သတင်း

မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု ကျဆင်းဟု ကုလသမဂ္ဂ အစီရင်ခံ

Want create site? Find Free WordPress Themes and plugins.

ယမန်နှစ် ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု ကျဆင်းလာသည်ဟု ကုလသမဂ္ဂစစ်တမ်းက ဆိုသည်။ ဘိန်းစိုက်ပျိုးမှုကျဆင်းလာသည်မှာ ၂၀၁၄ ခုနှစ်ကတည်းက ဆက်တိုက်ကျလာခြင်းဖြစ်သည်။ ဤသို့ဖြစ်ရခြင်းသည် ဒေသတွင်းရှိ မူးယစ်ဆေးဝါးဈေးကွက်က ဓါတုဆေးဝါးများကို အခြေခံသော စိတ်ကြွမူးယစ်ဆေးဝါးထုတ်လုပ်ရေးဘက်သို့ ဆက်တိုက်ကူးပြောင်းနေသောကြောင့် ဖြစ်သည်။

အင်္ဂါနေ့က နေပြည်တော်တွင် ထုတ်ပြန်သည့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းဆိုင်ရာရုံး (UNDOC) ၏ မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု စစ်တမ်း (၂၀၁၉) အရ ၂၀၁၉ ခုနှစ်တွင် ဘိန်းစိုက်ပျိုးသည့် ပမာဏ ၁၁ ရာခိုင်နှုန်းကျဆင်းသည်။ စုစုပေါင်း စိုက်ပျိုးမှု ၃၃၁၀၀ ဟက်တာ ရှိသဖြင့် ၂၀၁၄ ခုနှစ်က ၅၇၆၀၀ ဟက်တာမှ ဆက်လက်ကျဆင်းနေကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် ဘိန်းစိုက်ပျိုးမှု လျော့ကျသည်မှာ ၇ ရာခိုင်နှုန်း၊ ရှမ်းအရှေ့ပိုင်းတွင် ၈ ရာခိုင်နှုန်းနှင့် ရှမ်းတောင်ပိုင်းဒေသတွင် ၁၇ ရာခိုင်နှုန်း အသီးသီး လျော့ကျသည်။

သို့သော် ကချင်ပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု အနည်းငယ်မြင့်တက်ပြီး ၂၀၁၈ ခုနှစ်ကထက် ၁၅ ရာခိုင်နှုန်း ပိုသည်။

ဘိန်းစိုက်ပျိုးမှုအရေအတွက် ကျဆင်းသော်လည်း ရှမ်းနှင့် ကချင်ပြည်နယ်မှ မတည်ငြ်ိမ်သည့် ပဋိပက္ခဒေသများတွင် စိုက်ပျိုးမှု အများဆုံး ဆက်ရှိနေသည်ဟု UNODC ကဖေါ်ပြသည်။

ဘိန်းစိုက်ပျိုးမှု၊ ဘိန်းဖြူထုတ်လုပ်ရောင်းဝယ်မှုနှင့် ဘိန်းဖြူနှင့် ဓါတုဆေးဝါးများကိုအခြေခံ ထုတ်လုပ်သော မူးယစ်ဆေးဝါးအပါအဝင် ပြောင်းလဲနေသည့် တရားမဝင်မူးယစ်ဆေးဝါးနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းများသည် နိုင်ငံအတွင်းနှင့် နယ်စပ်ထိစပ်နယ်မြေများ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိခိုက်နေသည်ဟုလည်း ထိုအစီရင်ခံစာတွင် ဖေါ်ပြထားသည်။

