ဆောင်းပါး

ဖားကန့်ဒေသ သယံဇာတ အရှုပ်တော်ပုံ အစိုးရ ကိုင်တွယ်နိုင်မလား

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြောက်ဘက်မှ ၉၅၀ ကီလိုမီတာ (မိုင် ၆၀၀) ခန့် အကွာတွင် တည်ရှိနေသည့် ကချင်ပြည်နယ်၊ ဖားကန့်ဒေသသည် ကမ္ဘာ့အကြီးမားဆုံးနှင့် အကျိုးအမြတ် အများဆုံး ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်း၏ ဗဟိုချက် ဖြစ်သည်။

ထိုဒေသသည် အကျိုးအမြတ်များစွာကို ပေးသလို ယခုအခါ ကမ္ဘာ့ လူအသေအပျောက် အများဆုံး မိုင်းတွင်းထဲတွင် ပါဝင်နေပြီဟု ပြည်သူလူထုက ဝေဖန်နေကြပြီဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၂ မနက်ပိုင်းက ဖြစ်ပွားခဲ့သည့် မြေစာပုံ ပြိုကျမှုကြောင့် တနိုင်တပိုင် ရေမဆေးကျောက်ရှာဖွေသူပေါင်း ၂၀၀ ကျော် ပျောက်ဆုံးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များအပြီးတွင် ရုပ်အလောင်းပေါင်း ၁၇၀ ကျော် ပြန်လည်တွေ့ရှိခဲ့ပြီး ကျန်သူများမှာ ယနေ့အထိ ပျောက်ဆုံးနေဆဲ ဖြစ်သည်။

ဖားကန့်ဒေသတွင် နှစ်စဉ် မိုးရာသီ၌ မြေစာပုံမျိုး ပြိုကျခြင်းကြောင့် လူအသေအပျောက် အများအပြား ရှိပြီး ၆ နှစ်တာ ကာလအတွင်းတွင် လူ ၅၀၀ ကျော် အထိ သေဆုံးခဲ့ရပြီး ဖြစ်သည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ အတွင်းကလည်း မြေစာပုံပြိုကျ၍ လူ ၂၀၀ ကျော် မြေပိ သေဆုံးခဲ့ရာ အလောင်း ၁၀၆ လောင်း ကို ပြန်လည်ရှာတွေ့ခဲ့ကြသည်။ ထိုဖြစ်ရပ်အပြီး ယခု ၂၀၂၀ တွင် ဖြစ်ပွားခဲ့သည့် မြေစာပုံပြိုကျမှုကြောင့် လူသေဆုံးခြင်း သည် ၆ နှစ်အတွင်း ဖားကန့်ဒေသတွင် မြေစာပုံပြို၍ လူအစုလိုက်အပြုံလိုက် သေဆုံးမှု အများဆုံး ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။

ဖားကန့်ဒေသတွင် လူအစုလိုက်အပြုံလိုက် သေဆုံးမှုများသည် မြေစာပုံစွန့်ပစ်မှုအပါအဝင် တူးဖော်ရေး လုပ်ငန်းများကို စည်းကမ်းမဲ့ လုပ်ဆောင်နေသည့် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီများကို ထိန်းကျောင်းရန်နှင့် အရပ်ဘက် အဖွဲ့အစည်းများ အမြဲတစေ ထောက်ပြနေသည့် သယံဇာတကဏ္ဍ ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များကို အစိုးရက ပျက်ကွက်ခြင်းလောဟု မေးခွန်း ထုတ်စရာ ရှိသည်။

ထို့နောက် မိမိ အသက်ကို အလွယ်တကူ ဆုံးရှုံးရနိုင်ခြေရှိသည့် အန္တရာယ်တွင်းကို ဝမ်းရေးအတွက် မကြောက်မရွံ့ တိုးဝင်နေသည့် ရေမဆေးကျောက်ရှာဖွေသူများ၏ လောဘကြောင့်လော၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များ နှင့် အစိုးရတို့၏ သယံဇာတ နိုင်ငံရေးပြဿနာလော စသည့် ကိစ္စရပ်များကိုလည်း ဆက်လက် မေးခွန်း ထုတ်ရမည် ဖြစ်သည်။

