မြို့သာစက်မှုဇုန်ဆေးခြောက်စိုက်ခင်းအမှုမှ စိုက်ခင်းတာဝန်ခံ ကိုရှိန်းလတ်အား မြင်းခြံတရားရုံးက မူးယစ်ဥပဒေဖြင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ထားသည့် အပေါ် မန္တလေးတိုင်းတရားရုံးသို့ အယူခံတက်ရာ ယနေ့တွင် ထောင်ဒဏ် ၁၀ နှစ် အဖြစ် ပြင်ဆင် ချမှတ်လိုက်ကြောင်း မန္တလေးတိုင်း တရားရုံးမှ သတင်းရရှိသည်။
ကိုရှိန်းလတ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆ (က)အရ အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်၊ ပုဒ်မ ၁၉ (က) အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် တပေါင်းတည်း အဖြစ် ၁၀ နှစ် ကျခံရန် တိုင်း တရားရုံးက အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
မန္တလေးတိုင်းတရားရုံးမှ လက်ထောက်ညွှန်မှူး ဒေါ်စန်းသီရိရွှေ က “တိုင်းတရားရုံးမှာကျ အားပေးကူညီသူအဖြစ် ပြောင်းလဲချမှတ်လိုက်တဲ့အတွက် ပြစ်ဒဏ်လျှော့ပေါ့ သွားတာဖြစ်ပြီး ပြစ်ဒဏ်နှစ်ရပ်ကို တပေါင်းတည်း ကျခံစေလို့ ချမှတ်တာဖြစ်လို့ ထောင်ဒဏ် ၁၀ နှစ်ဖြစ်သွားတာပါ” ဟု ပြောသည်။
အဆိုပါအမှု လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေဦးသိန်းသန်းဦးက “တစုံတရာ သက်ညှာသွားတဲ့ အပိုင်း တော့ မှန်ပေမယ့် ကျနော် သဘောမတူပါဘူး။ ဒါကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးကို အယူခံ ဆက်တက်မယ်။ နောက်ဆုံးအပြီးသတ်အဆင့် ရေဆုံးရေဖျား ဖြစ်သည်အထိ ဆက်တက်သွားမှာပါ” ဟု ပြောသည်။
မူလအမိန့်ချသည့်တရားရုံးထက် တဆင့်မြင့်သော အထက်ရုံးသို့ အယူခံတက်ခြင်းကြောင့် ကိုရှိန်းလတ် အပေါ် ချမှတ် ထားသောပြစ်ဒဏ်သည် ပြစ်ဒဏ်လျှော့ခြင်း (သို့မဟုတ်) ကွင်းလုံးကျွတ်လွတ်ခြင်း (သို့မဟုတ်) အမှုအား ပယ်ဖျက်ခြင်း ဆိုသည့် အခြေအနေ ၃ မျိုးအနက် ၁ ခုကို ရရှိ နိုင်မည်ဖြစ်သည်ဟု ဆို သည်။
ပြီးခဲ့သည့်နှစ်က မန္တလေးတိုင်း မြို့သာစက်မှုဇုန်စီမံကိန်းဧရိယာအတွင်း ဆေးခြောက်စိုက်ပျိုးသည်ဟု Facebook လူမှု ကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် စိုက်ခင်းနှင့်ပတ်သက်သော အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki ဆိုသူ အပါအဝင် စိုက်ခင်းတာဝန်ခံကိုရှိန်းလတ်နှင့် မရွှန်းလဲ့မြတ်နိုးတို့ကို ၂၀၁၉ ခုနှစ် ဧပြီက ဖမ်းဆီးခဲ့ကာ မြင်းခြံခရိုင် တရားရုံး၌ တရားစွဲခဲ့သည်။
၎င်းနောက် အမေရိကန်နိုင်ငံသားအား တရားရင်ဆိုင်စဉ် ကျန်းမာရေးကိစ္စကြောင့် ကျပ်သိန်း ၃၂၀၀ ကျော်ဖြင့် အာမခံရရှိခဲ့ပြီးနောက် အမှုလာရောက်ရင်ဆိုင်ခြင်း မရှိတော့ဘဲ နိုင်ငံကူးလက်မှတ်အတု ပြုလုပ်ကာ အမေရိကန် နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ အမှုတွင် ပါဝင်သော မရွှန်းလဲ့ မြတ်နိုးအား ပြီးခဲ့သောဖေဖော်ဝါရီလက မြင်းခြံခရိုင်တရားရုံးက တရားရှင်လွှတ်ပေးခဲ့သည်။
You may also like these stories:
မြို့သာ ဆေးခြောက်စိုက်ခင်း အမှု တိုင်းအယူခံတက်
ဆေးခြောက်လျှော်အမှုမှ အမေရိကန်နိုင်ငံသား ပတ်စပို့အသစ်လဲပြီး ထွက်ပြေးသွားခဲ့
မြို့သာဆေးခြောက်အမှု စိုက်ခင်းတာဝန်ခံ ကိုရှိန်းလတ် ထောင် နှစ် ၂၀ ချမှတ်ခံရ