မြန်မာနိုင်ငံအတွင်းရှိ ကုမ္ပဏီများ ကော်ပိုရိတ် စီမံအုပ်ချုပ်မှု စနစ် (CG) ပြုပြင်ပြောင်းရေးအတွက် မလိုက်နာ မနေရ အမိန့် ညွှန်ကြားချက်ကို ဧပြီလ အတွင်း ထုတ်ပြန်မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ၏ အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦးက ပြောသည်။
ကော်ပိုရိတ် စီမံအုပ်ချုပ်မှု စနစ် ဆိုသည်မှာ နိုင်ငံအတွင်းရှိ ရန်ကုန် စတော့အိတ်ချိန်းရုံး (YSX) စာရင်းဝင် ကုမ္ပဏီများနှင့် အစုရှယ်ယာရှင် ၁၀၀ အထက် ရှိသော အများနှင့် သက်ဆိုင်သော ကုမ္ပဏီများ၏ စီမံခန့်ခွဲမှုများ စနစ်တကျ ရှိစေရန်၊ အများပြည်သူသို့ ပွင့်လင်း မြင်သာမှု ရှိစေရန်နှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိသော စနစ်များ ရှိစေရန်အတွက် ထုတ်ပြန်ပေး မည့် စည်းကမ်းချက်များ ဖြစ်သည်။
အဆိုပါ စနစ်၏ ရည်ရွယ်ချက် အနေဖြင့် စီးပွားရေးလုပ်ငန်း လုပ်ဆောင်နေကြသည့် ကုမ္ပဏီကြီးများအတွက် ကာလရှည် ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေးဆိုင်ရာ တည်ငြိမ်မှု၊ ဂုဏ်သိက္ခာရှိမှုများ အတွက် မရှိမဖြစ် အရေးကြီးသည့် အများပြည်သူ ယုံ ကြည်စိတ်ချမှု၊ ပွင့်လင်း မြင်သာမှုနှင့် တာဝန်ယူမှုများဖြင့် ဝန်းကျင်တရပ် ထူထောင်ရေး ဖြစ်ကြောင်း သိရသည်။
အဆိုပါ CG စနစ် ပြောင်းလဲရေး အတွက် မြန်မာနိုင်ငံ ငွေချေး သက်သေခံ လက်မှတ်များ ရောင်းဝယ် လဲလှယ်ရေး ဥပဒေ နှင့် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ တို့ကို ကိုးကား၍ ထုတ်ပြန်ခြင်း ဖြစ်ပြီး ယင်းကို စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု နှင့် ဖွ့ွံဖြိုးတိုးတက်မှု အဖွဲ့အစည်း (OECD)၊ ငွေချေး သက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် (SECM)နှင့် ရင်းနှီးမြှုပ်နံှမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) တို့မှ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အမြဲတမ်းအတွင်း ဝန် ဦးအောင်နိုင်ဦးက ပြောသည်။
၎င်းက “ပြီးခဲ့တဲ့ ၂၀၁၃ မှာ OECD နဲ့ပေါင်းပြီး မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု မူဝါဒများ ပြန်လည် ဆန်းစစ်ခြင်းကို လုပ်ခဲ့ တယ်။ အဲဒီအချိန်က မြန်မာနိုင်ငံမှာ ကော်ပိုရိတ် စီမံအုပ်ချုပ်မှုနဲ့ ပတ်သက်ပြီး ဥပဒေက ခိုင်ခိုင်မာမာ မရှိဘူး။ စည်းမျဉ်း စည်းကမ်းတွေ မူဘောင်တွေလည်း မရှိဘူး။ ဒါကြောင့်၂၀၁၄ လောက်က စပြီးတော့ ဒါကို အားကောင်းလာဖို့ လုပ်ငန်းစဉ် စတင်ခဲ့တယ်။ အခု ကော်ပိုရိတ်ကို ဒီနှစ် ဧပြီလမှာ ထုတ်ပြန်ဖု့ိ လုပ်နေတယ်” ဟု ရှင်းပြသည်။
