ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် ဒေသခံများက ရေငုတ်ကျင်းနှင့် တံတိုင်းများကိုသာ အဓိက အသုံးပြုပြီး တနိုင်တပိုင် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများကို လုပ်ခဲ့ကြရာမှ ၁၉၉၄ ခုနှစ်တွင် ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA နှင့် တပ်မတော် အစိုးရတို့ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း အသေးစား စက်များအသုံးပြုကာ ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းများ စတင်လုပ်ကိုင်ခဲ့ကြသည်။
၂ဝဝဝ ခုနှစ်နောက်ပိုင်းတွင် လုပ်ငန်းရှင်များနှင့် တပ်မတော် အစိုးရတို့ အကျိုးတူလုပ်ငန်းဆိုကာ စက်ယန္တရားကြီးများ အသုံးပြုကာ ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းလိုင်စင်များ ချထားပေးခဲ့ရာမှ ဒေသခံများအနေဖြင့် တနိုင်တပိုင် တူးဖော်မှု မလုပ်နိုင်ကြတော့ဘဲ ကျောက်စိမ်းတူးဖော်မှု လုပ်ကွက်များ သိမ်းပိုက်ခြင်း ခံခဲ့ရသည်။
ဒေသခံများအပါအဝင် တနိုင်ငံလုံးမှ လာရောက်တူးဖော်ကြသော ရွှေ့ပြောင်းလုပ်သမားများသည် အရင်းအနှီးမရှိသည့်အတွက် အကျိုးတူ ကုမ္ပဏီများမှ စွန့်ပစ်လိုက်သည့် မြေစာပုံများထဲမှ ရေမဆေးကျောက်များကိုသာ ပြန်လည်ရှာဖွေရသည့် အခြေအနေသို့ ရောက်ရှိသွားသည်။
၂ဝ၁၁ ခုနှစ်တွင် KIA နှင့် တပ်မတော်တို့ မြစ်ဆုံကိစ္စကို အကြောင်းပြုပြီး တိုက်ပွဲများ စတင်ပြန်လည်ဖြစ်ပွားခဲ့ရာတွင် အဆိုပါ ဖားကန့်ဒေသရှိ ကျောက်စိမ်းလုပ်ကွက်များ ပိတ်ခဲ့ရသည်။
၂ဝ၁၄ ခုနှစ် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် အကျိုးတူ ကုမ္ပဏီများကို ပြန်လည် လုပ်ပိုင်ခွင့် ပေးခဲ့ပြီးနောက်ပိုင်း ဖားကန့်ကျောက်စိမ်းတူးဖော်ရေး ဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ သဘာဝပတ်ဝန်းကျင် ဆိုးကျိုးများကြောင့် နှစ်စဉ် လူပေါင်း ဆယ်၊ ရာနှင့်ချီ၍ သေဆုံးခဲ့ကြရသည်။
သေဆုံးရသည့် အကြောင်းအရင်းများတွင် ကုမ္ပဏီများမှ စွန့်ပစ်သည့် မြေစာပုံ ပြိုကျမှုများ၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့၏ ပစ်ခတ်မှုကြောင့် သေဆုံးမှုများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးမှုများ၊ လုပ်ကွက်အတွင်း မြေပြိုကျမှုကြောင့် သေဆုံးမှုများ၊ ရေမဆေးကျောက်ရှာဖွေသူ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် သေဆုံးမှုများ၊ ဖားကန့်မြို့နယ်တွင်းရှိ မြစ်၊ ချောင်း၊ ဆည်၊ တာတမံများ ကျိုးပေါက်မှုကြောင့် သေဆုံးမှုများနှင့် ကုမ္ပဏီများ၏ စွန့်ပစ်မြေစာသယ် ကားများနှင့် ထိခိုက်၍ သေဆုံးမှုများ အမျိုးမျိုး ဖြစ်ပေါ်လာခဲ့ရာ ဖြစ်ရပ် အချို့ကို ဧရာဝတီက စုစည်းဖော်ပြလိုက်ပါသည်။
၂ဝ၁၅ ခုနှစ်
အဆိုပါနှစ်က ဖားကန့်ဒေသတွင် မြေပြိုမှု ၈ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူများအပြင် ရေမဆေးကျောက် ရှာဖွေသူ အနည်းဆုံး ၁၅ဝ ကျော် သေဆုံးခဲ့သည်။
