သင်္ဘော ပိုင်ဆိုင်လိုကြောင်း တပ်မတော် ပြောကြား

မြန်မာ တပ်မတော် (ရေ) အနေဖြင့် အိမ်နီးချင်းနိုင်ငံများကဲ့သို့ ရေငုပ်သင်္ဘော ပိုင်ဆိုင်လိုသော်လည်း နိုင်ငံတော်၏ ဘတ်ဂျက် အခြေအနေပေါ်မူတည်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က မနေ့က နေပြည်တော်တွင် ပြုလုပ်သည့် အစိုးရ၏ တနှစ်တာကာလအတွင်း ဆောင်ရွက်ချက်များ ရှင်းလင်းပွဲတွင် ပြောသည်။

ဗိုလ်ချုပ်မြင့်နွယ်က “တပ်မတော်(ရေ)ကတော့ ရေငုပ်သင်္ဘောကို အများနည်းတူ လိုချင်တဲ့ဆန္ဒရှိပါ တယ်။ တပ်မတော် အကြီးအကဲတွေကလည်း စဉ်းစားနေတာရှိပါတယ်၊ ရေငုပ်သင်္ဘောဟာ ရေတပ် တတပ်အတွက် ရှိသင့်ရှိထိုက်တဲ့ လက်ရုံးဖြစ်ပါတယ်။ ဝယ်မယ်၊ မဝယ်ဘူး ဆိုတာတော့ ယတိပြတ် မပြောနိုင်ပါဘူး။ ကျနော်တို့ လူကြီးတွေ အနေနဲ့ စဉ်းစားတဲ့ အဆင့်မှာပဲ ရှိသေးတယ်ဆိုတာ ပြောလို ပါတယ်”ဟု အဆိုပါရှင်းလင်းပွဲသို့ တက်ရောက်လာသည့် သတင်းထောက်များကို ပြောကြားခြင်း သည်။

မြန်မာ့တပ်မတော်(ရေ) အနေဖြင့် ရေငုပ်သင်္ဘော နည်းပညာနှင့် အလှမ်းမဝေးကြောင်း၊ ၂၀၀၆ ခုနှစ် တွင် အိန္ဒိယရေတပ် ရေငုပ်သင်္ဘောများ မြန်မာနိုင်ငံသို့ လေ့လာရေး လာရောက်စဉ် မြန်မာရေတပ် အရာရှိများ လိုက်ပါလေ့လာခဲ့ကြောင်း၊ ရေငုပ်သင်္ဘောနှင့် ပတ်သက်၍မူ အိန္ဒိယသို့ သွားရောက် လေ့လာပြီး ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ကဆိုသည်။

ဒေသတွင်းနိုင်ငံများ ရေငုပ်သင်္ဘော ပိုင်ဆိုင်မှု ပြသသည့် ဇယား (ဓာတ်ပုံ – Royal Thai Navy)

၂၀၁၃ ခုနှစ်ကလည်း ရေငုပ်သင်္ဘောလေ့ကျင့်ရေးနဲ့ ပတ်သက်ပြီး မြန်မာရေတပ်အရာရှိ ၂၀ခန့် ပါကစ္စတန်နိုင်ငံ ကရာချိသို့ သွားရောက်ကာ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ဗြိတိန်အခြေစိုက် အပတ်စဉ် ဂျိန်းကာကွယ်ရေး စာစောင်က ဖော်ထုတ် ရေးသားခဲ့ဖူးသည်။

အလားတူ ထိုနှစ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်အတွင်း ကီလိုအမျိုးအစား ဒီဇယ်စွမ်းအင်သုံး ရေငုပ် သင်္ဘော ၂စီး ဝယ်ယူရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

လက်ရှိအနေအထားတွင် မြန်မာအိမ်နီးချင်းဖြစ်သည့် ဘင်္ဂလားဒေ့ရှ်က တရုတ်လုပ် Type -035 အမျိုးအစား ရေငုပ် သင်္ဘော ၂စီး ပိုင်ဆိုင်ထားပြီးဖြစ်သလို၊ အိမ်နီးချင်း ထိုင်းနိုင်ငံကလည်း တရုတ် လုပ် Yuan အမျိုးအစား ရေငုပ်သင်္ဘော ၃စီး ဝယ်ယူရန် စီစဉ်နေရာ ယခုနှစ် ဘတ်ဂျက်အတွင်း ပထမဆုံး တစီး စတင်ဝယ်ယူမည်ဖြစ်သည်။

မြန်မာ့တပ်မတော်(ရေ)သည်လည်း ၂၀၀၁ ခုနှစ်ကစတင်ပြီး ခေတ်မီရေတပ်အသွင် ကူးပြောင်းရန် ကြိုးစားလာရာမှာ စစ်ရေယာဉ် အဟောင်းများ နဲ့ လက်နက်ပစ္စည်း အဟောင်းများကို ဖယ်ရှား အနားပေးကာ အသစ်များနဲ့ အစားထိုးခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်မှာ တရုတ်နိုင်ငံလုပ် ဖရီဂိတ် စစ်သင်္ဘော ၂စီးကို ဝယ်ယူကာ အဆင့်မြှင်တင်ခဲ့သလို၊ တရုတ်၊ အိန္ဒိယ၊ ရုရှားတို့နှင့် ပူးပေါင်းပြီး ပြည်တွင်း၌ပင် ဖရီဂိတ်စစ်သင်္ဘောများ တည်ဆောက်လာရာ အောင်ဇေယျ၊ ကျန်စစ်သား အပါအဝင် စစ်သင်္ဘော ၂၂စီး တပ်တော်ဝင်ပြီးဖြစ်သည်။

 

Loading