မြန်မာနိုင်ငံတွင် သြဂုတ်လ ၁၆ ရက် နောက်ပိုင်းကစ၍ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာခြင်း၊ သေဆုံးလူနာ တိုးလာခြင်း၊ ကျန်းမာရေး ဝန်ထမ်းများပါ ကူးစက်ခံလာရခြင်း တို့ကြောင့် အစိုးရ ချမှတ်ဆောင်ရွက်နေသော Quarantine (အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း) မူဝါဒကို ပြန်လည်သုံးသပ်ရန် အကြံပြုတိုက်တွန်းမှုများ ရှိ လာသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (စက်တင်ဘာ ၁၅ ရက်) နံနက် ၈း၀၀ နာရီအချိန်ထိ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၃,၂၉၉ ဦး ရှိပြီး သေဆုံးသူ ၃၂ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ကိုဗစ် ဓာတ်ခွဲအတည်ပြု လူနာများအနက် လက်ရှိအချိန်ထိ သူနာပြု၊ ဆရာဝန်နှင့် တခြား အထောက်အကူပြု ကျန်းမာရေး ဝန်ထမ်း အယောက် ၇၀ ကျော်ပါဝင်နေရာ ယခင်ကတည်းက လူနှင့်ဝန်မမျှသည့် နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ အတွက် စိုးရိမ်မှုများလည်း ရှိလာကြသည်။
အတည်ပြုလူနာ တိုးလာခြင်း၊ စောင့်ကြည့်လူနာ များလာခြင်းနှင့်အမျှ Quarantine စင်တာများ မလောက်ငှခြင်း၊ ဆေးရုံ များတွင် မနိုင်တော့ခြင်း၊ ဆရာဝန်၊ ဆရာမ အင်အား မလုံလောက်ခြင်း စသည့် အသံများ ကြားနေရသဖြင့် ယခုအတိုင်း ပိုးတွေ့လူနာ ဆက်တွေ့နေမည်ဆိုပါက မည်မျှထိ ဆက်ထမ်းထားနိုင်မည်လဲဟု ကျန်းမာရေးအသိပညာပေးဆိုင်ရာ ဆောင်း ပါးများ ရေးသားနေသူ ဒေါက်တာဖြိုးသီဟက မေးခွန်းထုတ်သည်။
နိုင်ငံ၏ ဆရာဝန်၊ ဆရာမ အင်အား နည်းနေပြီးသား အခြေအနေတွင် ကိုဗစ်ဖြစ်လာသည့်အခါ ၎င်းတို့အပေါ် ဝန်ပိုပိစေရုံ သာမက ယခုအခါ ကျန်းမာရေးဝန်ထမ်းများ ကိုယ်တိုင်ပါ ကူးစက်ခံလာရသည့်အခါ စိုးရိမ်စရာကောင်းကြောင်း၊ ကိုဗစ် အ ပြင် တခြားသော ရောဂါများအတွက်လည်း မဆောင်ရွက်ပေးနိုင်တော့ကြောင်း ၎င်းက ရှင်းပြသည်။
“ကျနော်တို့အနေနဲ့ ဆရာဝန်၊ ဆရာမတွေဆီမှာရှိတဲ့ Workload (အလုပ်ပမာဏ)ကို လျှော့ချပေးတာမျိုး လုပ်စေချင်ပြီ။ ဘာရောဂါလက္ခဏာမှ မပြတဲ့လူကို ဖောင်ကြီးမှာ တင်ထားပြီးတော့ ဆရာဝန်၊ ဆရာမတွေကို ကြည့်ခိုင်းနေမယ့်အစား အိမ် မှာ Home Quarantine ထားလိုက်တာမျိုးက ပိုပြီးမသက်သာဘူးလား။ ဒီလိုမျိုးလေးတွေ စဉ်းစားရတော့မယ့်အချိန် ဖြစ် လာတယ်” ဟု ဒေါက်တာဖြိုးသီဟက အကြံပြုသည်။
