သတင်း

မိုးထစ်ချုန်းရွာ၍ ရာသီဥတု ဆိုးနိုင်ကြောင်း မိုး/ဇလ သတိပေး

မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ် ၆ ခုတွင် လာမည့် ဧပြီ ၉ ရက်မှ ၁၁ ရက်အထိ မိုးထစ်ချုန်းရွာ၍ ရာသီဥတု ဆိုးနိုင် ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) က သတိပေး ထုတ်ပြန်လိုက်သည်။

အနောက်ဘက်မှ လာသော လေပွေလှိုင်းနှင့်အတူ ပါလာသည့် တိမ်တိုက်များကြောင့် မြန်မာနိုင်ငံရှိ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ မိုးထစ်ချုန်း ရွာ နိုင်ကြောင်း မိုး/ဇလမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောသည်။

ဦးကျော်မိုးဦး က “ထစ်ချုန်းရွာတယ်ဆိုတာ မိုးတိမ်တောင်တွေမှ ထစ်ချုန်းရွာ တာပေါ့။ နေရာတိုင်းမှာတော့ မိုးတိမ်တောင် မဖြစ်နိုင်ဘူး။ မိုးတိမ်တောင်ဖြစ်တဲ့ ဒေသတွေမှာဆိုရင်တော့ လေပြင်းတိုက် တာတို့ မိုးသီးကြွေတာတို့ လျှပ်စီးလက် မိုးကြိုးပစ်တာတို့ ဒီလိုမျိုး ရာသီဥတု ဆိုးတာတွေ ကြုံတွေ့နိုင်တယ်” ဟု ပြော သည်။

ထိုကဲ့သို့ မိုးထစ်ချုန်းရွာခြင်းကြောင့် ယင်းဒေသများတွင် လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုး ကြိုးပစ်ခြင်း စသည့် ရာသီဥတုဆိုးဝါးမှုကို ကြုံတွေ့နိုင်သောကြောင့် သတိပြုကြရန် မိုး/ဇလက သတိပေးသည်။

ဆက်လက်ပြီး ဦးကျော်မိုးဦး က “ဒါပေမယ့် ဒီဖြစ်စဉ်က အများကြီး မဟုတ်ဘူး။ အများဆုံးကြာ ၁၅ မိနစ် နာရီဝက်ပဲ။ အဲဒီအချိန် ပြီးသွားရင် ကောင်းမွန်တဲ့ ရာသီဥတု အခြေအနေကို ချက်ချင်း ပြောင်းသွားတာပေါ့။ ဒီလိုမျိုး မိမိတို့ ဒေသ တွေမှာ မိုးတိမ်တောင်တွေ ဖြစ်လာပြီ ဆိုရင်တော့ ဘေးကင်းတဲ့ နေရာတွေမှာ ခဏခိုလှုံသင့်တယ်။ ပြီးတော့မှ မိမိတို့ လုပ်စရာ ရှိတဲ့ လုပ်ငန်းကိုင်ငန်းတွေကို လုပ်ဆောင်သင့်တယ်ပေါ့” ဟု ဆိုသည်။

အဆိုပါ တိုင်းနှင့် ပြည်နယ် ၆ ခုအပြင် တနင်္သာရီတိုင်းတွင်လည်း မိုးအနည်းအငယ် ရွာသွန်းနိုင်ကြောင်း မိုး/ဇလ က ခန့်မှန်းသည်။

ထို့ပြင် လွန်ခဲ့သော၂၄ နာရီအတွင်းက တနင်္သာရီတိုင်း အတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ကြောင်း ယနေ့ နေ့လယ်ပိုင်းတွင် မိုး/ဇလက ထုတ်ပြန်ထားသည်။

You may also like these stories:

ရဲအယောင်ဆောင်၍ AA က စစ်မှုထမ်းဟောင်း ၁ ဦးအား ဖမ်းဆီးသွား ဟုဆို

နေပြည်တော်ရှိ COVID-19 အတည်ပြုလူနာတွင် ပိုးမတွေ့တော့

ကိုဗစ်-၁၉ ကပ်ရောဂါက ကမ္ဘာ့လေထုညစ်ညမ်းမှုကို အကြီးအကျယ် လျှော့ချပေး

Loading