မွန်ပြည်နယ်၊ မော်လမြိုင် အချုပ်ထောင်တွင် မူးယစ်ဆေးဝါးအမှုဖြင့် အကျဉ်းကျခံနေရသော အသက် ၃၉ နှစ်အရွယ် အကျဉ်းသား အောင်အောင် ဆိုသူထံမှ မတ်လ ၂ ရက်နေ့ ညနေက WY စိတ်ကြွရူးသွပ်ဆေးပြား ၁၈ ပြားကို ရှာဖွေ တွေ့ရှိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)/၂၀(က) အရ မတ် ၃ ရက်နေ့က အမှုဖွင့်ထားကြောင်း မော်လမြိုင်မြို့မရဲစခန်းထံမှ သိရသည်။
မော်လမြိုင်အချုပ်ထောင် လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ချိုကလည်း “ဒီအကျဉ်းသားက ထောင်ထဲကို မူးယစ် ဆေးဝါးသွင်းလို့ ကျနော်တို့ အမြဲ စောင့်ကြည့်နေတဲ့ အကျဉ်းသားပါ။ မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ကျပြီးတော့ ထောင်ထဲ ကို မူးယစ်ဆေးသွင်းတာ ၃ ကြိမ်မြောက်ပါ၊ နှစ်အကန့်အသတ် မရှိ အမိန့်ချခံထားရတဲ့သူပါ”ဟု ရှင်းပြသည်။
ဖြစ်စဉ်အရ မတ်လ ၂ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်တွင် မော်လမြိုင်အချုပ်ထောင်တွင်း အိမ်ဆောင်ဝင်း (အိပ်ဆောင် ၁/၂/၃/၄/၅) အတွင်းရှိ အကျဉ်းသားများအား ရေချိုးရန်အတွက် အိပ်ဆောင်ပြင်ပသို့ ထုတ်ပေးစဉ် အိပ်ဆောင်ဝင်းအတွင်း တာဝန်ထမ်းဆောင်နေသော အကျဉ်းထောင် ဒုတပ်ကြပ် လွမ်းငြိမ်းမှ အိပ်ဆောင်များအား ကြည့်ရှုစစ်ဆေးခဲ့ရာ အကျဉ်း သား အောင်အောင်အား မသင်္ကာသဖြင့် ရှာဖွေမှုပြုလုပ်ခဲ့ရာမှ ၎င်းဝတ်ဆင်ထားသော ဘောင်းဘီတို အိတ်ကပ်အတွင်းမှ ၅ ထောင်တန် ငွေစက္ကူဖြင့် ထုပ်ထားသော WY စိတ်ကြွရူးသွပ်ဆေးပြားများကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း မော်လမြိုင်ြ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
တရားခံ အောင်အောင်သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ တံတားဖြူရပ်ကွက်တွင် နေထိုင်စဉ်က မူးယစ် ဆေးဝါး အမှုဖြင့် တရားရုံးက အမိန့် ချမှတ်ခံခဲ့ရပြီးနောက် မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်သို့ ပို့ဆောင်ခံရပြီး ထိုမှတစ်ဆင့် မော်လမြိုင်အချုပ်ထောင်သို့ ၂၀၁၉ ခုနှစ်က ထပ်မံ ပို့ဆောင်ခံထားရသူ ဖြစ်သည်။
ကျိုက်မရောအကျဉ်းထောင်တွင် အကျဉ်းကျနေစဉ်ကလည်း ထောင်ဝန်ထမ်း ၁ ဦး နှင့်ပူးပေါင်း၍ WY စိတ်ကြွ ရူးသွပ် ဆေးပြား အပြား ၄၀၀ ကို အကျဉ်းထောင်တွင်း သွင်းခဲ့သဖြင့် တရားရုံးက နှစ်အကန့်အသတ်မရှိ အမိန့်ချမှတ် ခံထားရသူဟုလည်း စုံစမ်းသိရှိရသည်။
“ဝန်ထမ်းရော သူ (အောင်အောင်) ရော အရေးယူခံထားရတာ”ဟု ဦးတင်ချိုက ဆိုသည်။
အောင်အောင်သည် အကျဉ်းထောင်ထဲသို့ WY စိတ်ကြွရူးသွပ်ဆေးပြား ဒုတိယအကြိမ် သွင်းမှုကို လူငယ် ၁ ဦး၏ အကူအညီဖြင့် ထပ်မံ လုပ်ဆောင်ခဲ့ပြီး WY စိတ်ကြွရူးသွပ်ဆေးပြား အပြား ၃၈၀ ဖြစ်ကာ လက်ရှိတွင် တရား ရင်ဆိုင် နေသည့် ကာလ ဖြစ်သည်။
ယခု ၁ ကြိမ်တွင်လည်း ထိုရုံးထုတ်ရက်မှာပင် ရင်းနှီးသူ ၁ ဦးနှင့် ချိတ်ဆက်မိခဲ့ပြီး မူးယစ်ဆေးဝါးများကို ကွမ်းယာထုပ်နှင့် ထည့်ယူခဲ့ကာ တတိယအကြိမ် ထပ်မံ သွင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အစိုးရသည် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဥပဒေများကို ပြင်ဆင်ရန် ဆောင်ရွက်နေပြီး ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျော့ကျရေးကိုလည်း နှစ်ရှည် စီမံကိန်းများဖြင့် ဆောင်ရွက်လျက်ရှိသည်။
ဆက်စပ်လင့်
မူးယစ်ဆေးဝါးမှုကြောင့် ထောင်တွင်းအကျဉ်းသားမဆန့် ဖြစ်နေဟု မွန်ဝန်ကြီးချုပ်ပြော
မော်လမြိုင်ထောင်ရှိ အကျဉ်းသား ထက်ဝက်ခန့်သည် မူးယစ်ဆေးမှုနဲ့ အကျဉ်းကျနေ