၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ပါက လာမည့် ရွေးကောက်ပွဲတွင် သမ္မတ ဖြစ်ဖို့ အလားအလာများကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီ နာယက ဦးဝင်းထိန်၏ ပြောဆိုချက်မှာ NLD ပါတီ၏ သဘောထား မဟုတ်ကြောင်း သိရသည်။
ယနေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် NLD ပါတီ၏ ဗဟို အလုပ်မှုဆောင် အစည်းအဝေးအပြီးတွင် NLD ပါတီ ဒုတိယ ဥက္ကဌ ဒေါက်တာ ဇော်မြင့်မောင်ကို ဧရာဝတီက ယင်းကိစ္စ မေးမြန်းကြည့်ရာ အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်
“အဲဒါ NLD ရဲ့ သဘောထား မဟုတ်ဘူး။ NLD ရဲ့ သဘောထား မဟုတ်ဘူး။ သိကို မသိဘူး ကျနော်။ အဲဒါတော့ ကျနော် အာမခံတယ်။ ခင်ဗျားတို့ မေးတာက NLD ရဲ့ မူလားလို့ မေးတာ။ မဟုတ်ဘူး။ ဒါက ရှင်းနေတာပဲ”ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။
ဖွဲ့ စည်းပုံ ပြင်ပေးပါက သမ္မတ ပေးလုပ်မည့် ဆိုသည့် နိုင်ငံရေး အပေးအယူမျိုး လုပ်ဆောင်မည် မဟုတ်ဘဲ NLD ပါတီတွင် မူလကတည်းက ထိုကဲ့သို့သော် စဉ်းစားချက်မျိုး မရှိကြောင်း ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။
ဦးဝင်းထိန်က ဘီဘီစီသတင်းဌာနနှင့် ဇွန်လ ၂၀ ရက်နေ့က ပြုလုပ်သည့် အင်တာဗျူးတခုတွင် “ဖွဲ့စည်းအုပ်ချုပ်ပုံ အ ခြေခံဥပဒေ ပြင်ဖို့ အတွက် (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင် ခေါင်းဆောင်လိုက်၊ နောင်လာမယ့် ရွေးကောက်ပွဲမှာ (သူ) သမ္မတ ဖြစ်ဖို့ အလားအလာ များတယ်”ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။
NLD အစိုးရသည် ၎င်း၏ ရွေးကောက်ပွဲ ကတိကဝတ်ဖြစ်သည့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ၂၀ ၁၉ ခုနှစ်တွင် ပြည်ထောင်စု လွှတ်တော်၌ ကြိုးစားခဲ့သော်လည်း တပ်မတော်၏ ထောက်ခံမှု မရသဖြင့် မအောင်မြင်ခဲ့ပေ။
သို့သော် ယင်းအခြေခံ ဥပဒေ ပြင်ဆင်ရေးကို နောက်အစိုးရ သက်တမ်းတွင်လည်း ဆက်ကြိုးစားမည် ဖြစ်ကြောင်း ဒေါက်တာ ဇော်မြင့်မောင်က ယနေ့ နေပြည်တော်ရှိ သတင်းထောက်များကို ပြောသည်။
လာမည့် ရွေးကောက်ပွဲတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံရေးလောကသို့ ဝင်ရောက်နိုင်ခြေကို အရိပ်အမြွက်ပြောကြားမှု ရုရှားနိုင်ငံ အခြေစိုက် Arguments and Facts နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတခုတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
“အုပ်ချုပ်ရေး အတွေ့အကြုံ ကျနော်မှာ အများကြီး ရှိတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။
လာမည့်ရွေးကောက်ပွဲကာလတွင် ဗိုလ်ချုပ်မှူးကြီးအနေဖြင့် မည်သည့်အခန်းကဏ္ဍမှ ပါဝင်လာနိုင်မည်ဆိုသည်ကို မေးမြန်းသောအခါ ယခင်ရွေးကောက်ပွဲများကဲ့သို့ လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ရန်မှာ နံပတ်တစ်အရေးကြီးဆုံးဖြစ်ကြောင်းနှင့် ထိုသို့ဖြစ်အောင် တပ်မတော်ကကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေသည်။
ဆက်လက်၍ ရွေးကောက်ပွဲရလဒ်ထွက်ပေါ်လာသည့်အချိန်ကျမှ သက်ဆိုင်ရာရွေးကောက်ပွဲမှာ ပါဝင်ခဲ့သည့်ပါတီများ၊ နောက်အဖွဲ့အစည်းများနှင့် ပြည်သူများ၏ ဆန္ဒအပေါ်မူတည်ကာ သူ့အနေဖြင့် ဆက်လက်လုပ်ဆောင်မည် ဟုပြောကြောင်းကို တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။
အသက် ၆၄ နှစ်ရှိနေပြီဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယခုနှစ် ရွေးကောက်ပွဲအပြီး သမ္မတဖြစ်ရန် စိတ်ကူးနေသည်ဟု မြန်မာ့နိုင်ငံရေး ဝေဖန်လေ့လာသူ တော်တော်များများက ယုံကြည်ကြသည်။
နိုင်ငံ့ ဝန်ထမ်းဥပဒေ အရ ဗိုလ်ချုပ်မှူးကြီးသည် ၂၀၁၆ ခုနှစ်ဇူလိုင်လက အသက် ၆၀ ပြည့်ပြီးနောက် ၎င်းဆန္ဒအလျှောက် အငြိမ်းစားယူလိမ့်မည်ဟု ထင်ခဲ့ကြသော်လည်း ကာကွယ်ရေးဦးစီးချုပ် သက်တမ်းကို တပ်မတော် ဥပဒေများအရဟုဆိုကာ သက်တမ်းတိုးခဲ့သည်။
You may also like these stories:
နိုင်ငံရေးတွင် ဝင်နိုင်ခြေ တပ်ချုပ် ရုရှားမီဒီယာတွင် အရိပ်အမြွက်ပြော
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွင် ကိုဗစ် ဗိုင်းရပ်စ်ပိုး မတွေ့ ဟု ဆို