“ဘာရောဂါအခံတွေရှိလဲ၊ ကိုယ်အပူချိန်ကရော ဘယ်လောက်လဲ၊ သွေးပေါင်ချိန်တိုင်းတဲ့ အဖြေကို နောက်တခေါက် ပြန်ပြောပေးပါဦး၊ အခုက ချောင်းအရမ်းဆိုးနေလား” အစရှိသည့် မေးခွန်းများကို တာဝန်ကျ ဆရာဝန် အမျိုးသမီးတဦး က ကိုဗစ်- ၁၉ ပိုးတွေ့လူနာတဦးကို ဖြေးဖြေးနှင့် မှန်မှန်မေးနေသည်။
လူနာကလည်း ဆရာဝန်မေးသမျှ ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်လည် ဖြေကြားနေသည်။ သူတို့နှစ်ဦးစလုံးသည် ကွန်ပျူတာဖန်သားပြင်ပေါ်မှ တဆင့် မျက်နှာချင်းဆိုင် အမေးအဖြေ လုပ် ဆောင်နေကြခြင်းဖြစ်သည်။
မေးခွန်းမေးမြန်းနေသည့် တာဝန်ကျဆရာဝန် အနီးတွင်လည်း အခြားဆရာဝန်တဦးက စာရွက်ပေါ်တွင် ရေးမှတ်ထား သည့် ကိုဗစ်- ၁၉ ပိုးတွေ့လူနာ၏ ကျန်းမာရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ကွန်ပျူတာ စနစ်တခု ထဲသို့ ထည့်သွင်းနေလျက်ရှိ၏။
တချို့ကမူ ကျန်းမာရေးကောင်းမွန်သော ကိုဗစ်လူနာများကို CCTVမှတဆင့် စောင့်ကြည့်ခြင်းနှင့် နေ့စဉ်လုပ်ဆောင်ရ သည့် ကျန်းမားရေးဆိုင်ရာ လမ်းညွှန်ချက်များကို မိုက်ခရိုဖုန်းများဖြင့် ပြောပြညွှန်ကြားလျက် ရှိနေကြသည်။
ထိုမြင်ကွင်းက ဧရာဝတီဖောင်ဒေးရှင်းမှ တည်ဆောက်ပေးထားသည့် ဧရာဝတီကိုဗစ်စင်တာ (သုဝဏ္ဏ) ဆောင်(A) ရှိ ထိန်းချုပ်ခန်း(Control Room)၌ အိုင်တီနည်းပညာအသုံးပြုကာ ကိုဗစ် ၁၉ လူနာများ နှင့် ဆရာဝန်များကြား အဆက် အသွယ်ပြုလုပ်နေခြင်း၊ အချက်အလက်သိမ်းဆည်းခြင်း နှင့် ညွှန်ကြားမှုများလုပ်ဆောင် ပေးနေကြခြင်းဖြစ်သည်။
ထိုသို့ အိုင်တီနည်းပညာသုံးကာ လုပ်ဆောင်ပေးမှုကြောင့် ကိုဗစ်- ၁၉လူနာများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးရသော ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို ရောဂါဆိုးကူးစက်ခံ ရနိုင်ချေကို လျှော့ချနိုင်ခြင်း နှင့် လူနာတဦးချင်းစီတိုင်း၏ အချက်အလက်များကို ကွန်ပျူတာ အတွင်း၌ သိမ်းဆည်းထားခြင်းကြောင့် လိုအပ်သည့် အချက်အလက်များ ပြန်လည်ရှာဖွေရာတွင် အလွယ်တကူရှာဖွေနိုင်ခြင်းက များစွာအထောက်အကူပြုစေသည်ဟု သိရသည်။