“သဘာဝသယံဇာတပေါကြွယ်ဝတဲ့ နိုင်ငံတိုင်းမှာဖြစ်လေ့ရှိတဲ့ နိုင်ငံရေးအလေ့အထပေါ့။ ဒါက ဘာမှ အရင်း သိပ်မစိုက်ဘဲ နိုင်ငံရေးအာဏာကို အသုံးချပြီး သူဌေးဖြစ်နိုင်တဲ့ ကိစ္စရပ်လေ” ဟု Natural Resource Governance Institute (NRGI) ၏ အကြံပေး ဦးမော်ထွန်းအောင်က သုံးသပ်သည်။

နိုင်ငံရေးပြဿနာဟု ဆိုရခြင်းသည် ကျောက်မျက်တူးဖော်ရေး လုပ်ငန်းလိုင်စင်ရရှိသော ကုမ္ပဏီအများစုသည် တပ်မတော် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုခုက ကျောထောက်နောက်ခံရှိခြင်း၊ တပ်မတော်၏ လက်အောက်ခံ ကုမ္ပဏီများ အပါအဝင် ၎င်းတို့နှင့် နီးစပ်သည့် ခရိုနီများကသာ ရရှိခြင်းကြောင့်ဟု ၎င်းက ထောက်ပြသည်။

ထို့ပြင် အစိုးရ၏ စီမံခန့်ခွဲမှု အလွဲများ၊ အုပ်ချုပ်စီမံမှုပိုင်းတွင်လည်း လစ်ဟာမှုများရှိခြင်း နှင့် နည်းပညာ အားနည်းခြင်း စသည့် အချက်များသည်လည်း ဖားကန့်ဒေသတွင် လူအသေအပျောက်များရခြင်း၏ အကြောင်းအရာများဖြစ်ကြောင်း ဦးမော်ထွန်းအောင် ရှင်းပြသည်။

လန်ဒန်အခြေစိုက် အဖွဲ့ဖြစ်ပြီး သဘာဝ သယံဇာတ ရင်းမြစ်များမှ အခွန်နှင့် အလွဲသုံးစားမှုများကို စုံစမ်းဖော်ထုတ်နေသည့် Global Witness ၏ ၂၀၁၅ ခုနှစ် အောက်တိုဘာလက ထုတ်ဝေခဲ့ဖူးသည့် အစီအရင်ခံစာတွင် ဖားကန့်ဒေသရှိ ကျောက်စိမ်း တူးဖော်ရေးကုမ္ပဏီများသည် မြန်မာ့တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များနှင့် ၎င်းတို့နှင့် ဆက်နွယ်သူများ၊ ကချင်လွတ်လပ်ရေးတပ်မတော်/ကချင်လွတ်လပ်ရေးအဖွဲ့ (KIA/KIO) နှင့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့က ပါဝင်ပတ်သက်နေကြောင်း ဖော်ပြထားသည်။

ထိုအစီအရင်ခံစာအရ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများသည် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ ကချင်ပြည်နယ် တိုင်းမှူးဟောင်း ဦးအုန်းမြင့် အပါအဝင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်ပိုင်းများနှင့် ဆက်နွယ်သူများ၊ UWSA ကို ကာလကြာရှည် ဘဏ္ဍာရေးထောက်ပံ့မှု လုပ်ဆောင်ပေးနေသော မူးယစ်ရာဇာ ဝေရှောက်ခန်တို့နှင့် ပတ်သက်မှု ရှိခဲ့ပြီး ကျောက်မျက်ကုမ္ပဏီများထံမှ ရရှိသော အခွန်သည်လည်း KIA/ KIO အတွက် အဓိက ဘဏ္ဍာငွေ ဖြစ်နေသည်ဟု ဆိုထားသည်။

ဆက်လက်ပြီး ဦးမော်ထွန်းအောင်က “ငြိမ်းချမ်းရေး အကြောင်းချင်းအရာတွေနဲ့ ဆက်နွယ်မှုတွေရှိနေတော့ ဒီကိစ္စကို အစိုးရကလည်း မထိဘူး၊ စစ်တပ်ကလည်း မထိဘူး၊ KIA လည်း မထိဘူးပေါ့။ ဒီပြဿနာက အစိုးရရဲ့ အုပ်ချုပ်စီမံမှု ညံ့ဖျင်းနေတာ တခုတည်းကြောင့်လည်း ဖြစ်နေတာ မဟုတ်ဘူး” ဟု ရှင်းပြသည်။