အဆိုပါစာရင်းသည် ရုပ်အလောင်းများ ပြန်လည် ဖော်ယူနိုင်မှုကြောင့်သာဖြစ်ပြီး ထိုထက် ၂ ဆမကသော ရုပ်အလောင်းများ မြေစာပုံအောက်တွင် ရှိနေသည်ဟု ဒေသခံ ရေမဆေးကျောက် ရှာဖွေသူများက ယူဆကြသည်။ ထိုသို့ ရုပ်အလောင်းများ မရှာဖွေနိုင်သည့်အတွက် လူ ၁ဝဝကျော်ကို ပျောက်ဆုံးနေသူများအဖြစ်သာ အာဏာပိုင်များက သတ်မှတ် ထားခဲ့သည်။ ထိုနှစ်မြေပြိုမှုသည် လူသေဆုံးမှု အများဆုံးနှစ်ထဲမှ ၁ နှစ်ဖြစ်သည်။
အကျိုးတူ ကုမ္ပဏီများ၏ မြေစာပုံသယ်သော ကားများ မဆင်မခြင် မောင်းနှင်မှုကြောင့် ဒေသခံပြည်သူ အမျိုးသား၊ အမျိုးသမီး အပါအဝင် ၁၃ ဦး သေဆုံးခဲ့သည်။
၂ဝ၁၆ ခုနှစ်
ထိုနှစ်အတွင်းတွင်လည်း မြေပြိုကျမှု ၈ ကြိမ်ခန့်အထိ ဖြစ်ခဲ့ပြီး ဒေသခံများနှင့် ရေမဆေးကျောက် ရှာဖွေသူများ လူပေါင်း ၁ဝဝ ကျော် သေဆုံးခဲ့သည်။
ထိုနှစ်ထဲအတွင်း ကုမ္ပဏီကို လုံခြုံရေး ယူပေးသည့် ရဲတပ်ဖွဲ့နှင့် ရေမဆေးကျောက် ရှာဖွေသူများ ပဋိပက္ခဖြစ်ပြီး ရေမဆေးကျောက်ရှာဖွေသူတဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ကုမ္ပဏီပိုင် ကား ၉ စီးအား မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ကုမ္ပဏီများ၏ စွန့်ပစ်မြေစာကားများ မဆင်မခြင် မောင်းနှင်မှုကြောင့် ပြည်သူ ၅ ဦးခန့် သေဆုံးမှု ဖြစ်ခဲ့သည်။
၂ဝ၁၇ ခုနှစ်
အဆိုပါနှစ်တွင် မြေပြိုမှု ၇ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး ဒေသခံများနှင့် ရေမဆေးကျောက် ရှာဖွေသူ ၁ဝဝ ကျော် သေဆုံးခဲ့သည်။ သို့ရာတွင် ပြိုကျသော မြေစာပုံများမှ ပြန်လည်တူးဖော်ရရှိသည့် ရုပ်အလောင်းများ စာရင်းသာဖြစ်ပြီး တချို့မြေပြိုကျမှုတွင် မြေစာပုံအောက်တွင် ကျန်ရစ်နေသည့် ရုပ်အလောင်းများ ထိုထက်မက ရှိနေသည်ဟု ပြောဆိုကြသည်။
ရေမဆေးကျောက် ရှာဖွေသူများနှင့် ကုမ္ပဏီအတွက် လုံခြုံရေးယူပေးသော ရဲတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခ ဖြစ်ခဲ့မှုကြောင့် လူ ၁ဝ ဦး သေဆုံးခဲ့ပြီး လူ ၃ဝ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထို့အပြင် ထိုနှစ်ထဲတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့မှ လူ ၅ ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီး အဆိုပါထဲမှ အသက်ရှင်သူ ၁ ဦးသာရှိပြီး ၎င်း၏ အမှုကိုလည်း အစိုးရဘက်မှ ထိရောက်စွာ အရေးယူမှု မရှိခဲ့သေးပေ။ စွန့်ပစ် မြေစာသယ်သော ကားများ၏ မဆင်မခြင် မောင်းနှင်မှုကြောင့် အများပြည်သူ ၇ ဦး သေဆုံးမှု ဖြစ်ခဲ့သည်။
၂ဝ၁၈ ခုနှစ်
ယခုနှစ်တွင်လည်း မြေစာပုံပြိုကျမှုကြောင့် လူပေါင်း ၁ဝဝ ကျော် သေဆုံးခဲ့ပြီး လူပေါင်း ၆ဝ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါ ကိန်းဂဏန်းသည် အလောင်းတွေ့ရှိသည့် ကိန်းဂဏန်းမျှသာဖြစ်ပြီး မြေစာပုံ ပြိုကျမှုတွင် မြေကြီးအောက်တွင် ရှာဖွေရ ခက်ခဲသည့်အတွက် မတူးဖော်နိုင်ခဲ့သည့် ရုပ်အလောင်းများလည်း ကျန်ရှိနေသေးသည်ဟု ဒေသခံများက ပြောကြသည်။