“အကောင်းဆုံးအချက်က ကျနော်တို့ လူနာ ၁ထောင်လောက်ကို အလုပ်လုပ်နေတဲ့ အချိန်မှာ အားလုံးလိုလိုက Paper less ဖြစ်သွားတယ်။ လူနာတယောက်ရဲ့ အခြေအနေကို သိချင်ပြီဆိုတာနဲ့ သူ့ နာမည်ဖြစ်ဖြစ်၊ သူ့ ID ဖြစ်ဖြစ် တခုခုကို ကွန်ပျူတာစနစ်ထဲမှာ ရိုက်ထည့်လိုက်တာနဲ့ သူဆေးရုံ တက်စဉ် ကနေ ဘာတွေဖြစ်သွားလဲဆိုတာကို အစအဆုံး ချက်ချင်း သိနိုင်သွားတယ်” ဒေါက်တာ အောင်ချမ်းငြိမ်းက ပြောပြသည်။
သူသည် ဧရာဝတီကိုဗစ်စင်တာ (သုဝဏ္ဏ)၏ စီမံခန့်ခွဲမှုအဖွဲ့မှ ဆရာဝန်တဦးဖြစ်သည်။
ကိုဗစ်သည် အခြားရောဂါများကဲ့သို့ မဟုတ်၊ ထိတွေ့ရမည် အခြေအနေများလျှင် ကူးစက်ခံရနိုင်ချေ ပိုများခြင်းကြောင့် ကွန်ပျူတာစနစ်များနှင့် ဒစ်ဂျစ်တယ်နည်းပညာသုံး App အကူအညီများက ကျန်းမာရေးဝန်ထမ်းများ အပေါ် ဝန်ထုတ် ဝန်ပိုးများနှင့် ရောဂါကူးစက်ခံရနိုင်ချေများကို လျှော့ချပေးကြောင်း ဒေါက်တာ အောင်ချမ်းငြိမ်းက ဆိုသည်။
“ကိုဗစ်မှာက လူနာတွေကို ဝင်ကြည့်ဖို့ဆိုရင် PPE နဲ့ ဝင်ကြည့်ရတယ်၊ အထဲမှာ အခြေအနေ ကြည့်ရင်းရေး မှတ်ထား ရတဲ့ စာရွက်စာတမ်းတွေကလည်း အပြင်ထုတ်လို့မရဘူးလေ။ အရင်သမရိုးကျ နည်းနဲ့ပဲ လုပ်နေရင် ဘယ်လိုမှ အလုပ် လုပ်ရတာ တွင်ကျယ်မှာ မဟုတ်ဘူး ” သူက အခြေအနေကို ရှင်းပြသည်။
ဧရာဝတီ ကိုဗစ်-၁၉ စင်တာတွင် ခုတင် ၅၅၀ ရှိ အဆောင် A ၊ ခုတင် ၃၀၀ ရှိ အဆောင် B နှင့် ပြင်းထန်ရောဂါ လက္ခဏာရှိသူများအတွက် ခုတင် ၁၅၀ ရှိ အဆောင် C (ICU/HCU) အပြင် ရောဂါပိုး ရှိမရှိ စစ်ဆေးပေးသည့် Test and Care စင်တာ ဟူ၍ရှိပြီး ထို အပိုင်း ၄ စလုံးတွင် ကျန်းမာရေး စောင့်ရှောက်မှုကို အထောက်အကူပြုနိုင်သည့် ကွန်ပျူတာစနစ် တခုစီ ရှိသည်။
ထို့ပြင် ဧရာဝတီကိုဗစ်- ၁၉ စင်တာ (မန္တလေး) နှင့် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ Happy Covid 19 စင်တာတို့တွင်လည်း အဆိုပါ ကွန်ပျူတာစနစ်များကို အသုံးပြုလျက်ရှိသည်။
ထိုကွန်ပျူတာစနစ်များ အားလုံးကို ဧရာဝတီဘဏ်မှ အိုင်တီပညာကျွမ်းကျင်သူများ ပါဝင်သည့် AYA Innovation Lab က ဦးဆောင် ဒီဇိုင်းရေး ဆွဲခဲ့ခြင်းဖြစ်သည်။
