ရည်းစားဟောင်းဖြစ်သူ သရုပ်ဆောင် နေဒွေးအား ဥပဒေပုဒ်မ ၃၂၃ ဖြင့် တရားစွဲဆိုထားတဲ့ သရုပ်ဆောင် သံစဉ်မောင်ကတော့ ဒီအမှုအတွက် သူမရဲ့နစ်နာမှုတခုကြောင့် ဥပဒေအရ ဆောင်ရွက်တာဖြစ်ပြီး သက်သေအတုနဲ့ မလုပ်တတ်ဘူးလို့ ပြောပါတယ်။
“အခုက ကျမရဲ့နစ်နာမှုတွေအတွက် ဥပဒေအရ ဆောင်ရွက်တာပါ။ ဘာပဲဖြစ်ဖြစ် ကျမရဲ့နစ်နာမှုအတွက် ရှေ့ဆက်ပြီးတော့ သွားမယ်။ တရားဥပဒေအရ အချိန်ကျရင် ဘယ်သူကအမှန်၊ ဘယ်သူကအမှားဆိုပြီး သိလာမှာပါ။ ကျမအတွက်တော့ တရားမျှတမှုပဲ လိုချင်တာ။ ကျမနစ်နာတဲ့အတွက်”လို့ သံစဉ်မောင်က ပြောပါတယ်။
စွပ်စွဲခံရသူဘက်မှလည်း ပြန်လည် တရားစွဲမယ့်အကြောင်းကို မီဒီယာများမှတဆင့် ပြောခဲ့တဲ့အပေါ်မှာလည်း သံစဉ်မောင်က အခုလိုပြောပါတယ်။
“သူ့ဘက်မှာလည်း ရှိရင်စွဲပေါ့။ ဘာပဲဖြစ်ဖြစ် သူမှန်တယ်ဆိုလည်း မှန်တဲ့အတိုင်း ဆက်သွားပေါ့။ ကျမကတော့ သက်သေအတုနဲ့တော့ မလုပ်တတ်ဘူး။ ကျမမှာ အမှန်တရားရှိတယ်။ တရားရုံးမှာ အကုန်တင်ပြထားပြီးသား။ တရားသူကြီးအမိန့်နဲ့ ရှေ့ဆက်သွားမှာပါ” လို့ သံစဉ်မောင်က ပြောပါတယ်။
လက်ရှိမှာတော့ ဖေဖော်ဝါရီ ၇ ရက်နေ့က ဒုတိယရုံးချိန်းအဖြစ် တာမွေတရားရုံးသို့ စွပ်စွဲခံရသူအား ချိန်းဆိုခဲ့သော်လည်း လာရောက်ခြင်း မရှိခဲ့ဘဲ တရားလိုဖြစ်သူ သံစဉ်မောင်သာ လာရောက်ခဲ့ပါတယ်။
“အဲဒါကတော့ သူ့ရဲ့အပိုင်းလေ။ ဘာပဲဖြစ်ဖြစ် ရုံးချိန်းကတော့ ပြောပြီးသားဆိုရင် သူ မလာတဲ့အတွက် တဖက်ရုံးက လုပ်စရာရှိတာကို လုပ်ရမှာပေါ့။ သူ့ကိုတော့ Notice လည်း ပို့ပြီးပြီ။ အလုပ်ရှုပ်နေလို့ နေမှာပေါ့” လို့ သံစဉ်မောင်က ပြောပါတယ်။
ဒီအမှုအတွက် သံစဉ်မောင်တို့ဘက်မှ သက်သေ ခိုင်ခိုင်မာမာဖြင့် တရားရုံးကို တင်သွင်းသွားမှာဖြစ်ပြီး သက်သေများကိုလည်း အချိန်မရွေး ခေါ်ယူပြသနိုင်တယ်လို့ သံစဉ်မောင်ရဲ့ ဖခင်ဖြစ်သူ ဦးသိန်းဇော်က ပြောပါတယ်။
“သက်သေတွေကတော့ အခိုင်အမာ ရှိတယ်။ လူသက်သေရော၊ စာရွက်စာတမ်းတွေ၊ ဗီဒီယိုဖိုင်၊ အသံဖိုင်တွေ ရှိတယ်။ ကျနော်တို့ သက်သေ ခိုင်မာအောင် တင်လို့သာ တရားရုံးက လက်ခံတာပေါ့။ အမှုတခုကိုသက်သေခိုင်မာမှ တရားရုံးက လက်ခံပေးမှာလေ။ မခိုင်လုံရင် တရားရုံးက အမှုကို ပလပ်လိုက်ရင် ဘာမှ လုပ်မရဘူး။ တရားရင်ဆိုင်ခိုင်းရင်လည်း ကျနော်တို့ဘက်က သက်သေတွေက အချိန်မရွေးပဲ”လို့ ဦးသိန်းဇော်က ပြောပါတယ်။
