သတင်း

ဖမ်းထားသည့် Mytel ကုမ္ပဏီဝန်ထမ်း ၂ ဦး AA ပြန်လွှတ်ပေး

Want create site? Find Free WordPress Themes and plugins.

AA က ဖမ်းဆီးထိန်းသိမ်းခဲ့သော ဆက်သွယ်ရေး လုပ်ငန်း ကုမ္ပဏီတခုဖြစ်သည့် Mytel ကုမ္ပဏီမှ ညွန်ကြားရေးမှူး အဆင့် ရှိသူ ၁ ဦးနှင့် ကားဒရိုင်ဘာ ၁ ဦးတို့ကို ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းက ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါ ပြန်လွတ်လာသူ ၂ ဦးမှာ စစ်တွေမြို့ အခြေစိုက် Mytel ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်နယ် ဆက်သွယ်ရေး ဆိုင်ရာညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်နှင့် ယာဉ်မောင်းဖြစ်သူ ဦးစောသိန်းမောင်တို့ ဖြစ်ပြီး ၎င်းတို့ကို ပေါက်တော မြို့နယ် မနော်သီရိကျေးရွာအတွင်း ကောင်းမွန်စွာ ပြန်လွှတ် ပေးလိုက်ခြင်း ဖြစ်ကြောင်း AA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ပြောသည်။

ဦးခိုင်သုခက “သူတို့ ၂ ယောက်ကို ပေါက်တောမြို့နယ်ထဲက မနော်သီရိကျေးရွာကို ပို့ပြီး ကောင်းမွန်စွာ ပြန်လွှတ် ပေး လိုက်ပါတယ်။ ကျနော်တို့က စစ်ဘက်ဆိုင်ရာ လုံခြုံရေးအရ မသင်္ကာလို့ ခဏ ခေါ်ယူ စစ်ဆေးခဲ့တာ။ ထိုးစစ်တွေက ပြင်းနေတော့ ပြန်လွှတ်ဖို့ အခွင့်မသာတဲ့အတွက် ဒီနေ့မှ ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ Mytel ဆက်သွယ်ရေး ကုမ္ပဏီမှ ဝန်ထမ်း ၂ ဦးကို လုံခြုံရေးအရ မသင်္ကာမှုဖြင့် AA အဖွဲ့က ပြီးခဲ့သော ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က ကျောက်တော်မြို့နယ်အတွင်းရှိ တောင်ပေါက်ကျေးရွာအနီးတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး မောင်မောင်စိုးကတော့ လက်ရှိအချိန်တွင် ၎င်းဝန်ထမ်း ၂ ဦးမှာ ပေါက်တော မြို့နယ် အတွင်းက သက်ဆိုင်ရာ ဌာနဆိုင်ရာများ၏ ပို့ဆောင်မှုကြောင့် စစ်တွေသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောသည်။

Mytel ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်း ၂ ဦးသည် ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေး လုပ်ငန်းများ တိုးမြှင့် ဆောင် ရွက်ရန် ကွင်းဆင်းဆောင်ရွက်စဉ် ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက ပျောက်ဆုံးသွားခဲ့ပြီး ဒေသခံပြည်သူများ၏ ပြောကြား ချက် အရ ၎င်းတို့ ၂ ဦးကို ကျောက်တော်မြို့၊ တောင်ပေါက်ကျေးရွာအနီး၌ AA အဖွဲ့က အကြောင်းမဲ့ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း တပ်မတော် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ ၂ ဦးမှာ ရခိုင်တိုင်းရင်းသားများဖြစ်ပြီး ဒေသအတွင်း ဆက်သွယ်ရေး လုပ်ငန်း များ ပိုမိုတိုးတက်အောင် ဆောင်ရွက်နေသူများ ဖြစ်ကြောင်းလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲ ကာလအတွင်း ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြားမြို့ စသည့် မြို့နယ်များကို ဇွန်လ ၂၁ ရက်နေ့မှ အစိုးရမှ အင်တာနက် ဖြတ်တောက်ထားသည်မှာ ယနေ့ အထိ ဖြစ်သည်။