ဆရာဝန်များနှင့် ကိုဗစ်ပိုးရှိ လူနာများကြား ထိတွေ့မှု အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ရေးနှင့် ကာကွယ်ဆေးနှင့် ကုသဆေး မရှိသော ကိုဗစ်ရောဂါ သဘောဝအရ လူနာများကို စောင့်ကြည့်ပြီး ကုသရေး လုပ် ဆောင်ရသည့် အခြေ အနေများကြောင့် ယင်းကွန်ပျူတာ စနစ် အဓိကဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း ဧရာဝတီဘဏ်၏ အုပ်ချုပ် မှုဒါရိုက်တာ (ဒစ်ဂျစ်တယ်ဘဏ်စနစ်) ဦးချစ်ထွန်းဖေက ပြောပြသည်။
“ဒါက ကျနော်တို့လည်း တခါမှ အတွေ့အကြုံမရှိဘူး။ ပထမဆုံးစဉ်းစားတာက ဖြစ်နိုင်သမျှ ဆရာဝန်တွေနဲ့ လူနာတွေ နဲ့ ထိတွေ့မှု အနည်းဆုံးဖြစ်ဖို့ စဉ်းစားတာပေါ့။ အဲဒီတော့ ပထမဆုံးက ဆရာဝန်တွေ လူနာနဲ့ထိတွေ့ပြီး စကားမပြောရ တော့ဖို့အတွက် Zoom မီတင်နဲ့ စ ချိတ်ပေးထားတာပေါ့” ဟု သူ ဆိုသည်။
ထိုနောက် ဆရာဝန်များဘက်မှ ကိုဗစ်လူနာများ၏ နေ့စဉ်ကျန်းမာရေးဆိုင်ရာအချက်အလက်များ၊ ဆေးကုသပေး ထားမှု မှတ်တမ်းများ အစရှိသည့် ကုသရေး နှင့် စောင့်ကြည့်ရေးလုပ်ငန်းစဉ်များတွင် လိုအပ်ချက်ရှိသည့် အခြေအ နေများကို အိုင်တီအဖွဲ့သို့ တင်ပြဆွေးနွေးရာမှ ကွန်ပျူတာစနစ်များ ထပ်မံဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြသည်။
ယခုအချိန်ထိလည်း ပိုမိုကောင်းမွန်သည့် ကွန်ပျူတာစနစ်ဖြစ်စေရန် လိုအပ်သည့်အခြေအနေများကို ထပ်မံ ဖြည့်သွင်း ရေးဆွဲခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများကို ဆရာဝန်များနှင့် စေတနာ့ဝန်ထမ်းအိုင်တီအဖွဲ့ ကြား နေ့စဉ်ဆွေးနွေး လုပ်ဆောင်လျက်ရှိကြသည့် အနေအထားလည်း ရှိသည်။
ဦးချစ်ထွန်းဖေက “ တကယ်ဆိုရင် ဒီစနစ်တွေ အားလုံးက ကိုဗစ်ဆရာဝန်တွေ ဒီဇိုင်းဆွဲတယ်လို့တောင် ပြောလို့ရ တယ်။ ကျနော်တို့ အိုင်တီပိုင်းက လူတွေက သူတို့ပြောပြတဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့် ကွန်ပျူတာပရိုဂရမ်ကို လိုက်ရေးဆွဲရတာပေါ့။ ဒီစနစ်အဆင်ပြေတယ်ဆိုတာက User တွေအတွက် လိုအပ်တာတွေပဲ ရေးဆွဲထားတာ မလို အပ်တာ ဘာမှမပါတဲ့အတွက်ကြောင့်လေ” ဟု ပြောသည်။
