ရခိုင် စစ်တပ် (AA) က ဖမ်းဆီးထားသော ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့ တင်း အသက်ရှင်နေသေးကြောင်းကို သက်သေ တစုံတရာ ထုတ်ပြမည် မဟုတ်ကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင် သုခက ဧရာဝတီသို့ ပြောသည်။
၎င်းက “ကျနော်တို့ကတော့ သူကျန်းကျန်းမာမာနဲ့ အသက်ရှိသေးတယ် ဆိုတာကို အခိုင်အမာ ပြောလို့ရတယ်။ ဘယ်လို ထုတ်ပြပါ ဆိုတာကတော့ လုံခြုံရေး ကိစ္စဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အဲဒီလိုတော့ ပြောလို့မရဘူး” ဟု ပြောကြားသည်။
တပ်မတော်ဘက်မှ ဖမ်းဆီးထားသော ရခိုင်ဒေသခံများပင် ၎င်းတို့ မိသားစုနှင့် တွေ့ခွင့်မရသည်လည်း ရှိကြောင်း၊ ဦးဝှေ့ တင်း အသက်ရှင်ကြောင်း AA က ထုတ်ပြပါက တပ်မတော်ဘက်က သတင်း ရရှိနိုင်ပြီး ဦးဝှေ့တင်းကို ထိန်းသိမ်းထား သည့် နေရာကို လက်နက်ကြီးဖြင့် တိုက်ခိုက်လာနိုင်ကြောင်းလည်း ဦးခိုင်သုခက ပြောဆိုသည်။
ဦးဝှေ့တင်း အသက်ရှင်ကြောင်း AA ကို သက်သေပြခိုင်းသူများအနေနှင့် တပ်မတော်ဘက်မှ လက်နက်ကြီးဖြင့် မပစ်ရန် အာမခံနိုင်ပါသလား ဟုလည်း ၎င်းက မေးခွန်းထုတ်လိုက်သည်။
ဦးခိုင်သုခက “ကျနော်တို့ကလည်း ကျနော်တို့ရဲ့ လုံခြုံရေးကိစ္စတွေကို ဦးစားပေးရတဲ့ အနေအထားတွေ ရှိတယ်။ ဒါပေမယ့် အသေအချာ အာမခံ ပြောနိုင်တာက ဦးဝှေ့တင်းက အခုအချိန်အထိ ကျန်းကျန်းမာမာပဲ ရှိတယ်။ ဘာမှ စိုးရိမ်စရာ မရှိဘူး” ဟု ပြောဆိုသည်။
ဦးဝှေ့တင်းသည် တပ်မတော်အတွက် AA ၏ စစ်ဘက်ဆိုင်ရာ သတင်းများကို ထောက်လှမ်းပေးခဲ့သူ ဖြစ်ပြီး ထိုသို့ ကျူး လွန်ခဲ့ကြောင်း သက်သေများလည်း AA အဖွဲ့မှ ရရှိထားကြောင်း ၎င်းက ပြောဆိုသည်။
“သူ့ကို အခု ပြန်လွှတ်ပေးလိုက်ရင် ပလက်ဝခရိုင်ထဲမှာ ရှိနေတဲ့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေး၊ အဲဒီမှာ ရှိနေတဲ့ ရခိုင်နဲ့ ရခိုင်မျိုးနွယ်စုဝင်တွေရဲ့လုံခြုံရေးအတွက် ခြိမ်းခြောက်မှု ရှိတယ်။ အဲဒါကြောင့် သူ့ကို ကျနော်တို့က ဆက်ပြီး ထိန်း သိမ်းထားတာ ဖြစ်တယ်” ဟု ဦးခိုင်သုခက ပြောကြားသည်။
ဦးဝှေ့တင်းကို မည်မျှကြာသည်အထိ ထိန်းသိမ်းထားမည်နည်းဟု ဧရာဝတီက မေးမြန်းခဲ့ရာ လက်ရှိကာလတွင် ထုတ်ပြော ၍ မရသေးဟု ၎င်းက တုံ့ပြန်ပြောဆိုသည်။
ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်ကမူ ဦးဝှေ့တင်းနှင့် ပတ်သက်၍ AA၏ ပြောခွင့်ရ ခိုင်သုခ၏ ပြောဆိုချက်များသည် တည်ဆောက်ထားသည့် ဇတ်လမ်းများသာ ဖြစ်ကြောင်း၊ ဦးဝှေ့တင်း အပါအဝင် ဖမ်းဆီးခံရသူများ၏ အသက်အန္တရာယ်နှင့် လုံခြံရေးမှာ AA တွင် သာ တာဝန်ရှိကြောင်း ဧရာဝတီနှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဦးဝှေ့တင်း၏ သတင်းအား မရရှိသေးကြောင်း ပြောကြားသည်။
