ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ၌ ဦးဆောင်ခဲ့သူ၂ ဦးကို အရပ်ဝတ်လုံခြုံ ရေးများက ယနေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်း ရရှိသည်။
ပုသိမ်မြို့အမှတ် ၁၃ ရပ်ကွက်မှ ဦးသိန်းစိုးဦး(ခ) မင်းသားကြီးမှာ နံနက်ပိုင်း၌ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒဖော် ထုတ်ပွဲ၌ အလံကိုင်၍ လိုက်ပါ ဆန္ဒပြခဲ့ပြီးနောက် အိမ်အပြန်လမ်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ အမှတ် ၆ ရပ်ကွက်တွင် နေထိုင်သူ ဦးကျော်လှမိုး (ခ) ကိုချက်ကို ယနေ့ နေ့လယ်ပိုင်းက အရပ်ဝတ်လုံခြုံရေး တပ်ဖွဲ့ဝင်များက လာရောက် ဖမ်း ဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်။
ဦးသိန်းစိုးဦး ဇနီးဖြစ်သူ ဒေါ်စန္ဒဝင်းက “ဘေးက တွေ့ရတဲ့လူပြောတာက ကွမ်းဝယ်မလို့ ကွမ်းယာဆိုင်ရှေ့မှာ ရပ် လိုက်တဲ့အချိန်မှာ အဲဒီကားကနေ နောက်က ရပ်လာပြီး ကားပေါ်ကလူ ၄ ယောက် ဆင်းလာတယ်။ ပြီးတော့ ဆိုင် ကယ်ကိုင်ထားတဲ့ လက်တဖက်ကို လက်ထိပ် အရင်ခတ်လိုက်တယ်။ အေးဆေးလိုက်မယ်၊ ငါ့ကိုလက်ထိပ်မခတ်နဲ့ ဆိုတာကို မရဘူး။ တယောက်က သေနတ်နဲ့ ချိန်ထားပြီး ကျန်တဲ့လူတွေက လက်ထိပ်ကို နောက်ပြန်နဲ့၂ဖက်စလုံး ခတ်ပြီး ကားပေါ် တင်ခေါ်သွားတာ” ဟု ဧရာဝတီကို ပြောသည်။
ပုသိမ်မြို့တွင် ဖေဖော်ဝါရီလ ၇ ရက်မှ စတင်၍ ဖေဖော်ဝါရီ ၁၂ ရက်အထိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဆန့်ကျင်ဆန္ဒပြကာ စစ်အာဏာရှင် အလိုမရှိကြောင်းကို ပုသိမ်မြို့ခံ သိန်းနှင့်ချီ၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဆန္ဒဖော်ထုတ်ပွဲ ၅ ရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၁ ရက်တွင် ပုသိမ်မြို့ တဖက်ကမ်းမှ မရွှေရည်ဝင်းကို နိုင်ငံ ရေး လှုပ်ရှားမှုဖြင့် ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၁ ရက် နံနက် အစောပိုင်းတွင် ဖမ်းဆီးခဲ့ပြီး ယနေ့တွင် ဆန္ဒပြပွဲ ဦးဆောင် ပါဝင်သူ ဦးသိန်းစိုးဦး(ခ) မင်းသားကြီးနှင့် ဦးကျော်လှမိုး(ခ) ကိုချက် တို့ကို ထပ်မံ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ယနေ့ ဖမ်းဆီးမှုတွင် လုံခြုံရေး တာဝန်ရှိသူများက မည်သူမည်ဝါ ခွဲခြားမရသော အရပ်ဝတ်များဖြင့် လိုက်လံ ဖမ်းဆီးခဲ့ သလို ထိုသို့ ဖမ်းဆီးရာတွင်လည်း အိမ်စီးဆလွန်းကား အနက်ရောင်ကို အသုံးပြုခဲ့ကြောင်း မျက်မြင် တွေ့ရှိသူများက ပြောသည်။
ဦးကျော်လှမိုး(ခ) ကိုချက်၏ ဇနီးဖြစ်သူ ဒေါ်လုံမငြိမ်းချမ်းက “ကျမ အမျိုးသားက လက်ဖက်ရည်ဆိုင်ထဲမှာ ထိုင်နေ တုန်းမှာ အရပ်ဝတ်နဲ့ လူ ၄ ယောက် ဝင်လာပြီးတော့ ကျော်လှမိုးဆိုတာ ခင်ဗျားလား ဆိုပြီးတော့ လက်ထိပ်ခတ်၊ ကား ပေါ်တင်ပြီးရော ကားကို အတင်းမောင်းသွားတာ။ နောက်က နေ ဆိုင်ကယ်၂ စီးနဲ့ လိုက်တာတောင် မမှီဘဲ ပြတ်ကျန်ခဲ့ တယ်” ဟု ပြောသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုဖြင့် ဖမ်းဆီးခံရသည့် ပုသိမ်မြို့ခံ ၃ ဦးကို မည်သည့်ပုဒ်မဖြင့် အရေးယူကြောင်း တာဝန်ရှိသူများက ရှင်းလင်းပြောဆိုခြင်းမရှိဘဲ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်း ထားသည်ကိုပင် မသိရဘဲ မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့် မရကြောင်း သိရသည်။
ဖမ်းဆီးခံရသူ မရွှေရည်ဝင်း၏ မိခင်ဖြစ်သူ ဒေါ်သိန်းသိန်းက “သမီးလေးကို မနက် ၃ နာရီမှာ အိပ်နေတာကို ရဲမေ ၂ ယောက်က အတင်းဝင်ပြီး ခေါ်သွားတာ။ ပြီးတော့ ဘယ်ခေါ်သွားမှန်းလဲ မသိဘူး။ ပုသိမ်ကရဲစခန်းတွေမှာ လိုက်ပြီး မေးတော့ မသိဘူးပဲ ပြောတယ်။ အခုကတော့ တောင်ပေါ်က စစ်တပ်ထဲမှာလို့ ကြားရတယ်။ ဖမ်းသွားပြီးကတည်းက ခုချိန်အထိ မတွေ့ရသေးဘူး” ဟု ပြောသည်။
အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုရေး လှုပ်ရှားမှု ကမ်ပိန်း (CDM) ကို ဦးဆောင်ပြုလုပ်သည် ဟူသော စွပ်စွဲ ချက်ဖြင့် ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်က တိုက်နယ်ဆေးရုံအုပ် ဒေါက်တာ ပြည့်ဖြိုးနိုင်ကို ရဲတပ်ဖွဲ့က ယမန်နေ့တွင် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
You may also like these stories:
CDM တွင် ပါဝင်သူများကို ညအချိန်မတော် လိုက်လံဖမ်းဆီး
ဆန္ဒပြသူတွေကို တပ်နဲ့ရဲ လိုက်လံဖမ်းဆီး