သတင်း

ကျောက်မဲတွင် ၂ လအတွင်း မိုင်းထိလူနာ ၁၀ ဦး ကျော်ရှိပြီး ၃ ဦး သေဆုံးခဲ့

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် သြဂုတ်လနှင့် စက်တင်ဘာလ အတွင်း မိုင်းထိ လူနာပေါင်း ၁၀ ဦး ကျော် ရှိပြီး သေဆုံးသူ ၃ ဦး အထိ ရှိပြီဖြစ်ကြောင်း ကျောက်မဲမြို့ ဇီဝိတ လူမူကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်း က ဧရာဝတီသို့ ပြောသည်။

ဦးတင်မောင်သိန်း က “ဒီ ၂ လအတွင်းမှာ သိရတာကိုက မိုင်းထိလူနာ ၁၀ ဦး ကျော်သွားပြီ။ တချို့က ကျောက်မဲဆေးရုံ မရောက်ဘဲနဲ့ မိုင်းထိပြီး သေဆုံးသွားတဲ့ လူနာလည်း ရှိတယ်။ သေဆုံးသူက ၃ ဦး ရှိပြီ။ ဒါတောင် စာရင်းမပေါ်တာတွေ ရှိသေးတယ်။ တချို့က အကြောင်းကြားပြီး ရောက်မလာတဲ့ လူနာတွေလည်း ရှိတယ်” ဟု ရှင်းပြသည်။

၎င်းက ဆက်လက်ပြီး “ဒီမိုင်းတွေက တိုက်ပွဲမဖြစ်လည်း အသက်ဝင်နေတယ်။ သူတို့ဘာသာ တိုက်ပွဲဖြစ်တယ်။ သူတို့ ဘာသာ မိုင်းထောင်တယ်။ ထိတော့ ပြည်သူတွေ ခံစားရတယ်။ ဒါ ဘယ်သူ့အတွက်မှ မကောင်းဘူး။ နောက်ပြီး ဒီမိုင်းထိ ပြည်သူတွေရဲ့ မိသားစုနဲ့ သူ့ရဲ့လူမူရေး ကျန်းမာရေးက အစ အကုန်ထိခိုက်တာ။ ဒါကြောင့် ဒီမိုင်းကို အသုံးပြုပြီး စစ်မတိုက်ကြဖို့လည်း ငါတို့က မေတ္တာ ရပ်ခံနေတာကြာပါပြီ” ဟု ပြောသည်။

စက်တင်ဘာ ၂၅ ရက်နေ့ကလည်း ကျောက်မဲမြို့ရှိ မိုင်းငေါ့မြို့နယ်ခွဲ မန်ကောင်းရပ်မှ ဒေသခံ ဦးကာလိန္ဒသည် မိုင်းငေါ့ရွာ မှ ၁၅ မိုင်ခန့် ဝေးသည့် ကွင်းစလန်းရွာရှိ အစ်ကို ဖြစ်သူ ဝိစိန္တာ ထံ အသွား လမ်းတဝက်အရောက် လူသွား မြေသားလမ်း ပေါ်တွင် မိုင်းနင်းမိသဖြင့် ပေါက်ကွဲကာ ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။

မိုင်းထိလူနာမှာ ညာဖက်ပေါင် ရှေ့နောက် ခြေသလုံးတို့တွင် မိုင်းစများ ထိမှန်ခဲ့သဖြင့် ယခုအခါ ကျောက်မဲ ဆေးရုံတွင် ဆေးကုသမှု ခံယူလျှက် ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်ကလည်း ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာအုပ်စု၊ နောင်ဆန်ရွာတွင် ဦးလွမ်းဇေဆိုသော ဒေသခံ တဦး မိုင်းထိသွားခဲ့ရာ လားရှိုးမြို့ပြည်သူ့ဆေးရုံသို့ တက်ရောက် ဆေးကုသမှု ခံယူခဲ့ရသည်။

ကျောက်မဲမြို့နယ်တွင် ယခု ၂ လအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျှက်ရှိပြီး တပ်မတော်နှင့် TNLA တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသလို RCSS နှင့် TNLA အဖွဲ့ အချင်းချင်းလည်း တိုက်ပွဲများ ဖြစ်ခဲ့ကြသည်။

တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံး လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသဖြင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များမှာ ပြည်နယ်နှင့် တိုင်းဒေသကြီး ၉ ခု၊ မြို့နယ် ၅၂ မြို့နယ်တွင် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်ကျန် လက်နက် ပစ္စည်းများ၏ အန္တရာယ်နှင့် ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဌာနက ဒု ဝန်ကြီး ဦးစိုးအောင် က ပြောသည်။

မိုင်းကြောင့် ထိခိုက် ခံစားရသူ အများစုမှာ ဒေသခံ အရပ်သားများ ဖြစ်ပြီး ဒေသခံများ အနေဖြင့် မိုင်းထိပါက အသက် ဆုံးရှုံးခြင်း၊ မသန်စွမ်း ဖြစ်ခြင်း၊ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်ခြင်း၊ လူမှု စီးပွား ဘဝများ ထိခိုက်ခြင်းများကို ရင်ဆိုင် ရမည် ဖြစ်ကြောင်း ဒုဝန်ကြီးက ယခုနှစ် ဧပြီလ ၄ ရက်က နေပြည်တော် မင်္ဂလာ သီရိ ဟိုတယ်၌ ပြုလုပ်သည့် အပြည်ပြည် ဆိုင်ရာ မိုင်းအန္တရာယ် အသိပညာပေး ရေးနှင့် မိုင်းလုပ်ငန်း ဆိုင်ရာ အကူအညီပေးရေးနေ့ အခမ်းအနား၌ အဖွင့် အမှာစကား ပြောကြားစဉ် အထက်ပါ အတိုင်း ပြောကြားခဲ့သည်။

ဆက်စပ်ဖတ်ရှုရန်

စစ်ပွဲလက်ကျန် ဗုံးပေါက်ကွဲမှုကြောင့် နမ့်ခမ်းတွင် ကလေးငယ်နှစ်ဦး သေဆုံး

Did you find apk for android? You can find new Free Android Games and apps.
Loading