၂၀၁၅မှ ၂၀၂၀ ထိ မြေပြိုမှုနှင့် သေဆုံးသူ ဇယား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေဖြင့် ယင်းသို့ ဖားကန့်ဒေသတွင် နှစ်စဉ် လူအများအပြား သေဆုံးရသည့် ကိစ္စရပ်များကို လျှော့ချနိုင်ရန် ဥပဒေအသစ် ပြင်ဆင်ရေးဆွဲသော ၂၀၁၆ ခုနှစ်တွင် လုပ်ကွက်အသစ်နှင့် သက်တမ်းတိုးပေးခြင်းများကို ရပ်ဆိုင်းခဲ့သည်။၂၀၁၉ ခုနှစ်တွင်လည်း ကျောက်မျက်ဥပဒေကို အတည်ပြုပြဌာန်းခြင်းများ ပြုလုပ်ခဲ့သည်။

သို့သော် ဖားကန့်ဒေသတွင် မကြာခဏ မြေပြိုကျမှုများ ဆက်လက် ဖြစ်ပေါ်ပြီး မတော်တဆ သေဆုံးမှုများမှာ ယင်းဒေသအတွက် အထူးအဆန်း မဟုတ်တော့သလို စည်းမျဉ်းစည်းကမ်းများဖြင့် စနစ်တကျ လုပ်ဆောင်ခြင်းလည်း မရှိပေ။

ယခင်က ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများသည် ၂၀၁၉ ဥပဒေမတိုင်မီ ခွင့်ပြုထားသည့် ၁ ဧက အကျယ်အဝန်းသာ ခွင့်ပြုပေးသည့် ကျောက်စိမ်းတွင်း လုပ်ကွက် ခွင့်ပြုမှုကို ဝိနည်းလွတ် ရှောင်ကာ ဘေးချင်းကပ် လုပ်ကွက်လိုင်စင် များစွာရယူပြီး ဧက ၅၀ မှ ၁၀၀ ဧက အထိ တူးဖော်မှုများ လုပ်ဆောင်ခဲ့ကြသည်။

ယင်းသို့ လိုင်စင်တခုချင်းစီ၏ အရွယ်အစားမှာ အလွန်သေးငယ်ခြင်းကြောင့် ကုမ္ပဏီများက ၎င်းတို့၏ ကျောက်စိမ်းတွင်းမှ စွန့်ပစ်မြေစာများကို ၎င်းတို့၏ လုပ်ကွက်တွင် အသေအချာ စီမံဆောင်ရွက်နိုင်ခြင်း မရှိတော့ဘဲ သတ်မှတ်ထားသည့် စွန့်ပစ်မြေစာပုံ အမြင့် ၄၅ ပေ အရွယ်အစားထက် ထုထည်ကြီးမားသည့် မြေစာပုံများအထိ လက်လွတ်စပယ် စွန့်ပစ်ကြသည်။

ဖားကန့်ရှိ စွန့်ပစ်မြေစာပုံများသည် ထုထည်ကြီးမားပြီး အမြင့်ပေ ရာချီရှိသည့်အတွက် ကုမ္ပဏီများက ကျောက်တူးဖော်ရန် တောင်များ မိုင်းဖောက်ခွဲသည့်အခါနှင့် မိုးသည်းထန်သည့် အခါများတွင် အကြီးစား မြေပြိုမှုများ ဖြစ်လေ့ရှိလာခြင်း ဖြစ်သည်။

ဖားကန့်မြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က လွှတ်တော်က အတည်ပြုပြင်ဆင်ထားသည့် ကျောက်မျက်ဥပဒေမှာ တနှစ်ကျော်လာသည်အထိ နည်းဥပဒေ ထွက်ရှိအောင် မလုပ်ဆောင်နိုင်သေးခြင်းကြောင့် ဖြစ်ကြောင်းလည်း ဖားကန့်ဒေသ ပြသနာကို ထောက်ပြ ပြောဆိုသည်။

၎င်းက “ အရေးကြီးတာ ၂၀၁၉ ကျောက်မျက်ဥပဒေကို ပီပီပြင်ပြင် ကျင့်သုံးလိုက်ရင် အားလုံး ပြီးသွားပြီ။ ဒီဥပဒေမှာက ရေရှည်တည်တံ့ရေး ကိစ္စရပ်တွေအတွက် အကုန်လုပ်ထားတာတောင်မှ အောက်ခြေမှာ ရှိတဲ့ ဌာနဆိုင်ရာတို့ ဝန်ကြီးဌာနတို့က ဂရုမစိုက်ဘဲနဲ့ သူတို့ကြီးပွားချမ်းသာဖို့အတွက် ဆက်ခွင့်ပြုထားတာမျိုးတော့ မဖြစ်သင့်တော့ဘူး” ဟု ဆိုသည်။