ယမန်နေ့ကလည်း ချင်းပြည်နယ် ပလက်ဝ မြို့နယ်အတွင်းက ဖမ်းဆီးရမိသည့် တပ်မ ၇၇ လက်အောက်ခံ မှော်ဘီ အခြေစိုက် အမှတ် ( ၃၁၃ ) တပ်ရင်းမှ တပ်မတော်သား သုံ့ပန်း ၁၃ ဦးထဲမှ အသက်အရွယ်ကြီးရင့်နေသူ တပ်ကြပ် မောင်ထွေးနှင့် တပ်ကြပ် ဇော်ဇော် တို့ကိုလည်း ၎င်းမြို့နယ် ကင်းတလင်းရွာရှိ ရပ်မိရပ်ဖ လက်ထဲသို့ AA အဖွဲ့က လွှဲပြောင်းကာ ပြန်လွှတ်ပေးခဲ့သည်။

ထိုသို့ တပ်ကြပ်အဆင့်ရှိသူ စစ်သုံ့ပန်း ၂ ဦးကို ပြန်လွှတ်ပေးခြင်းမှာ ၂၀၂၀ ခုနှစ်အတွင်း စစ်ဘက်နှင့် သက်ဆိုင်သူများကို AA တပ်ဖွဲ့ အနေဖြင့် ပထမဆုံး အကြိမ် ပြန်လွှတ်ပေးခြင်း ဖြစ်သည်။

ယခုလ ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း ချင်းပြည်နယ်၊ ပလက်ဝမဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းအား AA အဖွဲ့က ပြန်လည် လွှတ်ပေးခဲ့သည်။

ရက္ခိုင့်စစ်တပ် (AA) အဖွဲ့သည် စစ်ဘက်၊ အရပ်ဘက် အပါအဝင် ဖမ်းဆီးထားသူများထဲမှ ၂၀၁၉ ခုနှစ်အတွင်း စစ်ဘက် နှင့် မသက်ဆိုင်သူများကို အသုတ်လိုက်ခွဲ၍ ၅ ကြိမ်တိတိ ပြန်လည်လွှတ်ပေးခဲ့ပြီ ဖြစ်ကာ စုစုပေါင်း ၆၆ ဦး ပြန်လွှတ် ပေးခဲ့ပြီ ဖြစ်ကြောင်းလည်း ဦးခိုင်သုခ က ရှင်းပြသည်။

ထိုသို့ အသုတ်လိုက် ပြန်လွှတ်ပေးသူများထဲတွင် ပလက်ဝမြို့နယ်အတွင်း ဖမ်းဆီးခဲ့သည့် ဆုထူး စံဆောက်လုပ်ရေး ကုမ္ပဏီဝန်ထမ်းများ၊ ရွှေနဒီသင်္ဘောပေါ်မှ ဖမ်းဆီးခဲ့သည့် အရပ်သားများ၊ မြောက်ဦးမြို့နယ်အတွင်းက ဖမ်းဆီးခဲ့သည့် မီးသတ်ဝန်ထမ်းများနှင့် အရပ်သား ပန်းရံအလုပ်သမားများ၊ ရသေ့တောင်မြို့နယ်အတွင်း အောင်တံခွန် သဘောၤပေါ်မှ ဖမ်းဆီးခဲ့သည့် ပို့ဆောင်ရေးဝန်ကြီးဌာနမှ ယာဉ်မောင်းများကိုလည်း AA အဖွဲ့က ပြန်လွှတ်ပေးခဲ့သည်။

AA တပ်ဖွဲ့ဝင်များ လက်ထဲတွင်ရှိသည့် စစ်ဘက်နှင့်သက်ဆိုင်သူများကိုမူ ဖမ်းဆီးချုပ်နှောင် ခံနေရသည့် ရခိုင် ပြည်သူများနှင့် ၎င်းတို့ တပ်ဖွဲ့ဝင်များကို အစိုးရအဖွဲ့မှ ပြန်လွှတ်ပေးမှသာ အပြန်အလှန်သဘောဖြင့် ပြန်လည် လွှတ်ပေးမည် ဖြစ်ကြောင်း ကမ်းလှမ်းထားသည်။