ကျန်းမာရေးဝန်ထမ်းများနှင့် ကိုဗစ်ပိုးတွေ့လူနာများကြား အသားတကျ အသုံးပြုနိုင်မည့် ယင်း ကွန်ပျူတာစနစ် တခုမှာ အလွယ်တကူဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းအဖြစ် လာရောက် လုပ်ကိုင် နေကြသည့် ဧရာဝတီစင်တာ၏ အိုင်တီအဖွဲ့တို့ကြား အကြိမ်ကြိမ် ဆွေးနွေးကာ ပူးပေါင်းဆောင်ရွက်ခဲ့ ကြရခြင်း ဖြစ်သည်။
“ဒီ AYA စင်တာက တပတ်နဲ့အပြီး ဆောက်တာဆိုတော့ ကျနော်တို့ကလည်း တပတ်နဲ့ အပြီး Software တွေလိုက် ရေးရတာပေါ့။ နောက်ပြီး ကျနော်တို့က ဘဏ်လုပ်ငန်းဘက်က လာကြတာ ဆေးပညာအသုံးအနှုန်းတွေ ဘာတွေ မသိကြတော့ အစပိုင်းမှာ တော်တော်လေးကို ခက်ခက်ခဲခဲလုပ်ရတာ” AYA အိုင်တီအဖွဲ့၏ ခေါင်းဆောင်တဦးဖြစ်သည့် ကိုပြည့်ဖြိုး ကျော်က ပြောပြသည်။
ယခုတွင် ဧရာဝတီကိုဗစ်စင်တာ (သုဝဏ္ဏ)သည် အချိန်ကာလ သုံးလကျော်ဖြစ်လာပြီ ဖြစ်သည့် အတွက် ကွန်ပျူတာ စနစ်ကို အသားတကျ အသုံးပြုလာနိုင်ပြီဖြစ်ကာ ကိုဗစ်ပိုးရှိ လူနာများ၏ အနီးနားသို့ ကျန်းမာရေးဝန်ထမ်းများ နေ့စဉ် သွားလာနေရမှုကို လျှော့ချလာနိုင်သလို ကုသရေး လုပ်ငန်းစဉ်များကိုလည်း အချိန်တိုတိုဖြင့် ဆုံးဖြတ်ချက်များ ချမှတ် လာနိုင်ကြောင်း သူက ဆိုသည်။
“ကျနော်တို့ စနစ်ထဲမှာက နေ့စဉ် သွေးစစ်တာ၊ သွေးခုန်နှုန်းတိုင်းတာ တွေအပြင် လူနာက ဓာတ်မှန် ရိုက်ရမယ်ဆိုရင် တော့ အရင်လို ဓာတ်မှန်ပရင့်ထုတ်စရာ မလိုတော့ဘဲ လူနာရဲ့ ဓာတ်မှန်အဖြေကို ဆရာဝန်တွေက ကွန်ပျူတာကနေ တန်း ကြည့်လိုရတာအထိပါတယ်” ဟု သူက ဆက်ပြောပြ သည်။
သို့သော်လည်း ကွန်ပျူတာစနစ် ရေးဆွဲပြီးသွားသည့် အချိန်တွင်လည်း ယခင်ကအတိုင်း စာရွက် စာတမ်းများပေါ်တွင် သာ ရေးမှတ်လိုသည့် ဆရာဝန်များရှိရာ တချို့သည် ၎င်းတို့၏ နေ့စဉ်လူနာ မှတ်တမ်းများကို ကွန်ပျူတာ စနစ်အတွင်း သို့ ထည့်သွင်းသွားခြင်းမရှိသည့်အတွက် အစပိုင်းတွင် ထိုစနစ်သည် ထင်သလောက် မအောင်မြင်ခဲ့ပေ။
ကိုပြည့်ဖြိုးကျော်က“တချို့ဆရာဝန်တွေက ဒါကို သိပ်မသုံးချင်ကြဘူး။ စာရွက်ပေါ်မှာရေးတာက သူတွေအတွက် အသားကျနေတာလေ။ ပြီးတော့ ကွန်ပျူတာမှာ စာရိုက်ပြီးထည့်ရတာက သူတို့အတွက် အလုပ်တခု အပို ဖြစ်တာမျိုး လို့ ထင်ကြတာ။ နောက်ပိုင်း သဘောတရားနားလည်သွားတော့မှ အဆင်ပြေသွားတယ်” ဟု ပြောသည်။