ရှမ်းနှင့် ကချင်ပြည်နယ်များသည် မြန်မာနိုင်ငံ၏ အဓိက ဘိန်းထုတ်သော ဒေသများဖြစ်ပြီး UNODC စစ်တမ်းသည် ထိုပြည်နယ်များကို အဓိက လေ့လာထားသည်။ ၂၀၁၈ ခုနှစ်က စစ်တမ်းတွင်မူ ချင်းနှင့် ကယားပြည်နယ်များကိုလည်း ထည့်သွင်းလေ့လာခဲ့သည်။ မြန်မာ့ဘိန်းစစ်တမ်းကို UNODC နှင့် ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက် မူးယစ်ဆေးဝါး အန္တရယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ (CCDAC) တို့ ပူးတွဲပြုစုခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်တွင် ယခုလက်ရှိ မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု၏ ၈၅ ရာခိုင်နှုန်းရှိသည်။ စိုက်ပျိုးမြေ အကျယ်အဝန်းမှာ ၂၀၁၉ ခုနှစ်တွင် ၂၈၀၀၀ ဟက်တာရှိသဖြင့် ၁၄ ရာခိုင်နှုန်း ကျဆင်းသည်။ ဤသို့ စိုက်ပျိုးမှုကျဆင်းလာသည်မှာ ၂၀၁၅ ခုနှစ်ကတည်းက ဖြစ်ပြီး၊ ထိုစဉ်က ရှမ်းပြည်နယ်တွင် ခန့်မှန်းခြေ ၅၀၃၀၀ ဟက်တာအထိ စိုက်ပျိုးခဲ့သည်။ ရှမ်းပြည်နယ်ဘိန်းစိုက်ပျိုးမှုသည် ၂၀၁၈ ခုနှစ်က ၃၆၁၀၀ ဟက်တာရှိပြီး ၂၀၁၇ ခုနှစ်တွင် ၄၁၀၀၀ ဟက်တာရှိခဲ့သည်။

ကချင်ပြည်နယ် မူးယစ်ဆေးဝါး စိုက်ပျိုးမှုသည် တနိုင်းမြို့နယ် အနောက်မြောက်ဖက်ဒေသနှင့် မြစ်ကြီးနားမြို့ အရှေ့ဖက် တရုတ်နယ်စပ်ဒေသတွင် အဓိကစိုက်ပျိုးကြောင်း UNODC အရှေ့တောင်အာရှနှင့် ပိစိဖိတ်ရုံးမှ မူးယစ်ဆေးဝါးအစီအစဉ် သုတေသီ အင်ရှစ်ဆင်း (Inshik Sim) က ဧရာဝတီ သတင်းဌာနသို့ အီးမေးလ်ဖြင့် ဖြေကြားသည်။ မြစ်ကြီးနားမြို့အရှေ့ဖက် တရုတ် မြန်မာနယ်စပ်တွင် စစ်တပ်ကျောထောက်နောက်ခံပြု နယ်ခြားစောင့်တပ်ဖြစ်သည့် ဒီမိုကရေစီသစ်တပ်မတော်-ကချင် (NDA-K) ထိန်းချုပ်ထားသည့် ဒေသဖြစ်သည်။ NDA-K သည် တရုတ်နိုင်ငံနှင့်နယ်စပ် ဝိုင်းမော်မြို့နယ်မှ ဆဒုံး မြို့နယ်ခွဲတွင်ပါဝင်သော ဆဒုံး-ကန်ပိုက်တီး ကုန်သွယ်ရေးလမ်းကြောင်းကို တစိတ်တပိုင်း ထိန်းချုပ်ထားသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီက ထုတ်ပြန်ခဲ့သည့် UNODC အစီရင်ခံစာနှင့် ပတ်သက်ပြီး UNODC သည် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ဝေဖန်မှုကို ခံခဲ့ရသည်။ ထိုအစီရင်ခံစာပါ ဖော်ပြချက်တွင် မြန်မာနိုင်ငံဘိန်းစိုက်ပျိုးမှုသည် ထိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းက ထိန်းချုပ်ထားသော ဒေသများတွင် အမြင့်ဆုံးဖြစ်သည်ဟု ဆိုခဲ့သည့်အတွက် ဖြစ်သည်။

ထို့နောက် ၂၀၁၉ ခုနှစ် ဇွန်လတွင် KIO သည် သီးခြားစစ်တမ်းတခု ထုတ်ပြန်ပြီး၊ ၂၀၁၈ ခုနှစ် ဇူလိုင်လမှ ၂၀၁၉ ခုနှစ်မတ်လအတွင်း ၎င်းတို့ ကောက်ယူသည့် အချက်အလက်များအရ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် ဟက်တာ ၁၀၀၀၀ ကျော်ရှိကြောင်း၊ ဒေသတွင်း ဘိန်းစိုက်ပျိုးမှုသည် မကျဆင်းပဲ တိုးလာကြောင်း ဖေါ်ပြခဲ့သည်။