သမီးဖြစ်သူနဲ့ ရည်းစားဟောင်းဖြစ်သူ နေဒွေးတို့ ချစ်ကြိုက်နေစဉ်ကလည်း မိဘများအနေနဲ့ သဘောတူကြည်ဖြူကာ နှစ်ယောက်အတူ နေနိုင်ရန် အိမ်တလုံးပေးကာ ခွင့်ပြုခဲ့ပြီး သမီးဖြစ်သူကို ကိုယ်ထိလက်ရောက်ကျူးလွန်ကာ ဆိုရှယ်မီဒီယာပေါ်မှာ သမီးဖြစ်သူရဲ့ အဖော်အချွတ်ပုံများကို တင်ခဲ့တာကြောင့် ရှေ့နေများဖြင့်တိုင်ပင်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်တယ်လို့ ဦးသိန်းဇော်က ပြောပါတယ်။
“သူတို့ လူငယ်ချင်း အဆင်ပြေနေတဲ့အချိန်က ဘာမှ မပြောခဲ့ဘူး။ အဖေကို အသိမပေးခဲ့ဘူး။ ဖအေ့ ဒေါသကိုသိတယ်။ သူ့ကိုရိုက်နှက်ရင် ဘယ်အဖေက ခံမှာလဲ။ နောက်ဆုံး ကျနော်တို့လမ်း ၁၅၀ မှာ အိမ်တအိမ်ရှိတယ်။ အဲ့မှာသူတို့ကို သဘောတူထားလို့ ပေးနေတယ်”
“မအေကိုတောင် လိမ်ထားတာ။ ဒဏ်ရာတွေကို သူ့ဘာသာ ချော်လဲတယ်ဆိုပြီး သူ့ရဲ့ဂုဏ်သိက္ခာကိုထိမှာစိုးလို့ရယ်၊ နောက်ပြီး သူတို့ အချင်းချင်းကလည်း မပြတ်ကြဘူး။ အခုမှ ဘာလို့ ထလုပ်လဲဆိုရင် သူ့ (နေဒွေး) ဘက်က အဖော်အချွတ်တွေ တင်တာကို သမီးက မခံမရပ်နိုင်လို့ အဖေကို ဖွင့်ပြောတော့မှ အဖေကရှေ့နေတွေ ဆရာသမားတွေနဲ့ တိုင်ပင်ပြီးလုပ်တာ”လို့ ဦးသိန်းဇော်က ပြောပါတယ်။
ကာယကံရှင်ဖြစ်တဲ့ သံစဉ်မောင်ကလည်း အခုလိုဖြစ်ရပ်မျိုး မဖြစ်ချင်တာကြောင့် အကြိမ်ကြိမ် သည်းခံခဲ့သော်လည်း သူမအား နာမည်ဖျက်၍ နစ်နာသွားတဲ့ မိသားစုတွေအတွက် ရှေ့ဆက်လုပ်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
“မဖြစ်ချင်ဘူးပေါ့။ နဂိုတုန်းကလည်း ဒီလိုမဖြစ်ချင်လို့ အကြိမ်ကြိမ်အခါခါ သည်းညည်းခံတယ်။ အဲ့အပေါ်မှာ သည်းညည်း မခံတော့လောက်အောင်ကို လုပ်လို့။ တဖက်မှာလည်း ကျမကို နာမည်ဖျက်တာကြောင့် နစ်နာသွားတဲ့ မိသားစုတွေအတွက်လည်း စိတ်မကောင်းဘူး”
“အဲ့အတွက်ကြောင့် အမှန်တရားတခုကို ရှေ့ဆက်သွားမယ်။ အချိန်တခုကျရင် ဘာလဲဆိုတာကို သိရမှာပါ။ အမှန်တရားဆိုတာ တနေ့ကျရင် ပေါ်လာမှာပါ။ အခုအချိန်မှာ မသိလို့ ဝေဖန်နေတဲ့သူကိုလည်း ဘာမှမပြောလိုဘူး။ တချိန်ကျရင် အမှန်တရားဆို ပေါ်လာမှာပါ”လို့ သံစဉ်မောင်က ပြောပါတယ်
သရုပ်ဆောင် သံစဉ်မောင်က တာမွေမြို့နယ် တရားရုံးမှာ ရည်းစားဟောင်းဖြစ်သူ သရုပ်ဆောင် နေဒွေးအား ဥပဒေပုဒ်မ ၃၂၃ ဖြင့် ဇန်နဝါရီ ၂၄ ရက်နေ့က စတင်တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
သရုပ်ဆောင် ဝါသနာပါသလို သီချင်းဆိုလည်း ဝါသနာပါတဲ့ နေခြည်ရွှန်းလဲ့
“ဝေဠုကျော်နဲ့ အသံဖိုင် စစ်ဆေးမှု အခြေအနေ ဇာတ်ရှိန် ကောင်းလာပြီ”လို့ သင်းသင်း ပြော