ရွှေနဒီ အမြန်ရေယာဉ်ပေါ်မှ ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်သားများ အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၇ ဦး၏ အမည်နှင့် ဓာတ်ပုံများကို ဖော်ပြပြီး သုံ့ပန်းချင်း လဲလှယ်လိုကြောင်း AA အဖွဲ့က ကမ်းလှမ်းခဲ့ရာ စစ်သုံ့ပန်း ဆိုင်ရာ လဲလှယ်ခြင်း စည်းမျဉ်း၊ စည်းကမ်းတွင် အကျုံးမဝင်သည့်အတွက် အကြမ်းဖက်အဖွဲ့နှင့် သုံ့ပန်းချင်း မလဲလှယ်ကြောင်း တပ်မတော်က ငြင်းပယ်ထားသည်။

လက်ရှိအချိန်တွင် အဆိုပါ ဖမ်းဆီးရမိသည့် တပ်မတော်သား စစ်သုံ့ပန်းများကို AA ၏ စစ်သုံ့ပန်းဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းထားသလို နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေများ နှင့်အညီလည်း ကောင်းမွန်စွာ ဆက်လက်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ဦးခိုင်သုခက ဆိုသည်။

လက်ရှိအချိန်အထိ AA အဖွဲ့အနေဖြင့် ၎င်းတို့ လက်ထဲတွင် ဖမ်းဆီးထားသည့် စစ်ဘက်၊ အရပ်ဘက် အရေအတွက် မည်မျှ ရှိသည်ဆိုသည်ကို ထုတ်ဖော်ပြောကြားမှု မရှိပါ။

ရခိုင်စစ်ပွဲကာလအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ကျရောက် ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ အရပ်သား သေဆုံးမှုမှ လည်း စာရင်း မပြုစုနိုင်အောင် တနေ့ထက်၊ တနေ့ များပြားလာနေသလို အခြားတဖက်တွင် သံသယဖြင့် ဖမ်းဆီး ချုပ်နှောင်ခံပြီး တရား ရင်ဆိုင်နေရသည့် ရခိုင်အရပ်သား အရေအတွက်မှာ ၂၀၀ နီးပါး ရှိနေသည်။

ယင်းအပြင် AA ခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်နှင့် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို အစိုးရက အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် တရားစွဲ ထားသလို လက်ရှိအချိန်တွင်လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီ၊ ညီမနှင့် ယောက်ဖ ဖြစ်သူများမှာလည်း အကြမ်းဖက် ဥပဒေဖြင့် တရားရင်ဆိုင်နေရသည်။

ရခိုင်ပြည်နယ်အတွင်း ၁ နှစ်ကျော် ကြာမြင့်နေပြီ ဖြစ်သော တပ်မတော်နှင့် AA အဖွဲ့တို့၏ တိုက်ပွဲကြောင့် စစ်ဘေးရှောင် အရေအတွက် သိန်းချီ ရှိလာသလို စစ်ပွဲဧရိယာမှာလည်း တဖြည်းဖြည်း ကျယ်ပြန့် လာနေသည်။

ယခုလ ဇန်နဝါရီလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင်လည်း မြေပုံမြို့နယ်အတွင်းက အင်းကြင်း ကျေးရွာ၏ မြောက်ဘက် တောင်တန်းများတွင် တပ်မတော်နှင့် AA အဖွဲ့တို့ နှစ်ဘက် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

ဆက်စပ်လင့်-

လူချင်းအလဲအလှယ် မလုပ်လျှင် စစ်ဘက်နှင့် ဆိုင်သူများကို လွှတ်ပေးမည်မဟုတ်ဟု AA ပြော

အသက်အရွယ်ကြီး စစ်သုံ့ပန်း ၂ ဦး AA ပြန်လွှတ်ပေး

ရခိုင်စစ်ပွဲကြောင့် စစ်ဘေးရှောင် ၁သိန်း ၆သောင်းကျော်ရှိလာဟု REC ထုတ်ပြန်

Did you find apk for android? You can find new Free Android Games and apps.
Loading