UNODC အစီရင်ခံစာက ၂၀၁၉ ခုနှစ်အတွင်း ဘိန်းပင်များကို ရှမ်းပြည်မြောက်ပိုင်းဒေသ အရှေ့ဘက်ခြမ်းတွင် အများအပြားစိုက်ပျိုးသည်ဟု ဖော်ပြသည်။ ထိုဒေသတွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ စစ်တပ်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်များနှင့် မြန်မာ့တပ်မတော် တပ်ရင်းများ အများအပြား အခြေစိုက်သည်။ ရှမ်းပြည်မြောက်ပိုင်းဒေသ အများစုသည် ဘိန်းစိုက်ပျိုးမှု အလယ်အလတ် ရှိသောဒေသများဖြစ်သည်။

ထိုစစ်တမ်းသည် ဂြိုလ်တုမှ ရိုက်ကူးထားသော ပုံများကို သရုပ်ခွဲလေ့လာမှုနှင့် ဘိန်းစိုက်ကျေးရွာများကို ကွင်းဆင်းပြီး၊ ဘိန်းစေးအထွက်နှုန်းကို တိုင်းတာခြင်း၊ စိုက်ပျိုးသူများနှင့် တွေဆုံမေးမြန်းခြင်းတို့မှ ရရှိသည့် သတင်းအချက်အလက်များကို အခြေခံသည်။

“အချို့ဒေသများ အထူးသဖြင့် ကချင်နှင့် ရှမ်းပြည်မြောက်ပိုင်းတို့သည် ပဋိပက္ခ ဒေသများ ဖြစ်သော ကြောင့် မိမိတို့ ဝန်ထမ်းများ လုံခြုံရေးကအဓိက စိန်ခေါ်မှုဖြစ်သည့်အတွက် လုံခြုံရေးအခြေအနေအပေါ် သုံးသပ်ပြီး အစိုးရနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်” ဟု မစ္စတာ ဆင်းက ဆိုသည်။

UNODC အရှေ့တောင်အာရှနှင့် ပစိဖိတ်ရုံး၏ ဒေသဆိုင်ရာရုံး ကိုယ်စားလှယ် မစ္စတာ ဂျေရမီ ဒေါက်ဂလပ်စ်က ရှမ်းပြည်နယ်ရှိ လူမှုအသိုင်းအဝိုင်းများကို ဘိန်းစိုက်ပျိုးခြင်းထက် ရေရှည်တည်တံ့သော အခြားစီးပွားရေးအခွင့်အလမ်းရရှိနိုင်ရေး စပ်ကူးမတ်ကူးကာလတွင် ကူညီရန် အစိုးရနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည် ဟုဆိုသည်။ ထို့အတူ ကချင်ပြည်နယ် အခြေအနေအရ ထိုဒေသရှိ လိုအပ်ချက်များကို ကူညီနိုင်မည့် နည်းလမ်းများကို ဆွေးနွေးမည်ဟုလည်း ဆိုသည်။

မြန်မာအစိုးရကလည်း UNODC နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ကတိပြုပြီး ဘိန်းထွက်ဒေသများသို့ အထောက်အပံ့ ပိုမိုပေးမည်ဟု ပြောဆိုသည်။

“ဂိုဏ်းဖွဲ့ ရာဇဝတ်မှုများနှင့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ နယ်စပ်ဖြတ်ကျော် မှောင်ခိုခြင်း ကို ကိုင်တွယ်ဖြေရှင်းရန် မဲခေါင်ဒေသတွင်း နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားသော နိုင်ငံများနှင့် UNODC တို့နှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့မည်” ဟု ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြောင်း UNODC ၏ ဖေဖော်ဝါရီ ၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ (ဖြည့်စွက်ချက် – ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေသည် ဖေဖော်ဝါရီ ၄ ရက်နေ့တွင်ပင် ပြည်ထဲရေးဝန်ကြီးအဖြစ်မှ အနားယူသွားပြီ ဖြစ်သည်။ )

“နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းတွေက ဘိန်းဖြူရရှိဖို့နဲ့ ဓါတုဆေးဝါးအခြေခံ မူးယစ်ဆေးဝါးထုတ်လုပ် မှောင်ခိုကူးဖို့ မြောက်ပိုင်းက ပဋိပက္ခဒေသတွေကို အသုံးပြုနေတယ်။ သူတို့မှာ ဒီနယ်မြေကို သွားလာနိုင်ပြီး စီးပွားရေးလုပ်ဖို့ အဆက်အသွယ်တွေလည်းရှိနေတယ်” ဟု မစ္စတာ ဒေါက်ဂလပ်စ်က ပြောသည်။

