စစ်ကောင်စီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စွပ်စွဲကာ ထောင်ဒဏ်ချမှတ်ထားသည့် အမှုများနှင့်ပတ်သက်ပြီး ရာဇဝတ်အယူခံမှု၊ ပြင်ဆင်မှုနှင့်အထူးအယူခံတင်ရန်လျှောက်ထားမှုများအား ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ ယခုလအတွင်း သုံးကြိမ် ကြားနာမည် ဖြစ်သည်။
အစိုးရလျှို့ဝှက်ချက်အက်ဥပဒေအရ စွပ်စွဲထောင်ချထားမှုနှင့် ရွေးကောက်ပွဲ မလျော်ဩဇာသုံးမှုဟုဆိုကာ စွပ်စွဲ ထောင်ချမှု နှင့် ပတ်သက်သည့် ရာဇဝတ်ပြင်ဆင်မှုလျှောက်ထားချက်အား ဇူလိုင် ၅ ရက်တွင် ကြားနာမည်ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် အဆိုပါ အမှုနှစ်မှုအတွက် တမှုလျှင် ထောင်သုံးနှစ်စီ အမိန့်ချခံထားရသည်။
ယင်းပြင် NLD အစိုးရလက်ထက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့အား ထောင်ဒဏ် ချမှတ်ထားမှုနှင့် ပတ်သက်သည့် ရာဇဝတ်ပြင်ဆင်မှု ၃ မှုကိုလည်း ဇူလိုင် ၅ ရက်တွင်ပင် ပြည်ထောင်စုတရား လွှတ် တော်ချုပ်၌ ကြားနာရန်ရှိနေသည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်အနေဖြင့် လာမည့်ဇူလိုင် ၁၂ ရက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ အား နိုင်ငံတော်ပိုင် ကယ်ဆယ်ရေးရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်းမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက အဂတိလိုက်စားမှု ၅ မှုဖြင့် စွပ်စွဲထောင်ချထားမှုအပေါ် အယူခံတင်သွင်းမှုကိုလည်း ဆက်လက်ကြားနာမည်ဖြစ်သည်။
ယင်းပြင် ဇူလိုင် ၁၈ ရက်တွင်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာအမှု၊ ဆက်သွယ်ရေးဥပဒေဖြင့် စွပ်စွဲထောင်ချထားမှု များအပါအဝင် စုစုပေါင်း အမှု ၅ မှုအတွက် အထူးအယူခံတင်ခွင့်ပြုရန် ဒေါ်အောင်ဆန်းစုကြည်ဘက်က လျှောက်ထားမှုကို လည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ကြားနာမည်ဖြစ်သည်။
အထူးအယူခံတင်ခွင့်ပြုရန် လျှောက်ထားမှုတမှုတွင် ဦးဝင်းမြင့်နှင့် နေပြည်တော်မြို့တော်ဝန် ဒေါက်တာ မျိုးအောင်တို့လည်း ပါဝင်ပြီး သီးခြားအနေဖြင့် သမ္မတ ဦးဝင်းမြင့်တဦးတည်း လျှောက်ထားသည့် အမှုတမှုကိုလည်း ယင်းနေ့တွင်ပင် ကြားနာ မည် ဖြစ်သည်။
ယခုကဲ့သို့ လျှောက်ထားသည့်အမှုများသည် အောက်ရုံးအဆင့်ဆင့်တွင် ပြင်ဆင်မှု၊ အယူခံမှုများအား ပယ်ချခံခဲ့ရသည့် အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အမှုများအား ဥပဒေအရ နောက်ဆုံး လုပ်နိုင် သည့်အဆင့်ထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမှုနှင့်နီးစပ်သူတဦးက ပြောသည်။
၎င်းက “အမှုတွေကို ဥပဒေနဲ့အညီ လုပ်လို့ရတဲ့ နောက်ဆုံးအဆင့်အထိ ဆက်ပြီးတော့ လုပ်ဆောင်သွားမှာပါ” ဟု ပြော သည်။
အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်အား စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးခဲ့ပြီး အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲကာ ထောင်ဒဏ် ၃၃ နှစ်အထိ စစ်ကောင်စီကချမှတ်ခဲ့ပြီး လက်ရှိတွင် နေပြည်တော် အချုပ်ထောင်အတွင်း သီးခြားအဆောက်အုံငယ်တခုတွင် အကျဉ်းချချုပ်နှောင်ထားသည်။
ထိုသို့ ဖမ်းဆီးခံရစဉ်ကတည်းက အမှုလိုက်ပါဆောင်ရွက်သည့် ရှေ့နေအချို့ကလွဲပြီး မည်သူနှင့်မျှ တွေ့ဆုံခွင့်မပေးဘဲ ချုပ်နှောင်ခံနေရသည့်အတွက် လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေအား မည်သူမျှ ယတိပြတ် ပြောပြနိုင်ခြင်း မရှိပေ။
စစ်ကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အမှုလိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေများကိုလည်း မီဒီယာနှင့် ပြင်ပ အဖွဲ့အစည်းများအား အမှုအကြောင်းမပြောရန် ပိတ်ပင်ထားပြီး သတင်းများအား ဖုံးကွယ်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများအနေဖြင့် နောက်ဆုံး ထောင်ဒဏ်အမိန့်ချသည့် ယမန်နှစ်ဒီဇင်ဘာ ၃၀ ရက်က စတင်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မရခဲ့ဘဲ ထောင်ဝင်စာ လူချင်းတွေ့ခွင့်ပေးရန် တောင်းဆိုမှုများကိုလည်း စစ်ကောင်စီဘက်က ခွင့်မပြုသေးကြောင်း အမှုနှင့် နီးစပ်သူတဦးက ပြောသည်။
အသက် ၇၁ နှစ်အရွယ် သမ္မတဦးဝင်းမြင့်ကိုလည်း အာဏာသိမ်းကတည်းက စစ်တပ်က ဖမ်းဆီးပြီးနောက် အမှုပေါင်း ၈ မှု ဖြင့်စွပ်စွဲကာ စစ်ကောင်စီက ထောင်ဒဏ် ၁၂ နှစ် ချမှတ်ထားပြီး လက်ရှိတွင် တောင်ငူအကျဉ်းထောင်၌ အကျဉ်းချ ချုပ် နှောင်ထားသည်။
အကျဉ်းချခံထားရသည့် ဦးဝင်းမြင့်အနေဖြင့် ကျန်းမာရေးအခြေအနေ ထိခိုက်မှုများရှိနေပြီး လုံလောက်သည့် ဆေးကုသမှု များ လိုအပ်နေကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တဦးက ပြောထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီဝင်များနှင့် အာဏာ သိမ်းမှုအား ဆန့်ကျင်ကန့်ကွက်သည့် ပြည်သူလူထု နှစ်သောင်းကျော်ဖမ်းဆီးခံရကာ လက်ရှိအချိန်အထိ ၁၉၂၉၅ ဦးမှာ စစ်ကြောရေးနှင့် ထောင်များအတွင်း ချုပ်နှောင်ခံနေဆဲဖြစ်ပြီး စစ်တပ်၏အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုများကြောင့်လည်း ပြည်သူ ၃၇၃၆ ဦး သေဆုံးခဲ့ရပြီးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ယခု နှစ် ဇွန်လ ၃၀ ရက်အထိ ကောက်ယူထားသော စာရင်းများအရ သိရသည်။
You may also like these stories:
စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့
ဒီပဲယင်း NLD အမတ်ဟောင်း ဦးဝင်းမြင့်အောင်ကို စစ်ဆေးနေဟု NUG ဆို
ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများကို နှိပ်ကွပ်၍ မရ
ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန် သားဖြစ်သူ တောင်းဆို
“ဒေါ်အောင်ဆန်းစုကြည်သည် ချွင်းချန်ထားလို့ မရတဲ့ ပုဂ္ဂိုလ်”