အစိုးရများ အကူးအပြောင်းများဖြစ်ပြီး နောက်ပိုင်းတွင် ဖားကန့်ဒေသရှိ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီများတွင် တပ်မတော်၏ ပါဝင်ပတ်သက်မှု အပိုင်းသည် အတော်အတန်သင့် လျော့နည်းသွားပြီဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ပါဝင်ပတ်သက်မှုမှာမူ လက်ရှိအချိန်ထိ ရှိနေဆဲဖြစ်ကြောင်း ဦးခင်မောင်မြင့်က ပြောသည်။

၎င်းက “စစ်တပ်ရဲ့ ပါဝင်ပတ်သက်မှုတော့ အရမ်းနည်းသွားပြီ၊ တပ်ကတော့ တော်တော်များများ ရုတ်သွားပြီ။ တခြား လက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ အခုထိ ရှိနေတုန်းပဲ” ဟု ပြောဆိုသည်။

ပြင်ဆင်ထားသည့် ၂၀၁၉ ကျောက်မျက်ဥပဒေတွင် ကျောက်တူးဖော်ရေးလုပ်ကွက်ကို အလတ်စား လုပ်ကွက်ကို ၅ ဧက အထိ ခွင့်ပြုသွားရန် ပြင်ဆင်ထားပြီး ယခင်ကာလကဲ့သို့ ၁ ဧက အကွက်များစွာ ရယူပြီး လုပ်၍ မရအောင် လုပ်ကွက် တကွက် နှင့် တကွက်ကြားတွင် မြေစာစွန့်ပစ်လမ်း ထားရန် ပြင်ဆင်ထားကြောင်း သိရသည်။

ယင်းအပြင် လက်ရှိကောက်ခံလျက်ရှိသော ကျောက်မျက်အခွန်ကို ၂၀ ရာခ်ိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ကျခြင်းနှင့် မြေစာပုံများမှ ရေမဆေးကျောက် ရှာဖွေသူများကိုလည်း တရားဝင်လက်လုပ်လက်စားအဖြစ် သတ်မှတ်ပေးပြီး စည်းကမ်းတကျ လုပ်ကိုင်နိုင်အောင် စီစဉ်ပေးမည့် ကိစ္စရပ်များလည်း ပါဝင်သေးသည်။

ထိုသို့ အစိုးရအသစ်၏ မူဝါဒ အပြာင်းအလဲများကလည်း ယခင်ကတည်းက စည်းမဲ့ကမ်းမဲ့ လုပ်ဆောင်နေသော ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီများကို စည်းမဲ့ကမ်းမဲ့လုပ်ရပ်များ အလွန်အကျွံ ပိုဖြစ်စေအောင် တွန်းပို့ပေးသည့် အခြေအနေ ဖြစ်ခဲ့သည်။ လိုင်စင်ကုန်ခါနီး ကုမ္ပဏီများသည် မြေတူးမြေသယ်စက်ယန္တရားကြီးများ အမြောက်အမြားဖြင့် အကန့်အသတ်မဲ့ တူးဖော်ခဲ့ကြသည်။ လိုင်စင်သက်တမ်းတိုးခံရသည့်နောက်ပိုင်းတွင်လည်း တရားဥပဒေစိုးမိုးရေး ကြပ်မတ်မှု အားနည်းသောကြောင့် စည်းမျဉ်းစည်းကမ်းများ လိုက်နာမှု လျှော့နည်းနေခဲ့သည်။

ဇူလိုင်လ ၂ ရက်နေ့ လူအများအပြားသေဆုံးခဲ့သော ဖားကန့် မြေပြိုမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး အစိုးရက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပါအဝင် ပြည်ထောင်စုဝန်ကြီး ၃ ဦး၊ ကချင် ပြည်နယ် ဝန်ကြီးချုပ်၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး နှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့ ပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီး ယခုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးစေခဲ့သည်။

တပ်မတော်ဘက်ကမူ ယင်းဖြစ်စဉ်တွင် လုံခြုံရေးဆိုင်ရာ အဓိက တာဝန်ရှိသူ တပ်မှူး တဦးနှင့် ကချင်ပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးတို့ကို အရေးယူခဲ့သည်။