ကိုဗစ်တိုက်ပွဲတွင် ရှေ့တန်းမှ ပါဝင်နေရပြီး လူနာများနှင့် နီးကပ်စွာ ရှိနေရသည့်၊ ကူးစက်နိုင်ခြေ အန္တရာယ်အများဆုံး ရှိနေ သည့် ဆရာဝန်၊ ဆရာများအနေဖြင့် မိသားစုများနှင့် ခွဲနေရခြင်း၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများ ဖြစ်လာခြင်းတို့ကြောင့် ၎င်း တို့ ပခုံးပေါ်ရှိ ဝန်ထုပ်ဝန်ပိုးကို ချပေးရန် မူဝါဒများ ပြောင်းသင့်သကဲ့သို့ တဖက်၌လည်း ပြည်သူများက ကိုဗစ်ကာကွယ်ရေး နည်းလမ်းများကို အတိအကျ လိုက်နာပေးစေချင်သည်ဟုလည်း ၎င်းက တိုက်တွန်းသည်။
အိမ်မှာပဲ သီးသန့်နေခိုင်းခြင်းကို မြန်မာနိုင်ငံက လူတွေနှင့် မဖြစ်ပါဟု အပြစ်တင်မနေဘဲ အိမ်မှာ မနေလျှင် နေအောင် မည်သို့ စီမံမည်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ အနေဖြင့်လည်း လမ်းတွေပိတ်၊ အပူချိန် တိုင်းနေမည့်အစား Home Quarantine ကို တိတိကျကျ အောင်အောင်မြင်မြင် လုပ်နိုင်ရန် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆို သည်။
ကျန်းမာရေးဝန်ထမ်းများထဲမှ ပထမဆုံးအဖြစ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ မေ့ဆေးဆရာဝန်ကြီး ဒေါက်တာ မြင့်မြင့်စိန် ကလည်း ပထမလှိုင်း ပြီးသွားသည်နှင့် ဒုတိယလှိုင်း လာတော့မည်ကို လူတိုင်းသိနေပြီး မျှော်လင့်ထားသော်လည်း ရှိသည့် လူအင်အားနှင့် မမျှမတသည့် ပုံစံတခုကို ဖမ်းဆုပ်လိုက်ရခြင်းကြောင့် ၎င်းတို့အတွက် ပိုပြီး ဝန်ထုပ်ဝန်ပိုး တက်စေသည်ဟု ဆိုသည်။
ကိုဗစ် ကူးစက်ခံရသူ ၉၀ ရာခိုင်နှုန်းခန့်သည် ပြန်ကောင်းလာပြီး ကျန် ၁၀ ရာခိုင်နှုန်းထဲမှ ၅ ရာခိုင်နှုန်းခန့်သာ ICU သို့ ရောက်လာခြင်းဖြစ်ရာ ပြန်ကောင်းနိုင်သည့် ၉၀ ရာခိုင်နှုန်းကို အာရုံစိုက်မလား၊ ဆေးရုံဆိုသည့် နေရာတခု၌ ၅ ရာခိုင် နှုန်းအတွက် ပြင်ထားမလား ဆိုသည်ကို စဉ်းစားရမည်ဖြစ်ကြောင်း၊ တကယ်တမ်း ဆေးရုံ၏ ကျန်းမာရေးဝန်ထမ်း လုပ်ရ မည့် အစိတ်အပိုင်းသည် ၅ ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်းခန့်သာ လုပ်ရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“အခုက ဘယ်လိုဖြစ်နေလဲဆို ကူးစက်မှုကိုလည်း မထိန်းနိုင်ဘူး။ ကူးသမျှတွေကိုလည်း ဆေးရုံလာတင်တယ်ဆိုတဲ့ အခါ ကျတော့ ဆေးရုံကို တကယ်ပို့ရမယ့် အရေးပေါ်တွေ အရေးကြီးတွေ အားလုံးကို ရွှေ့ဆိုင်းရတာတို့၊ နောက်ဆုတ်ရတာတို့၊ ညှိနှိုင်းရတာတို့၊ လျှော့ချရတာတို့ ဖြစ်သွားတယ်” ဟု ၎င်းက ပြောပြသည်။
ကိုဗစ်ဖြစ်သော်လည်း ကျန်းမာရေး ကောင်းမွန်ပြီး မည်သည့်ပြဿနာမျှ မရှိသူကို ထပ်မံမကူးစက်စေရန် လုပ်ဆောင်ရ မည်ဖြစ်ပြီး ထိုအရာကို ဆေးရုံ၌ မဟုတ်လည်း လုပ်နိုင်ခြင်းနှင့် ကိုဗစ်လူနာ မဟုတ်သော်လည်း အသက်အန္တရာယ်ရှိပြီး အရေးကြီးသည့် ဆေးရုံကို လာကုရမည့် လူနာများအတွက် လစ်ဟာသွားနိုင်ခြင်းတို့အတွက် မူဝါဒချမှတ်သူများ အနေဖြင့် စဉ်းစားသင့်ကြောင်း ဒေါက်တာ မြင့်မြင့်စိန်က အကြံပြုသည်။