“ဒီအခြေအနေက အာရှပိစိဖိတ်ဒေသအပေါ် အကြီးအကျယ် ရိုက်ခတ်တယ်။ မြန်မာနိုင်ငံနဲ့ မဲခေါင်ဒေသက တရားမဝင်မူးယစ်ဆေးဝါးနဲ့ဆက်စပ်တဲ့ စီးပွားရေးကိစ္စ ဖြေရှင်းရေးဟာ အားလုံးရဲ့ အကျိုးစီးပွားအတွက်ဖြစ်တယ်” ဟုလည်း ၎င်းက ပြောသည်။

ယခုလ နှောင်းပိုင်းတွင် UNODC သည် သတင်းအချက်အလက်ဖလှယ်ရန်နှင့် လက်တွေ့ အစီအစဉ်များ ခိုင်ခိုင်မာမာချမှတ်ရန် အရှေ့တောင်အာရှ၊ အရှေ့အာရှ၊ တောင်အာရှ၊ မြောက်အမေရိကနှင့် သြစတြေးလျတို့မှ အဆင့်မြင့် ဥပဒေ စိုးမိုးရေး အရာရှိများနှင့် အစည်းအဝေးကျင်းပရန် ရှိသည်။

ပထဝီဝင်အနေအထားဆိုင်ရာ သတင်းအချက်အလက်များအပြင် ထိုအစီရင်ခံစာသည် တဟက်တာ ပျှမ်းမျှဘိန်းအထွက်နှုန်း၊ ဘိန်းဈေးနှုန်းနှင့် ဈေးကွက်ဆိုင်ရာ အချက်အလက်များကိုလည်း မှတ်တမ်းတင်ထားသည်။ မြန်မာနိုင်ငံ၏ ၂၀၁၉ ခုနှစ် ပျှမ်းမျှ ဘိန်းထွက်နှုန်းသည် တဟက်တာလျှင် ၁၅.၄ ကီလိုဂရမ်ဖြစ်ပြီး ၂၀၁၈ ခုနှစ်ကထက် ၉ ရာခိုင်နှုန်း တိုးလာသည်။

၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ဘိန်းဈေးနှုန်းသည် ၆၀ ရာခိုင်နှုန်းကျော် ကျဆင်းသည်။ ဘိန်းစိုက်ပျိုးတောင်သူများရရှိသောဝင်ငွေ ဆက်လက်ကျဆင်းနေပြီး ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များအကြား ၄ မှ ၇ ရာခိုင်နှုန်းအကြား ကျဆင်းသည်။ လွန်ခဲ့သော ၄ နှစ်အတွင်း မယုံနိုင်လောက်အောင် ဈေးကျပြီး၊ ဈေးနှုန်းကျဆင်းမှု စုစုပေါင်းမှာ ၅၁ မှ ၆၃ ရာခိုင်နှုန်းအကြားရှိသည်။

၂၀၁၉ ခုနှစ် ပြည်တွင်းဘိန်းသုံးစွဲမှုနှင့် ပြည်ပ တင်ပို့မှုလည်း ကျဆင်းခဲ့သည်။ မြန်မာနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် ဘိန်းဖြူ ၆ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၅၂ သန်း မှ ၂၉၀ သန်းအကြား သုံးစွဲပြီး၊ ၂၀၁၈ ခုနှစ်က ၇.၆ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၃၈ သန်းမှ ၄၀၁ သန်းအကြားသုံးစွဲခဲ့သဖြင့် သုံးစွဲမှု ကျဆင်းလာသည်။

မြန်မာနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် ဘိန်းဖြူ ၂၃ မှ ၅၂ တန်အထိ ပြည်ပတင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁ ဘီလျှံဖိုးအထိရသည်။ ၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံသည် ဘိန်းဖြူ ၂၀ မှ ၄၅ တန်အထိတင်ပို့ပြီး တန်ဖိုးအားဖြင့် အမေရကန်ဒေါ်လာ ၁.၈ ဘီလျှံရှိသည်။

ထိုသို့ ကျဆင်းနေမှုများက နိုင်ငံတွင်းနှင့် ဒေသအတွင်းတွင် မြန်မာမှ ဘိန်းထွက်ပစ္စည်းများအတွက် ဝယ်လိုအားကျဆင်းနေကြောင်း ပြသနေသည်ဟု အစီရင်ခံစာက မှတ်ချက်ချသည်။

