ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ခေါင်းဆောင်များအား လုပ်ကြံသတ်ဖြတ်သူများမှာ ရက္ခိုင့်တပ်တော် (ULA / AA) တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ALP သတင်းနှင့် ပြန်ကြားရေးဌာနက ဇူလိုင်လ ၂ ရက်တွင် ထုတ်ပြန်သည်။
ဇူလိုင်လ ၁ ရက် မွန်းလွဲပိုင်းက စစ်တွေမြို့ ၊ မင်းဂံရပ်ကွပ်တွင် ရှိသည့် ပါတီဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၏ ရုံးခန်းတွင် မိုခါမုန်တိုင်းသင့်ပြည်သူများအား ကယ်ဆယ်ရေးကိစ္စရပ်များနှင့် ပတ်သက်ပြီး အစည်းအဝေးလုပ်ပြီး ALP ပါတီဝင်များ ကားဖြင့်အပြန်တွင် ထိုသို့ ULA/ AA က ချောင်းမြောင်းလုပ်ကြံပစ်ခတ်သွားခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။
ဇူလိုင်လ ၁ ရက်တွင် မင်းဂံရပ်ကွက်မှကားဖြင့်အပြန် စစ်တွေတက္ကသိုလ်ကျောင်းအနီး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ALP ပါတီမှ ဒုဥက္ကဋ္ဌ ခိုင်နီရောင်၊ ALA အမှတ် ၁၀၁ တပ်ရင်းမှ တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင်တို့ ကားပေါ်တွင် ပွဲချင်းပြီးသေဆုံးခဲ့ကာ၊ တခြား တပ်ဖွဲ့ဝင် ၃ ဦးမှာလည်း ဒဏ်ရာများဖြင့် လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
ALP ပါတီအတွင်းရေးမှူးအဖွဲ့မှ ဗိုလ်မှူး ခိုင်သူရိန်က “ဘာကြောင့် လုပ်ကြံတာလည်းဆိုတာက ရှင်းရှင်းလေးပါပဲ။ ငါနဲ့ မတူ ငါ့ရန်သူ ဆိုတဲ့ စိတ်ထားတွေ ဖြစ်နေတယ်။ ပြီးတော့ တပြည်လုံးမှာ ငါတို့ပဲ ရှိရမယ်ဆိုတဲ့ တော်တော်လေးကို ညံ့ဖျင်းတဲ့ အတွေးအခေါ်မျိုးတွေပါပဲ။ သူတို့လည်း သူတို့ ယုံကြည်လို့ ဒီလမ်းစဉ်ကို လျှောက်ခဲ့တယ်။ ကျနော်တို့လည်း ကျနော်တို့ ယုံကြည်လို့ ဒီလမ်းကို လျှောက်ခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ့်လူမျိုးရေး စိတ်ဓာတ်နဲ့ သွားနေ ကြတာချည်းပဲ၊ ဒီလိုမျိုးလုပ်စရာ အကြောင်းကို မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်လူမျိုးများအကျိုးအတွက် လက်နက်ကိုင်ခဲ့ကြသော အဖွဲ့အစည်းအချင်းချင်းကြားတွင် ULA / AA မှ စဉ်ဆက်မ ပြတ် လုပ်ဆောင်ခဲ့သော ယခုကဲ့သို့သော အပြုအမူသည် အလွန်ယုတ်ညံ့သည့် လုပ်ဆောင်ခြင်းမျိုးဖြစ်ကာ မလုပ် သင့်မလုပ်အပ်သော အပြုအမူဖြစ်သည်ဟုလည်း ALP ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
ULA/ AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ALP ပါတီခေါင်းဆောင်များ လုပ်ကြံသတ်ဖြတ်ခံရမှုသည် ၎င်းတို့နှင့် ပတ်သက်မှု မရှိကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက “ဒီကိစ္စကတော့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ပဲ ဖြစ်ပါတယ်။ ကျနော်တို့နဲ့တော့ လုံးဝပတ်သက်မှု မရှိပါဘူး။ ဖြစ်နိုင်တာကတော့ ALP ပါတီအဖွဲ့ကြားမှာ သူတို့ရဲ့ အကွဲအပြဲတွေ၊ တဖက်နဲ့တဖက် မကျေနပ်မှုတွေကြောင့် ဒီလိုမျိုး တဖက်နဲ့တဖက် လုပ်ကြံသတ်ဖြတ်မှုဖြစ်လာတယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
ယင်းပြင် ALP/ALA အမှတ် ၁၀၁ တပ်ရင်းသည် စစ်တွေမြို့ ၊ စက်ရုံစုရပ်ကွက်၌ တပ်တည်ထားရှိပြီး မြို့ပေါ်ရပ်ကွက်နေ ပြည်သူတချို့အားလည်း ၎င်းတို့ တပ်တည်ထားသည့်နေရာတွင် မတရား ဖမ်းဆီးချုပ်နှောင်ခြင်း၊ ငွေညှစ်တောင်းခံခြင်း များရှိသည့်အတွက် မကျေနပ်သည့် ပုဂ္ဂိုလ်အဖွဲ့အစည်းတချို့မှ လက်တုံ့ပြန်ခြင်းလည်း ဖြစ်နိုင်ကြောင်းလည်း ဦးခိုင်သုခ က ဆိုသည်။