“ဆေးရုံကို မလာစေချင်လို့ ပြောတာ မဟုတ်ဘူး။ ကျမတို့ ကျန်းမာရေး ဝန်ထမ်းတွေ သက်သာဖို့ ပြောတာလည်း မဟုတ် ဘူး။ ကျန်းမာရေး ဝန်ထမ်းတွေက နဂိုကတည်းမှ နည်းနေတာ။ တကယ်လုပ်ဖို့ လိုတဲ့ အစိတ်အပိုင်းကိုပဲ ကျမတို့က ပြင် ဆင်ထားချင်တယ်” ဟု ၎င်းက ပြောသည်။
လက်ရှိသွားနေသည့် လမ်းကြောင်းကနေ အမြန်ဆုံး ပြောင်းလဲသင့်သည်ဟု ယူဆသူများ ရှိသလို ၈ လလောက် ဖြစ်လာ သည့်အခါ ပုံမှန်လူနာရော၊ ကိုဗစ်လူနာရော ကြည့်ရှုရမည့် ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ် လာကာ ထိခိုက်မှုများ ရှိလာနိုင်သည်ကိုလည်း ထောက်ပြလျက် ရှိသည်။
ထို့ပြင် အစိုးရက ပိုးတွေ့လူနာများနှင့် ဆက်စပ်သူများအား ထားရှိရန် Facility Quarantine များ ထပ်မံ တိုးချဲ့ဖွင့်နေသော် လည်း နိုင်ငံတော်အနေဖြင့် ဘတ်ဂျက်ကုန်၊ ဆရာဝန်၊ ဆရာမများလည်း အင်အားကုန်သဖြင့် Facility Quarantine ထက် Home Quarantine အဖြစ် မူဝါဒ ပြောင်းလဲရန် လိုလားသူများလည်း ရှိနေသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီး ကတော့ “Facility Quarantine လုပ်ဆောင်တဲ့အပေါ်မှာ တချို့တွေက လုပ်နိုင်ပါ့မလား ထင်ကြတယ်။ အခု လက်ရှိ အနေ အထားအရဆို Facility Quarantine က လိုအပ်လို့ လုပ်ဆောင်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ လူနေမှုစနစ်အရ သားသမီး၊ မိဘ၊ အဖိုးအဖွား တခါတလေ မျိုးဆက်သုံးခုလောက် စုစည်းနေကြခြင်း၊ လေ ဝင်လေထွက် ကောင်းချင်မှ ကောင်းမည့် အခန်းကျဉ်းလေးထဲတွင် လူအများကြီး စုနေကြခြင်းမျိုး အနေအထားတွင် ရောဂါ ပိုးရှိသူ တယောက်သာ ရှိနေမည်ဆိုပါက ကျန်သူအများကြီးကို ကူးစက်နိုင်သည့်အတွက်ကြောင့် လိုအပ်၍ လုပ်ရခြင်း ဖြစ် သည်ဟုလည်း ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ဒေါက်တာ ခင်ခင်ကြီးက ပိုးတွေ့လူနာများကို အိမ်မှာပဲ ထားမည့်ကိစ္စသည်လည်း မြန်မာနိုင်ငံ အနေအထား အရ လုံးဝ မဖြစ်နိုင်ကြောင်း၊ ကိုယ့်နိုင်ငံ၏ ရောဂါဖြစ်ပွားမှု အခြေအနေပေါ် မူတည်ကာ ကူးစက်ဗေဒ၊ လူမှု၊ စီးပွားရေး၊ အုပ်ချုပ်ရေး ရှုထောင့်အရ ဘက်ပေါင်းစုံမှ စဉ်းစားပြီး လုပ်ဆောင်ရခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို အတိအကျ လိုက်နာရန် တိုက်တွန်းပြောဆိုသည်။
You may also like these stories:
ရွှေလီမြို့ Lockdown ချလိုက်သဖြင့် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်နေ
မစိုးရိမ်ရသည့် ကိုဗစ်လူနာများ ယာယီဆေးရုံများသို့ ပြောင်းရွှေ့ ကုသမှု စတင်