ယင်းသို့ ကွန်ပျူတာစနစ်ကို အကောင်အထည်ဖော်ထားပြီးဖြစ်သော်လည်း အချိန်မရွေး ချို့ယွင်း ချက်ဖြစ်ပေါ်လာနိုင် သည့် စက်ပစ္စည်းပြဿနာများကြောင့် အိုင်တီအဖွဲ့သည်လည်း ကျန်းမာရေးဝန်ထမ်းများ နည်းတူ ၂၄ နာရီအပြည့် အမြဲအဆင်သင့် ဖြစ်နေကြရသည်။
“အဓိကအားဖြင့်က ICU/HCU ( အထူးကြပ်မတ်ကုသဆောင် ) ရဲ့ Monitoring System မှာ တခုခု ဖြစ်တယ်ဆိုရင် ကျနော်တို့ ချက်ချင်းပြေးရတယ်။ ဘာလို့ဆိုရင် ဒီစနစ်ကနေ ဆရာဝန်ကြီးတွေက လူနာရဲ့ အခြေအနေကို အမြဲတမ်း စောင့်ကြည့်နေရတော့ နှလုံးခုန်နှုန်းတွေ ဘာတွေကအစ ချိတ်ထားတာ Network တခုခု ပြုတ်သွားတယ်ဆိုရင် လူ့ အသက်နဲ့ ဆိုင်တာတယ်လေ ” ဟု AYA အိုင်တီအဖွဲ့မှ စေတနာ့ဝန်ထမ်းတဦးဖြစ်သည့် ကိုဇော်လင်းစိုးက ပြောသည်။
ရောဂါဝေဒနာပြင်းထန်လူနာများ ထားသည့် အထူးကြပ်မတ်ကုသဆောင်ရှိ ကွန်ပျူတာ စနစ်နှင့် ချိတ်ဆက်ထားသည့် Network စနစ်များကို အမြဲစောင့်ကြည့်နေရပြီး တခုခုဖြစ်ပေါ်ပါက အချိန်မီ ပြင်ဆင်နိုင်အောင် ဆောင်ရွက်ပေးနိုင်ခြင်း ကြောင့် ပြဿနာကြီးကြီးမားမား မဖြစ်ပေါ်ခဲ့ကြောင်း သူက ဆိုသည်။
ထို Monitoring System ရှိနေခြင်းကြောင့် အထူးကြပ်မတ်ဆောင်အတွင်းသို့ ဆရာဝန်များသည် လူနာများအတွက် အမှန်တကယ်လိုအပ်လာသည့် အရေးပေါ်အခြေအနေများမှသာ ဝင်ရောက်ကာ ကုသရေးကို လုပ်ဆောင်ပေးကြရ တော့သည်။
ယင်းအပြင် ကွန်ပျူတာစနစ်ရှိလာခြင်းကြောင့် လူနာများ၏ သတင်းအချက်အလက်ဆိုင်ရာများကို သိမ်းဆည်းခြင်းနှင့် နေ့စဉ် မှတ်တမ်းအချက်အလက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ အချက်အလက်ပို့ပေးခြင်းများ အတွက်ကိုလည်း များစွာ အထောက်ကူ ပြုစေခဲ့သည်။
ဧရာဝတီကိုဗစ်စင်တာ(သုဝဏ္ဏ) ၏ တာဝန်ခံဆရာဝန် ဒေါက်တာကောင်းမြတ်စိုးက “ အခုက ကူးစက်ရောဂါဆိုတော့ တယောက်နဲ့ တယောက်ကူးမှာ ဖြစ်တဲ့အတွက် လိုအပ်တာလောက်ပဲ သွားလုပ်ပေးပြီးတော့ ကျန်တဲ့အပိုင်းတွေကျ တော့ အီလက်ထရောနစ်နည်းပညာတွေနဲ့ လုပ်ရတာပေါ့။ Zoom နဲ့ CCTV တွေနဲ့ လုပ်ရတာပေါ့။ နောက် ဒေတာ record တွေကအတွက်က တော်တော်လေးကို အရေးပါတယ် ” ဟု ပြောသည်။