သေဆုံးခဲ့သူများတွင် ကုမ္ပဏီပိုင် လုပ်ကွက်အတွင်းမှ အလုပ်သမားများလည်း ပါဝင်ပြီး ဒေသခံ လူမှုဖွံ့ဖြိုးရေး အဖွဲ့များ၏ လိုက်ပါကူညီမှုကြောင့် သေဆုံးသူများအတွက် နစ်နာ လျော်ကြေး ရခဲ့သည်။ လူမှုဖွံ့ဖြိုးရေးအဖွဲ့များ မကူညီဖြစ်လိုက်သည့် မထင်မရှား လူသေဆုံးမှုများတွင် နစ်နာကြေး အနည်းငယ်ဖြင့်သာ ပြီးဆုံးသွားသည့် ဖြစ်ရပ်တချို့ ရှိခဲ့ကြောင်း ဖားကန့် ဒေသခံတချို့က ပြောကြသည်။
၂ဝ၁၉ ခုနှစ်
အဆိုပါနှစ်သည် ဖားကန့်ဒေသတွင် မြေပြိုမှုကြောင့် သေဆုံးသူ ၁၁ဝ ကျော်ရှိသည့်အနက်မှ ကုမ္ပဏီဝန်ထမ်းများ လုပ်ကွက်တွင် အလုပ်လုပ်နေစဉ် မြေပြိုကျသည့်အတွက် သေဆုံးသူ အများဆုံးနှစ်တနှစ်ဖြစ်သည်။ ထိုနှစ်အတွင် မြေပြိုမှု ၁၅ ကြိမ်အထိ ဖြစ်ပွားခဲ့ရာတွင် စက်ကြီးများနှင့်အတူ ကုမ္ပဏီဝန်ထမ်း ၅ဝ ကျော်အထိ သေဆုံးကာ မြေကြီးအောက်သို့ ရောက်ခဲ့ရသည်။
ထိုနှစ်အတွင်း ကုမ္ပဏီများကို လုံခြုံရေး ယူထားပေးသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ရေမဆေးကျောက် ရှာဖွေသူများ၏ ပဋိပက္ခ လျော့ကျလာခဲ့ပြီး အနည်းငယ်သာ ဖြစ်ပွားခဲ့သည်။ သို့ရာတွင် ကျောက်မျက်ဥပဒေ ပြင်ဆင်လိုက်ပြီးနောက်ပိုင်း အစိုးရ ဌာနဆိုင်ရာများ၏ စီမံအုပ်ချုပ်မှု အလွဲများကြောင့် ယခုလို ကုမ္ပဏီဝန်ထမ်းများ အများဆုံး သေဆုံးခဲ့ရသည့် အခြေအနေသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ ဝေဖန်ခဲ့ကြသည်။
၂ဝ၂ဝ ခုနှစ်
ယခုနှစ်အတွင်းတွင် ဖားကန့်ဒေသအတွင်း မြေပြိုမှု ၉ ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂ဝဝ နီးပါး သေဆုံးခဲ့ပြီဖြစ်သည်။ ထိုစာရင်းသည် သေဆုံးသူ ရုပ်အလောင်းများ တွေ့ရှိမှုအတိုင်းသာဖြစ်ပြီး ထိုထက် ၂ ဆ နီးပါးမျှ မြေကြီးအောက်သို့ ရောက်ရှိနေသည်ဟု ဒေသခံများက ခန့်မှန်းကြသည်။
ဇူလိုင်လ ၂ ရက်နေ့က ဖြစ်ပျက်ခဲ့သည့် မြေပြိုမှုတွင် လူပေါင်း ၁၇ဝ ကျော်၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိရပြီး ဖားကန့်ဒေသတွင် ကျောက်ပြန်လည် တူးဖော်ခွင့်ရပြီးနောက်ပိုင်းအတွင်း အဆိုးဝါးဆုံး လူသေဆုံးမှုဖြစ်စဉ်ဖြစ်သည်။
ပြည်နယ်အစိုးရ၏ တာဝန်ရှိသူများ၏ ပြောပြချက်အရ ဖားကန့်ဒေသတွင် ထိုကဲ့သို့ ပြိုကျနိုင်ခြေရှိသည့်နေရာ နောက်ထပ် ၆ နေရာခန့်အထိ ရှိနေသည်ဟု သိရသည်။
You may also like these stories:
ဖားကန့်ဒေသ သယံဇာတ အရှုပ်တော်ပုံ အစိုးရ ကိုင်တွယ်နိုင်မလား
ဖားကန့်မြေပြိုမှု ကချင်လုံ/နယ် ဝန်ကြီးနှင့် လုံခြုံရေး တပ်မှူးကို တပ်မတော် အရေးယူ
ဖားကန့်လုံခင်းတွင် မြေစာပုံပြိုကျ၊ လတ်တလော သေဆုံးသူ ၁၁ ဦးရှိ
ဖားကန့် မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူများကို ဆက်လက် တူးဖော်နေဆဲ
ဖားကန့်မြေပြိုမှု မူဝါဒပိုင်းဆိုင်ရာ ပြန်သုံးသပ်ရန်လိုဟု သမ္မတဦးသိန်းစိန်ပြောကြား