ရက္ခိုင်စစ်တပ် (AA) ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခသည် ပြီးခဲ့သည်နှစ် သြဂုတ်လက ပြုလုပ်သည့် စတုတ္တအကြိမ် ULA/ AA ၏ သတင်းစာ ရှင်းလင်းပွဲတွင် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ပါတီသည် စစ်ကောင်စီနှင့် ပေါင်း၍ သစ္စာဖောက်လုပ်ရပ်များ လုပ်နေကြောင်း ပြောဆိုခဲ့သေးသည်။
![](https://burma.irrawaddy.com/wp-content/uploads/2023/07/collage111.png)
ALP ပါတီ၏ အတွင်းရေးမှူးအဖွဲ့မှ ဗိုလ်မှူးခိုင်သူရိန်က ပါတီခေါင်းဆောင်များအား လုပ်ကြံသတ်ဖြတ်သွားသူများ သည် ULA/AA တပ်ဖွဲ့ဝင်များဖြစ်သည်ကို သက်သေအထောက်အထား ခိုင်ခိုင်မာမာ ရရှိထားကြောင်း၊ ယင်းသက် သေ အထောက်အထားများအား မီဒီယာများကို ချပြမည်မဟုတ်ဘဲ သက်ဆိုင်ရာအဖွဲများနှင့်သာပြောဆိုချပြသွားမည် ဖြစ်ကြောင်း ပြောသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်ကလည်း ALP ပါတီမှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြအပါအဝင် တပ်မှူး ၃ ဦးမှာ စစ်တွေမြို့ ဝေသာလီကွင်း၌ ပြုလုပ်သည့် လွတ်လပ်ရေးနေ့ အခမ်းအနားမှနေ ကားဖြင့် ပြန်လာစဉ် စက်ရုံစုရပ်ကွက် အရောက် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီး ထိုလုပ်ကြံမှုသည်လည်း AA ၏လက်ချက်ဟု ALP ပါတီက ထုတ်ပြန်ထားသေး သည်။
ထိုသို့ စစ်ဦးစီးချုပ်နှင့် တပ်မှူး၂ ဦး လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ALP ပါတီဝင်များအားကျူးလွန်သူ များအား ဖော်ထုတ် ဖမ်းဆီးအရေးယူရန် ကြိုးစားခဲ့သော်လည်း လက်မတင်ကလေး လွတ်မြောက်သွားခဲ့ကြောင်း လည်း ဗိုလ်မှူး ခိုင်သူရိန်က ဆိုသည်။
ALP ပါတီသည် သက်တမ်းရင့်တော်လှန်ရေးအဖွဲ့အစည်းတခုဖြစ်သော်လည်း လက်ရှိအခြေအနေတွင် စစ်ကောင်စီနှင့် ပူးပေါင်းသည့်အတွက် ပြည်သူများကြား ထောက်ခံမှုကျဆင်းလျက်ရှိသည်။
ယင်းပြင် ပါတီတွင်း ခေါင်းဆောင်ပိုင်း အကွဲအပြဲမှာလည်းကြီးထွားနေပြီး လက်ရှိအချိန်တွင် ALP ပါတီအတွင်း အဖွဲ့ ၃ ဖွဲ့အထိ ကွဲလျက်ရှိသည်။
ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း၌ ALP တွင် ဥက္ကဋ္ဌ ခိုင်ရဲခိုင်၊ ဒေါ်စောမြရာဇာလင်းတို့ ဦးဆောင်သော အဖွဲ့နှင့် ဦးခိုင်စိုးနိုင်အောင် ဦးဆောင်သော အဖွဲ့တို့ သဘောထားကွဲလွဲမှုဖြစ်ကာ ပါတီနှစ်ခြမ်း ကွဲခဲ့သည်။
hg
ထိုသို့ ပါတီနှစ်ခြမ်းကွဲပြီး တနှစ်အကြာ ဦးခိုင်ရဲခိုင် ဦးဆောင်သော အဖွဲ့နှင့် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော အဖွဲ့တို့ ၂၀၂၃ ခုနှစ် မတ်လအတွင်း ထပ်မံ အကွဲအပြဲဖြစ်နေခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ဒေါ်စောမြရာဇာလင်း ဦးဆောင်သောအဖွဲ့မှ ခေါင်းဆောင်ပိုင်းများ လုပ်ကြံသတ်ဖြတ်ခံရမှုများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။
You may also like these stories:
စစ်ဦးစီးချုပ်နှင့် တပ်မှူး ၂ ဦး အသတ်ခံရမှု AA လက်ချက်ဟု ALP ထုတ်ပြန်
စစ်တွေတွင် ALP ခေါင်းဆောင် ၃ ဦး ပစ်သတ်ခံရ
ALP ဗဟိုကော်မတီဝင် ၁ ဦးကို AA ဖမ်းဆီးသွားဟုဆို