လုံခြုံရေးဆိုင်ရာ တာဝန်ရှိခဲ့သည့် တပ်မှူးမှာ မည်သူမည်ဝါ ဖြစ်သည်ကို တပ်မတော်က ထုတ်ဖော် ပြောကြားခြင်း မရှိ သော်လည်း ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းအား ဝန်ကြီးနေရာမှ ထုတ်ပယ်ကာ မူလ စစ်ဘက်တာဝန်များ ပြန်လည် ထမ်းဆောင်စေပြီး လိုအပ်သည့် အရေးယူမှုများ ဆက်လက် ဆောင်ရွက်မည်ဖြစ်သည်။

ဖားကန့်ဒေသတွင် နှစ်စဉ် လူအသေအပျောက်များ ရှိခဲ့ပြီး သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်ကတည်းက ဖားကန့်ဒေသကို မူဝါဒပိုင်းဆိုင်ရာ ပြန်လည်သုံးသပ်ရန် လိုပြီဟု ပြောခဲ့ဖူးသော်လည်း ယခုနှစ် မြေပြိုမှုအပြီးမှ အစိုးရနှင့် တပ်မတော်ဘက်က ကွင်းဆင်း စုံးစမ်းစစ်ဆေးခြင်းနှင့် အရေးယူမှု အပိုင်းများကို ယခုနှစ်တွင် ပထမဆုံး လုပ်ဆောင်လာသည်။

ဖားကန့်ဒေသသည် တပ်မတော် အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိန်းချုပ်နယ်မြေများဖြစ်ခြင်းကြောင့် အုပ်ချုပ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးသည် တပ်မတော်၏ အခန်းကဏ္ဍ အနောက်တွင်သာ ရှိနေပြီး ထိုဒေသ ဥပဒေစိုးမိုးမှု လုပ်ဆောင်နိုင်မှာသာ အခြား ပြုပြင်ပြောင်းလဲရေးကိစ္စရပ်များကို လုပ်ဆောင်နိုင်မည်ဖြစ်ရာ ဥပဒေစိုးမိုးရေး လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံရေးအရသာ အဖြေရှာရန် လိုအပ်မည်ဖြစ်ကြောင်း စိမ်းလန်း အမိမြေအသင်း (ဥက္ကဋ္ဌ) ဦးဝင်းမျိုးသူ က ပြောသည်။

၎င်းက “လိုင်စင်ချထားပေးတဲ့ ကုမ္ပဏီတွေကိုပဲ ကြည့်လိုက်ရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကြီး တခုဖြစ်တဲ့ UWSA နဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေရှိမယ်၊ တပ်မတော်က ကျောထောက်နောက်ခံ ပေးထားတဲ့ ကုမ္ပဏီတွေပဲ ရှိတာလေ။ သူတို့နဲ့ ဆက်စပ်တွေ ဒါတွေပဲ ရှိတာလေ။ တပ်က အရင်ကလောက် ပါဝင်ပတ်သက်မှု ရှိချင်မှရှိလိမ့်မယ်။ ဒါပေမယ့် သူရဲ့ အရေးပါတဲ့ အခန်းကဏ္ဍ ဒီအတိုင်းပဲ ရှိနေသေးတယ်။ ပြီးတော့ အကျိုးစီးပွားချင်းကလည်း နှစ်ပင်လိမ်နေကြတာပဲလေ” ဟု သုံးသပ်သည်။

ရေရှည်တွင် ဖားကန့်ဒေသ၌ ယင်းသို့ ဖြစ်ရပ်မျိုးများ ထပ်မံ မဖြစ်ပေါ်စေရေးအတွက် ပြည်ပပညာရှင်များ အပါအဝင် ပါဝင်ပတ်သက်နေသူများ အားလုံးပါဝင်သည့် အဖွဲ့တခုဖွဲ့စည်းပြီး လေ့လာဆန်းစစ်မှုများ လုပ်ဆောင်ကာ အဖြေရှာသင့်ကြောင်း သဘာဝ သယံဇာတများ ထုတ်ယူရေးပွင့်လင်းမြင်သာမှုအဖွဲ့ EITI ၏ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဒေါ်မိုးမိုးထွန်းက တိုက်တွန်းသည်။