၎င်းက ဆက်လက်၍ “သူတို့ပြောတာက အကြောင်းပြချက်သက်သက်ပဲ ဖြစ်ပါတယ်။ သူတို့ အခြေအနေ သူတို့ သိပါတယ်။ တပ်မတော်ဘက်က အမြောက်နဲ့ ထုမှာတို့ ဘာတို့ကလည်း သက်သက်အကြောင်းပြတာပဲ” ဟု ဆိုသည်။
တပ်မတော်အတွက် AA ၏ စစ်ဘက်ဆိုင်ရာ သတင်းများကို ထောက်လှမ်းပေးနေသူလည်း မဟုတ်သလို တပ်မတော်နှင့် ဦးဝှေ့တင်းကြားတွင် ဆက်စပ်မှု မရှိကြောင်းကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။
“ကျနော်တို့နဲ့ တကယ်လည်း ဆက်စပ်မှု မရှိပါဘူး။ လွှွတ်တော် ကိုယ်စားလှယ် တယောက်အနေနဲ့ ကျင့်ဝတ်သိက္ခာ အရ ရော၊ တာဝန် ဝတ္တရားအရရော အဲဒီလို လုပ်လို့ မရသလို တပ်မတော်ဘက်ကလည်း သူ့ကို အသုံးချပြီး လုပ်ဆောင်နေတာ မရှိပါဘူး” ဟု ၎င်းက AA ၏ ပြောဆိုချက်ကို ငြင်းချက် ထုတ်သည်။
ဦးဝှေ့တင်း အပါအဝင် ဖမ်းဆီးခံရသော တပ်မတော်သားနှင့် နိုင်ငံ့ဝန်ထမ်းများ ပြန်လည် လွတ်မြောက်နိုင်ရေး အတွက် တပ်မတော်ဘက်က စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။
ဦးဝှေ့တင်း ဖမ်းဆီးခံရသည်မှာ ၂ လကျော်ကြာမြင့်နေပြီး ၎င်းအသက်ရှင် ကျန်းမာမှု ရှိမရှိကို စိုးရိမ်မိကြောင်း ချင်းပြည်နယ် မင်းတပ်မြို့နယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းက ပြောသည်။
ဦးဝှေ့တင်း အသက်ရှင်လျက် ရှိကြောင်းကို AA ဘက်က သက်သေတစုံတရာ ထုတ်ပြပေးစေလိုကြောင်း၊ စစ်ဆေးမှု ပြီးဆုံး ၍ အပြစ်မရှိပါက အမြန်ဆုံး ပြန်လွှတ်ပေးစေလိုကြောင်းလည်း ၎င်းက ဆိုသည်။
“ဒီအချိန်အထိ သူ့ကို ပြန်မလွှတ်ဘူး ဆိုတာကတော့ ကျနော်တို့က အားမရဘူးပေါ့။ တကယ်လို့ မဖြစ်မနေ ဖမ်းရတယ်ဆို လည်း ကျနော်တို့ မပြောလိုပါဘူး။ ဒါပေမယ့် မြန်မြန်ဆန်ဆန် ကျန်းကျန်းမာမာနဲ့ လွှတ်ပေးသင့်တယ်လို့ ယူဆတယ်။ လွှတ်ပေးမယ်လို့လည်း မျှော်လင့်ခဲ့တာပေါ့” ဟု ဦးအောင်သန်းက ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD)၏ ဗဟို ပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကမူ ဦးဝှေ့ တင်းကို ပြန်လွှတ်ပါက AA တပ်ဖွဲ့ဝင်များ၏ လုံခြုံရေး စိုးရိမ်ရသည် ဆိုသော အကြောင်းပြချက်သည် ကျိုးကြောင်းဆီ လျော်မှု မရှိဟု ဝေဖန်ပြောဆိုသည်။
“ဦးဝှေ့တင်းကို မလွှတ်လည်း တိုက်ပွဲက ဖြစ်မှာပဲ။ လွှတ်လည်း တိုက်ပွဲက ဖြစ်မှာပဲ။ ဒီဆင်ခြေပေးတာက သိပ်ပြီး သဘာဝ မကျဘူးလို့ ပြောချင်ပါတယ်။ စစ်ပွဲဆိုတာက တယောက်နဲ့ တယောက် သတင်း ထောက်လှမ်းတာတို့ ဘာတို့က အမြဲ လုပ် နေကြတဲ့ ကိစ္စပါ။ ဦးဝှေ့တင်း လွတ်လို့ စစ်ရေး သတင်းတွေ ပေါက်ကြားမယ် ဆိုတာက သိပ်အဓိပ္ပာယ် မရှိပါဘူး” ဟု ၎င်း က ပြောသည်။