မြန်မာနိုင်ငံ၏ ကော်ပိုရိတ် စီမံအုပ်မှု စနစ်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် စတင် ဆောင်ရွက်ခဲ့ကာ နိုဝင်ဘာလတွင် OECD၊ SECM နှင့် DICA တို့မှ နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ပြီး၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် လုပ်ငန်းစဉ်များ လုပ် ဆောင်ခဲ့ခြင်း ဖြစ်သည်။
ဦးအောင်နိုင်ဦးက “ကုမ္ပဏီကြီးတခုက ငွေကြေး အရင်းအမြစ်တွေ ရဖို့နဲ့ သူ့ရဲ့ ငွေကြေး လည်ပတ်မှု ကောင်းဖို့ဆိုရင် ကော် ပိုရိတ် စီမံအုပ်ချုပ်မှု စနစ်ကို ကျင့်သုံးရတယ်။ နိုင်ငံတိုင်းမှာလည်း သုံးပါတယ်။ ပြည်တွင်း အရင်းနှီး ဈေးကွက်ကြီး ဖွံ့ဖြိုး တိုးတက်ဖို့ ဆိုရင် ဒါက အင်မတန်ကို အရေးပါတယ်” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက “ကော်ပိုရိတ် စီမံအုပ်ချုပ်မှုက နိုင်ငံတိုင်း လိုလိုမှာ ရှိတယ်။ ကျနော်တို့က အတော်နောက်ကျခဲ့တော့ အသစ်က စနေရတဲ့ အနေအထားဖြစ်တယ်။ ဒီစနစ်က နိုင်ငံတခုနဲ့ တခု အခြေခံခြင်း မတူဘူး။ ကိုယ့်တိုင်းပြည်ရဲ့လက်ရှိ အခြေနေတွေ ကိုယ်ဖြစ်ချင်တာ လုပ်နိုင်တာတွေ အပေါ်ကို အခြေခံပြီးမှ ကော်ပိုရိတ် စီမံအုပ်ချုပ်မှုတွေကို ကိုယ့်နိုင်ငံရဲ့ ဥပဒေများကို ကိုးကားပြီးမှ ဆွဲလေ့ ရှိကြပါတယ်” ဟု ရေးဆွဲမှု ပုံစံကို ရှင်းပြသည်။
အထက်ပါ စနစ် ပြောင်းလဲရာတွင် အဓိက အချက်အနေနှင့် ကုမ္ပဏီကြီးများနှင့် အများပိုင် ကုမ္ပဏီများ၏ ဒါရိုက်တာ အဖွဲ့ တွင် အနည်းဆုံး သီးခြား လွတ်လပ်သော ဒါရိုက်တာ တယောက် မဖြစ်မနေ ပါဝင်ရမည် ဖြစ်ခြင်း၊ ထိုသူသည် စာရင်း စစ် ကော်မတီ၏ ဥက္ကဋ္ဌလည်း ဖြစ်ရမည်ဟု ၎င်းက ပြောသည်။
ထို့ပြင် ကုမ္ပဏီများ၏ ငွေကြေးဆိုင်ရာ စစ်ဆေးမှုများ ဆောင်ရွက်ရာတွင်လည်း မိမိကုမ္ပဏီ အတွင်း စစ်ဆေးခြင်းသာမက ပြည်ပမှ နားလည် တတ်ကျွမ်းသော သီးခြား ဒါရိုက်တာလည်း ထားရှိရမည့် စသည့် အချက်များ ပါရှိကြောင်း သိရသည်။
ဖော်ပြပါ စည်းကမ်းချက်များကို လိုက်နာမှု မရှိလျှင် အရေးယူ ဆောင်ရွက်မည့် အချက်များကိုလည်း အသိပေး ထုတ်ပြန် ပေးမည် ဖြစ်ကြောင်း ဆိုသည်။
“သတိပေးချက် ထုတ်ပြန်မှာ ဖြစ်တဲ့အတွက် ကုမ္ပဏီတွေ အားလုံးက မလိုက်နာ မနေရ။ လိုက်နာနိုင်အောင် သူတို့ကို အချိန်ပေးထားတယ်။ နောက်ဆုံး ပြင်ဆင်ချိန်နဲ့ လိုက်နာဖို့ လုပ်ငန်းရဲ့လွယ်ကူတဲ့ကိစ္စဆို၂၀၂၀ အောက်တိုဘာမှ စလိုက် နာရမယ် အချိန်ယူရမယ့် ကိစ္စဆို ၂၀၂၁ အောက်တိုဘာမှ စလိုက်နာဖို့ အချိန်ခွဲပြီး သတ်မှတ်ထားတယ်” ဟု ဦးအောင် နိုင်ဦးက ပြောသည်။
