တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုဖြင့် ထောင်ဒဏ် အပြစ်ပေးခံထားရသော တရားခံ ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်းကို ပြစ်ဒဏ်တိုးမြှင့်ပေးရန် ဦးကိုနီနှင့် ဦးနေဝင်းတို့၏ ရှေ့နေများ၏ လျှောက်ထားမှုကို ယနေ့ နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ပလပ်လိုက် သည်။
၂၀၁၇ ခုနှစ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ ခံခဲ့ရသည့် ရှေ့နေ ဦးကိုနီအား သတ်ဖြတ်ရာတွင် အမှုတွဲ အဖြစ် ပါဝင်သည့် တရားခံ ဇေယျာဖြိုးကို ထောင်ဒဏ် ၅ နှစ်၊ အောင်ဝင်းထွန်းကို ၃ နှစ်သာ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက အမိန့်ချမှတ်ခဲ့သဖြင့် ကျေနပ်မှုမရှိသည့်အတွက် ဦးကိုနီနှင့် ကိုနေဝင်းတို့၏ ရှေ့နေ များက ရန်ကုန်တိုင်း တရားလွှတ်တော် ထံ ရာဇဝတ်ပြင်ဆင်မှုကို ပြီးခဲ့သည့် ဇွန်လက တင်သွင်းထားခြင်းဖြစ်သည်။
ထိုတင်သွင်းမှုအပေါ် ရန်ကုန်တိုင်း တရားလွှတ်တော် က ပယ်ချခဲ့သည့်အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးထံ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်နေ့က လျှောက်ထားခဲ့ရာ ယနေ့ ပလပ် လိုက်ခြင်းဖြစ်သည်။
ဦးကိုနီ၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးနေလက“ကျနော်တို့က ဆက်လက် ဆောင် ရွက်ရမယ့် အပိုင်းကို အထူးအယူခံ အထိ ဆက်သွားမှာ ဖြစ်ပါတယ်” ဟု ယနေ့ မနက်ပိုင်းတွင် တရားရုံးရှေ့၌ သတင်းထောက် များကို ပြောသည်။
အလားတူ ဦးကိုနီ သေနတ်ဖြင့် ပစ်ခတ်ခံရစဉ် တရားခံ ကြည်လင်းအား ဝင်ရောက်ဖမ်းဆီးစဉ် သေဆုံးခဲ့သည့် တက္ကစီ ယာဉ်မောင်း ကိုနေဝင်း၏ ရှေ့နေဖြစ်သူ ဦးရောဘတ် စန်းအောင်ကလည်း အထူးအယူခံ အနေဖြင့် ဆက်လက် တက်သွားမည်ဟု ပြောသည်။
၎င်းက “ ဒီနေ့က ကြည်လင်းနဲ့ အောင်ဝင်းဇော်တို့ အပေါ်မှာ ချမှတ်ထားတဲ့ သေဒဏ်ကို ဆက်လက်အတည်ပြုပြီးတော့ သူတို့ရဲ့ အယူခံမှု ၂ မှုကို ပလပ်ခဲ့ပါ တယ်။ အထူးအယူခံ ဆက်တက်မယ်” ဟုပြောသည်။
ရှေ့နေ ဦးကိုနီ လုပ်ကြံခံရ မှုတွင် ပါဝင်သည့် တရားခံ သေနတ်သမား ကြည်လင်းကို ရန်ကုန်မြို့ မြောက်ပိုင်းခရိုင် တရား ရုံးက သေဒဏ်ထိုက်စေသည့် ပုဒ်မ ၃၀၂(၁) (ခ)/၃၄ ဖြင့် မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် ယမန်နှစ် ဖေဖော်ဝါရီ ၁၅ ရက်က အမိန့်ချခဲ့သည်။
ထို့အပြင် ကြည်လင်းကို တက္ကစီ ယာဉ်မောင်း ကိုနေဝင်းအား သတ်မှုဖြင့် ထောင်ဒဏ် နှစ် ၂၀ နှင့် သေနတ်ကိုင် ဆောင်မှု အတွက် ထောင်ဒဏ် ၃ နှစ် သီးခြားစီကျခံရန် ထပ်မံချမှတ်ခဲ့သည်။
ယင်းအမှုတွင် အဓိက ကြိုးကိုင်သူဖြစ်သည့် တရားခံ အောင်ဝင်းခိုင်မှာ ထိုစဉ်ကတည်းက ထွက်ပြေးလွတ်မြောက်နေပြီး ရဲတပ်ဖွဲ့မှ တရားခံပြေး အဖြစ် ကြေညာထားသော်လည်း ယနေ့အချိန်ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါ။
အဆိုပါ အမှုဖြစ်စဉ်မျိုးမှာ တရားဥပဒေ စိုးမိုးရေးကို အကြီးမားဆုံး စိန်ခေါ်နေသည့် ဖြစ်စဉ်မျိုးဖြစ် သဖြင့် နောက်ထပ် ယခု ကဲ့သို့ အမှုမျိုး ထပ်ဖြစ်လာမည်ကို စိုးရိမ်မိကြောင်း ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောသည်။
ယင်းအမှုနှင့်ပတ်သက်ပြီး အထူးအယူခံ ဆက်တက်ရန် အတွက် တရားလို မိသားစုဝင်များနှင့် ဆက်လက်တိုင်ပင်၍ ၃ လ အတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှေ့နေ ဦးနေလက ဆက်လက် ရှင်းပြသည်။
ဦးကိုနီသည် အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သည့် Senior Leadership Programme သို့ တက်ရောက်ပြီး ပြန်အလာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။
ဆက်စပ်လင့်
ဝရမ်းပြေးများ လွတ်မြောက်နေမှု လွှတ်တော်တွင် မေးခွန်းထုတ်ခံရ
ဦးကိုနီအမှု တရားခံ ၂ ဦး ပြစ်ဒဏ် မမျှတဟု ဆိုကာ နှစ်ဖက်အပြိုင် အယူခံ ကြားနာ စစ်ဆေး
နိုင်ငံရေး လုပ်ကြံမှုကြီး ၃ မှု အကြောင်း
မြင့်ဆွေ ဆိုသူကို မိမှ နောက်ကွယ်က ခိုင်းစေသူ ပေါ်မည်ဟု ကြည်လင်းပြော