ယင်းအပြင် ပုံမှန် ခုတင် ၉၀၀ မှ ၁၀၀၀ ဆံ့ ဆေးရုံအတွက် လိုအပ်သည့် ဆရာဝန်နှင့် သူနာပြုအရေအတွက်ကိုလည်း လျှော့ချနိုင်ပြီး ယခု ဧရာဝတီကိုဗစ်စင်တာတွင် ပုံမှန် ခုတင် ၁၀၀၀ ဆံ့ ဆေးရုံများတွင် လိုအပ်သည့် ဆရာဝန်နှင့် သူနာပြု အရေအတွက် ထက်ဝက်ခန့်ကိုသာ အသုံးပြုနိုင်ကြောင်း ၎င်းက ဆိုသည်။
ဧရာဝတီကိုဗစ်စင်တာ(သုဝဏ္ဏ)၏ ခုတင် ၅၀၀ အဆောင် (A) တွင် ဆရာဝန် ၁၇ ဦး နှင့် သူနာပြု ၂၆ ဦး ဖြင့်သာ ကုသရေး လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။ ယင်းပမာဏသည့် ပုံမှန်လိုအပ်သည့် ကျန်းမားရေးဝန်ထမ်း အရေအတွက်၏ ၅ ပုံ ၁ ပုံမျှသာ ဖြစ်သည်။
ဒေါက်တာကောင်းမြတ်စိုးက “ လူနာနဲ့ တတ်နိုင်သလောက် ထိတွေ့မှုနည်းအောင် လုပ်ရတယ်ဆိုပေမဲ့ လိုအပ်တဲ့ ကုသမှုအတွက် ဆရာဝန်၊ သူနာပြု ကတော့ သွားရတာပဲ တွေ့သင့်တဲ့ဟာတော့ တွေ့ရတယ်။ အရင်ပုံမှန်လိုအပ်တဲ့ နေ့စဉ်စစ် ဆေးရတဲ့လုပ်ငန်းစဉ်တွေ အတွက်ကိုတော့ ဒီစနစ်တွေက သွားတာပေါ့ ” ဟု ပြောသည်။
ကိုဗစ် ၁၉ ရောဂါလက္ခဏာပြနေသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ် ပိုးရှိမရှိ စစ်ဆေးလိုသူများအတွက် ဖွင့်လှစ်ပေးထားသည့် Test and Care စင်တာ၌လည်း အွန်လိုင်းစနစ် နှင့် ကွန်ပျူတာ စနစ်များ အသုံးပြုလိုက်ခြင်း ကြောင့် လူစုလူဝေးဖြစ်ပေါ်ခြင်းများနှင့် လာရောက် စစ်ဆေးစဉ် တဦးနှင့်တဦး ရောဂါကူးစက်ခံရနိုင်မှုများကိုလည်း လျှော့ချလိုက်နိုင်ကြောင်း AYA အိုင်တီအဖွဲ့၏ Coordinator ဖြစ်သူ မနန္ဒာက ပြောပြသည်။
“အများပြည်သူက စစ်ချင်တယ်ဆိုရင် အွန်လိုင်းကနေ စာရင်းသွင်းလိုက် ဒီဘက်ကနေ ဘယ်နေ့ဘယ်အချိန် လာခဲ့ဖို့ ဆိုတာကို သူတို့ဖုန်းနံပါတ်ကို SMS ပြန်ပို့ပေးတယ်။ ပြီးတော့ ဒီကိုရောက်လာရင်လည်း သူ့အဆင့်အတိုင်းလေးတွေ ကို လုပ်ထားတော့ Swab ယူတာရော အဖြေထွက်တာရောအတွက်ကို အချိန် ၁ နာရီဝန်းကျင်လောက်ပဲ ကြာတော့ တယ်” ဟု ရှင်းပြသည်။