ယခင်က CG စနစ် မရှိသဖြင့် တိကျသော စည်းမျဉ်းစည်းကမ်း မရှိသည့်အတွက် ဘဏ်များ အနေနှင့်လည်း ဒီကုမ္ပဏီသည် ဘယ်လောက် ကော်ပိုရိတ် အားကောင်းလည်း ဆိုသည့် အချက်ကို ဆန်းစစ်ရခက်ခဲခြင်းကြောင့် လုပ်ငန်းချေးငွေ ချပေးရာ တွင် အခက်အခဲများ ရှိခြင်းနှင့် အများပြည်သူမှ အများပိုင် ကုမ္ပဏီတခုတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည်ဆိုပါက ဆန်းစစ်ရ ခက်ခဲခြင်း စသည့် အချက်များ ရှိကြောင်း သိရသည်။
ထိုကြောင့် ကော်ပိုရိတ်စနစ် အသက်ဝင်လျှင် ကုမ္ပဏီများ အနေနှင့်လည်း ငွေကြေးလက်ခံမှု ပိုကောင်းသွားမည့် အပြင် ရင်းနှီးမြှုပ်နှံမည့် အများပြည်သူများနှင့် ငွေချေးမည့်ဘဏ်များ အနေနှင့်လည်း ကုမ္ပဏီ၏ ခိုင်မာမှု မည်မျှရှိသည်ကို အကဲဖြတ်၍ လုပ်ဆောင်နိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုဥက္ကဋ္ဌ ဒေါက်တာ မျိုးသက်က “ဒီ စနစ်ကို လိုက်နာမယ် ဆိုတာ ထက် ပြုပြင်ပြောင်းလဲရေး လုပ်သင့်တာပေါ့နော်။ ကျနော်တို့ ဆီမှာက မိသားစု စီးပွားရေး Small ကုမ္ပဏီလေးတွေ သွားနေ တာ များတယ်။ အဲတော့ Family Type ကို Macro Business ပြောင်းသင့်တာ ကြာပြီ။ ပြီး ခဲ့တဲ့ ၃ နှစ်လောက်ထဲက ကျနော် ဆို အစည်းဝေးပွဲတွေမှာ ဒါကို ပြောတယ်။ Family to Macro Business ပေါ့နော်”ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “CG က အရမ်း အရေးကြီးတယ်။ ကောင်းမွန်တဲ့ အုပ်ချုပ်တဲ့ နည်းစနစ်နဲ့ မသွားသေး သရွေ့ ကုမ္ပဏီ ချဲ့ချင်တိုင်း ချဲ့ ကြီးချင်တိုင်း ကြီးလို့ မကောင်းဘူး။ စနစ်မရှိဘူး။ Family ပုံစံနဲ့ သွားနေရင် အားနာတာရယ်၊ လိုက် လျော တာရယ်ဆိုတော့ ကြက်ကန်းတိုးပြီး ချမ်းသာရင် ချမ်းသာမယ်။ တကယ့် တကယ်ကျတော့ စနစ်ကျတဲ့ နည်း မဟုတ်ဘူး။ ဒါကြောင့် ကောင်းမွန်တဲ့ အုပ်ချုပ်ရေး စနစ်တခုနဲ့ သွားမှ ဖြစ်မှာ။ ဒါကြောင့် CG စနစ်ကို ဘယ်လောက်ထိ ကုမ္ပဏီတွေ လိုက်နာမလဲ ဆိုတာထက် လိုက်ကို လိုက်နာရမှာ” ဟု ဆိုသည်။
CG စနစ်သည် ကိုယ်ပိုင်ကုမ္ပဏီတခု မှစ၍ အများပိုင် ကုမ္ပဏီဖြစ်သည်အထိ အရေးကြီးသော ကိစ္စရပ် တခု ဖြစ်ပြီး မပြောင်းလဲနိုင်သော သူသည် ကျန်ခဲ့မည် ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။
ယခု ကော်ပိုရိတ် စည်းမျဉ်းထဲတွင် အရေးကြီးသည့် အချက် ၄ ချက် ပါဝင်ပြီး ယင်းတို့မှာ Control စနစ်ဖြစ်သော ကုမ္ပဏီ အတွင်းမှာ ထိန်းသိမ်း ဆောင်ရွက်မှုများ၊ စာရင်းစစ် ကော်မတီများ၊ လုပ်ကိုင်ဆောင်ရွက်နေမှု စည်းမျည်း စည်းကမ်းများနှင့် ညီညွှတ်မှု ရှိအောင် စစ်ဆေးခြင်း အစရှိသည်တို့ ပါဝင်ကြောင်း သိရသည်။
You may also like these stories:
ဦးစန်းမောင်ဦးနှင့် မိသားစုဝင်များက သတင်းသမားများအား ကိုယ်ထိလက်ရောက် ကျူးလွန်
သံအရာရှိ အဂတိမှု သံသယဖြစ်ဖွယ်ရာ ငွေလွှဲပြောင်းမှုများ တွေ့ထားဟုဆို
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမား သံအရာရှိကို အဂတိ လိုက်စားဖြင့် အရေးယူ