“၂၀၁၉ ခုနှစ်ဖြစ်တုန်းက သူတို့(အစိုးရ) ဒီအတိုင်းပဲ နေနေခဲ့တယ်။ ဒီဝန်ကြီး ၄၊ ၅ ယောက်ပါတဲ့ အဖွဲ့လေးနဲ့တော့ ရေရှည်အတွက် ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ အမှန်က အစိုးရက ဒီလိုကိစ္စတွေအတွက် အမြဲပူပန်နေရမှာ လူတွေ သေကာမှ လူတွေအော်ကာမှ ထလုပ်တယ် ဆိုတာက နည်းနည်းတော့ ရုပ်ဆိုးတယ်” ဟု EITI ၏ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဒေါ်မိုးမိုးထွန်းက သုံးသပ် ပြောဆိုသည်။

ယင်းအပြင် ဖားကန့်ဒေသတွင် ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ပေါင်း ၁ သောင်း ၃ ထောင်ကျော်အထိ ခွင့်ပြုပေးထားသော်လည်း ထိုလုပ်ကွက်များသည် သတ်မှတ်စည်းမျဉ်းစည်းကမ်းများ လုပ်ဆောင်မှု ရှိ၊ မရှိကို လိုက်လံ စစ်ဆေးမည့် အစိုးရဝန်ထမ်းသည် ၁၂ ဦးခန့်သာ ရှိခြင်းကလည်း အကျင့်ပျက်ခြစားမှုကို စနစ်တကျ ဖန်းတီပေးထားသကဲ့သို့ ဖြစ်နေကြောင်း ၎င်းက ထောက်ပြောဆိုသည်။

ဖားကန့်ဒေသ ရေရှည်တည်တံ့ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသည့် ဝန်းကျင် နေရာတခုဖြစ်စေရန်အတွက် ပြင်ဆင်ထားသည့် ကျောက်မျက်ဥပဒေပါအတိုင်း လုပ်ဆောင်နိုင်ရန်အတွက် နည်းဥပဒေ ထွက်ရှိရန် လိုအပ်သလို၊ ကျောက်မျက် တူးဖော်ရေးကုမ္ပဏီများကို လိုင်စင်ထုတ်ပေးခြင်း၊ ကြီးကြပ်ခြင်းနှင့် ထိုကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်း လုပ်ဆောင်နေသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းကို ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် လိုမည်ဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ထောက်ပြပြောဆိုနေကြသည်။

ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများကို ပိုပြီး စနစ်တကျရှိစေရန် ပြင်ဆင်ထားသည့် ကျောက်မျက်ဥပဒေသည် နည်းဥပဒေထွက်ရှိရန် ယခုအစိုးရသက်တမ်းအတွင်း မဖြစ်နိုင်သလို လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်ပတ်သက်နေမှုများကို ကိုင်တွယ်ရန်လည်း အစိုးရတွင် အကန့်အသတ်များ ရှိနေသေးသည်။

“ ဒီနေရာ ငြိမ်းချမ်းရေး သိပ်မရှိတဲ့နေရာလေ အားပြိုင်နေကြတဲ့ နယ်မြေဖြစ်တဲ့အတွက် အစိုးရကလည်း လုပ်ချင်တိုင်း စွက်ဖက်လို့ မရတဲ့ အခြေအနေလည်း ရှိတာပေါ့ ” ပြည်သူ့လွှတ်တော် သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်းက ပြောသည်။

ဖားကန့်ဒေသသည် ကမ္ဘာပေါ်ရှိ ကျောက်စိမ်းများ၏ ၉၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေသည့် နေရာဖြစ်ပြီး ဝယ်လိုအား အများဆုံးမှာ တရုတ်နိုင်ငံဖြစ်သည်။ ထိုသို့သော ကမ္ဘာသိ နယ်မြေဒေသကြီး တခု၏ သယံဇာတ အရေးပြဿနာများကို အစိုးရက မည်သို့ကိုင်တွယ် ဆောင်ရွက်သွားမည်နည်း ဆိုသည်မှာလည်း စိတ်ဝင်စားစရာ ကောင်းလှပေသည်။

You may also like these stories:

ဖားကန့်မြေပြိုမှု ကချင်လုံ/နယ် ဝန်ကြီးနှင့် လုံခြုံရေး တပ်မှူးကို တပ်မတော် အရေးယူ

ဖားကန့်တွင် မြေစာပုံပြိုကျမှု အလောင်း ၁၀၀ ကျော် ပြန်တွေ့

Did you find apk for android? You can find new Free Android Games and apps.
Loading