ကိုဗစ်- ၁၉ ဒုတိယလှိုင်း စတင်ဖြစ်ပွားခဲ့သော ဩဂုတ်လပိုင်းမှ စတင်ပြီး မြန်မာနိုင်ငံတွင် ကိုဗစ်ပိုးတွေ့လူနာ အရေ အတွက်သည် တရှိန်ထိုး မြင့်တက်လာခဲ့ကာ ဒီဇင်ဘာလ ၁၁ ရက်နေ့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာ ၁၀၅,၈၆၃ အထိရှိပြီး ၈၅၀၀၀ ခန့်မှာ ရောဂါပျောက်ကင်းသွားပြီဖြစ်သည်။
ရောဂါပိုးတွေ့ လူနာစုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းသည် ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်ပြီး ဒီဇင်ဘာလ ပထမအပတ်အတွင်း စာရင်းများအရ ဆရာဝန်နှင့် သူနာပြုများအပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၀၀၀ ခန့် ရောဂါကူးစက်ခံ ထားရလျက် ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။
ယင်းအပြင် ကိုဗစ်ကာလ အချိန် ၈ လခန့် ကြာမြင့်လာခြင်း နှင့် ယခင်ကတည်းက ကျန်းမာရေးဝန်ထမ်း မလုံလောက် မှု ပြဿနာက အခြေအနေတခုအထိ အခက်အခဲ ဖြစ်ပေါ်လာနေပြီး အခြားတိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ဆရာဝန်နှင့် သူနာပြု များက အလှည့်ကျ လာရောက် ဝိုင်းကူပေးနေရသည်။
ထိုအခြေအနေများကို အိုင်တီနည်းပညာအခြေခံ ကွန်ပျူတာစနစ်များက အပြည့်အဝအထောက်အပံ့ပေးနိုင်မည်ကို ဧရာဝတီကိုဗစ်စင်တာ (သုဝဏ္ဏ) အခြေအနေများက ထင်ဟပ်နေသည်။ သို့သော်လည်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကိုဗစ်စင်တာအားလုံးကို ထိုစနစ်အားလုံးကို တပ်ဆင်မည်ဆိုလျှင် ကုန်ကျစရိတ်သည်လည်း မနည်း လှသည်။
ဒေါက်တာ အောင်ချမ်းငြိမ်းက “ ဒီလို Electronic Medical Record စနစ်မျိုးက ကိုဗစ်မှာ နမူနာယူပြီးတော့ နောက် ပိုင်းဆိုရင် ဒီလိုစနစ်တိုင်း ဆေးရုံအားလုံးတောင် သွားသင့်တယ်။ စာရွက်တွေနဲ့ ရှာနေရတာမဟုတ်တော့ အလုပ်လုပ် ရတာ အရမ်းကိုမြန်တယ် ” ဟု ပြောသည်။
You may also like these stories:
လိင်၊ မူးယစ်ဆေး၊ လက်နက်နှင့် ကိုဗစ်-၁၉ သို့မဟုတ် ထိုင်း-မြန်မာ တရားမဝင် နယ်စပ်ကုန်သွယ်ရေး
ကိုဗစ်ရောဂါကူးစက်မှု မြင့်တက်လာသဖြင့် စစ်ကိုင်းတိုင်းတွင် ဒေသန္တရ အမိန့်ထုတ်
ဧရာဝတီတိုင်း စည်ပင်ဝန်ကြီး ကိုဗစ်ပိုး ကူးစက်ခံရ၊ တိုင်းအစိုးရတဖွဲ့လုံး ကွာရန်တင်းဝင်