ဦးဝှေ့တင်းသည် အပြစ်မဲ့ ပြည်သူတဦးသာ ဖြစ်သဖြင့် ၎င်းကို အမြန်ဆုံး ပြန်လွှတ်ပေးသင့်ကြောင်း၊ အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးပါက တိုင်းရင်းသား လက်နက်ကိုင် အင်အားစု တခုဖြစ်သည့် AA အတွက်လည်း ပုံရိပ် ကျဆင်းလာနိုင်ကြောင်း မုံရွာအောင်ရှင်က သတိပေးပြောဆိုသည်။
NLD ပါတီဝင် တဦးလည်း ဖြစ်သည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းသည် နေပြည်တော်တွင် ကျင်းပ သည့် အမျိုးသား လွှတ်တော် အစည်းအဝေး တက်ရောက်ရန် ခရီး ထွက်လာစဉ် AA အဖွဲ့၏ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃ ရက်တွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ ကျောက်တန်းရွာ အနီး၌ ဦးဝှေ့တင်း အပါ အဝင် ကုလားတန် ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် လာရောက်သည့် အိန္ဒိယ နိုင်ငံသား ၄ ဦး၊ စကားပြန်နှင့် စပိဘုတ် မောင်းသူ ၁၀ ဦးကို AA အဖွဲ့ က ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။
အတူလိုက်ပါခဲ့သူ အားလုံးကို AA အဖွဲ့က ပြန်လွှတ်ပေးခဲ့သော်လည်း လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို ပြန် မလွှတ်ဘဲ ဆက်လက် ထိန်းသိမ်းထားပြီး ဖမ်းဆီးထားသည်မှာ ၆၇ ရက်ကြာနေပြီ ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင်လည်း ဦးဝှေ့တင်း အဖမ်းခံရခြင်းကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် အရေးကြီး အဆိုတရပ် တင်သွင်းခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် များက ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသေးသည်။
AA အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးအခြေအနေ တင်းမာမှုများကြောင့် ဖမ်းဆီးထားသူများနှင့် သုံ့ပန်း များ၏ အသက်ကို အာမခံပေးနိုင်ခြင်းမရှိ ဟု သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ထုတ်ဖော် ပြောဆိုထား ပြီးဖြစ်ပြီး၊ ၎င်းတို့ ဖမ်းဆီးထားသည့် ဘူးသီးတောင်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ဥက္ကဋ္ဌ ဦးရဲသိန်းသေဆုံးရမှုနှင့် ပတ်သက်၍ လည်း တပ်မတော်က လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့်ဟု အကြောင်း ပြခဲ့သည်။
You may also like these stories:
ဖမ်းဆီးထားသူများနှင့် သုံ့ပန်းများ၏ အသက်ကို အာမခံမပေးနိုင်ဟု AA ပြော
ဦးဝှေ့တင်း လွှတ်ပေးရန် အဆို ပြည်ထောင်စုလွှတ်တော် ဆွေးနွေးမည်
ဦးဝှေ့တင်း လွတ်မြောက်ရေး လွှတ်တော်တွင် စတင် တောင်းဆို
AA ဖမ်းဆီးထားသည့် ချင်းအမတ်ကို ပြန်ကယ်ရန် ကြိုးစားနေဟု တပ်မတော်ပြော