ဘိန်းစိုက်တောင်သူများအတွက် အခြား ဝင်ငွေရလမ်းရလာစေသောအကူအညီများကြောင့် ဘိန်းစိုက်ပျိုးမှု တစိတ်တပိုင်းလျှော့ကျကြောင်းလည်း မစ္စတာဆင်းက ဆိုသည်။

“သို့သော် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံတွေက မူးယစ်ဆေးဝါး ဈေးကွက်တွေ အလျင်အမြန် ပြောင်းလဲနေ တာကို သတိပြုဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် opiates (ဘိန်းနှင့် ဘိန်းဖြူ) မှ မက်သာဖက်တမင်း ကဲ့သို့ ဓါတုဆေးဝါးအခြေခံထုတ်လုပ်သော မူးယစ်ဆေးဝါး ဈေးကွက်ကို အလျှင်အမြန်ကူးပြောင်းနေတယ်။ ဒေသတွင်း စိန်ခေါ်မှုတွေအနက် တခုက မူးယစ်ဆေးထုတ်လုပ်ရာမှာ သုံးတဲ့ ဓါတုမူးယစ်ဆေး ထုတ်လုပ်တဲ့ နေရာတွေဆီ တရားမဝင် မှောင်ခိုရောင်းချနေတာ ဖြစ်တယ်” ဟု မစ္စတာဆင်းက ရှင်းပြသည်။

UNODC သည် စိတ်ကြွမူးယစ်ဆေးထုတ်လုပ်ရာတွင်သုံးသည့် ဓါတုပစ္စည်းများ ထိန်းချုပ်ရေး ပိုကောင်းလာစေသည့် အစီအစဉ်တခုကို ဒေသတွင်းတွင် မကြာသေးမီက စတင်ခဲ့သည်။ ထိုအစီအစဉ်သည် အရှေ့တောင်အာရှနိုင်ငံများက မူးယစ်ဆေးဝါးဖမ်းဆီးခြင်းသက်သက်မှ ဓါတုပစ္စည်း စီးဆင်းမှု ဖြေရှင်းရေးကို အာရုံစိုက်စေသော သေနင်္ဂဗျူဟာများကို ပြောင်းလဲ အသုံးပြုရန် ဖြစ်သည်။

ဘိန်းဖြူ ဝယ်လိုအား ဆက်လက်ကျဆင်းနေသော်လည်း ရာဇဝတ်ဂိုဏ်းများသည် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးမှ ဝင်ငွေအများအပြား ဆက်လက်ရရှိနေဆဲဖြစ်သည်။

မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူထုတ်လုပ်မှုသည် အရှေ့တောင်အာရှနှင့် အရှေ့အာရှ၊ သြစတြေးလျ အပါအဝင် အိမ်နီးချင်းနိုင်ငံများရှိ အများပြည်သူ ကျန်းမာရေးနှင့် လုံခြုံရေးတို့အတွက် စိန်ခေါ်မှုကြီး ဆက်ဖြစ်နေသည်။

ဒေသတွင်းတွင် ဘိန်းဖြူသုံးစွဲသူ ခန့်မှန်းခြေ ၃ သန်းခန့်ရှိနေသေးပြီး လက်လီရောင်းချမှု ဈေးကွက်သည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံဖိုး ရှိသည်။

(Nyein Nyein ၏ Myanmar Opium Cultivation in Decline: UN Report  ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

အာရှ၏ မူးယစ်ရာဇာနောက် ခြေရာခံလိုက်ခြင်း

ရပ်တည်ရန်ခက်ခဲနေဆဲ ရှမ်းမြောက်ဒေသဆေးဖြတ်စခန်းများ

စစ်တိုင်း ၁၂ ခုတွင် မူးယစ်ဆေး ကန်ဒေါ်လာ ၂၃၃ သန်းကျော်ဖိုး တနှစ်အတွင်း ဖမ်းမိ

စစ်တိုင်း ၁၂ ခုတွင် မူးယစ်ဆေး ကန်ဒေါ်လာ ၂၃၃ သန်းကျော်ဖိုး တနှစ်အတွင်း ဖမ်းမိ

Did you find apk for android? You can find new Free Android Games and apps.
Loading