လက်ရှိ နိုင်ငံအတွင်း ဖြစ်ပေါ်နေသော အခက်အခဲများ ပြေလည်စေရေးအတွက် အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်ကြရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ သက်တော်ရှည် ဗန်းမော်ဆရာတော်ကြီးက တိုက်တွန်း မိန့်ကြားသည်။
ဖေဖော်ဝါရီ ၁၇ ရက်၊ နေ့လယ် ၃ နာရီတွင် အောင်မြေသာစံမြို့နယ် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) မဟာဘွဲ့နှင်းခန်းမ၌ ကျင်းပသော သြဝါဒ ခံယူပွဲကြီးသို့ ရောက်ရှိလာသော မန္တလေးတိုင်းဒေသကြီး စစ်ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ထိုသို့ မိန့်ကြားခဲ့ခြင်း ဖြစ်သည်။
ဗန်းမော်ဆရာတော်ကြီးက “အချင်းချင်း အပြန်အလှန် ‘အမြစ်ပြတ် ချေမှုန်းပစ်မည်’ ဟူသော အာဃာတစိတ် မမွေး ဘဲ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ၊ တပ်မတော်၏ ဂုဏ်သိက္ခာ ကမ္ဘာ့အလယ် တင့်တယ်စေရန်နှင့် ရဟန်းရှင်လူ ပြည်သူ အပေါင်း ချမ်းသာစေရေးတို့ကို ရှေးရှုကြကာ မေတ္တာကရုဏာ လက်ကိုင်ထားလျက် လက်ရှိ ဖြစ်ပေါ်နေသော အခက်အခဲ များ ပြေလည်စေရေး အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်ကြစေချင်သည်” ဟု မိန့်ကြားသည်။
တာဝန်ရှိသူ၊ ပါဝင်ပတ်သက်သူအားလုံးက အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်မှု မပြုကြလျှင် ‘ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်မြေပုံ’ သည် ကမ္ဘာ့မြေပုံမှ ပျောက်ကွယ်သွားမည့် အခြေအနေ ဖြစ်နေသည်ကို လေးလေးနက်နက် စဉ်းစား ကြစေချင်သည်ဟုလည်း သတိပေး ဟောကြားခဲ့သည်။
ထို့ပြင် မီးကွင်းပစ်မှု၊ အဆိပ်ခတ်မှု၊ ဓာတုဆေးသုံးစွဲမှု စသည်တို့နှင့်တကွ အကြမ်းဖက်မှု မှန်သမျှသည် အကြီး အမှူး ခေါင်းဆောင်များ အပေါ်သို့ ကျရောက်မည်ဖြစ်၍ အကြီးအမှူး ခေါင်းဆောင်အားလုံးက ထိုအမှုများ မဖြစ်ပွား ရအောင် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်စေချင်သည်ဟုလည်း ထည့်သွင်း မိန့်ကြားခဲ့သည်။
ဆရာတော်ကြီးများက ထိုသို့ မိန့်ကြားသော်လည်း ယမန်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံအနီးတွင် သံဃာတချို့ ပါဝင်သည့် အုပ်စုများက ကားများကို မှန်ရိုက်ခွဲခြင်း၊ လူများကို အနာတရဖြစ်စေရန် တိုက်ခိုက်ခြင်း၊ လေးခွများဖြင့် ပစ်ခြင်းတို့ကို အချိန်အတော်ကြာ ပြုလုပ်ခဲ့သော်လည်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတို့ အရေးယူခြင်း မရှိခဲ့ပေ။
မဟန ဆရာတော်ကြီးများ အနေဖြင့် တပ်မတော်က အာဏာသိမ်းယူမှု မပြုခင် ၂၀၂၁ ဇန်နဝါရီ ၂၉ ကတည်းက မြန်မာ နိုင်ငံအတွင်း လက်ရှိ ဖြစ်ပေါ်နေသော ကိစ္စအရပ်ရပ်ကို ငြင်းခုံမှုမပြုဘဲ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းများနှင့် အညီ ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာ ဆောင်ရွက်ရန် မေတ္တာရပ်ခံချက်ကို မဟန ဆရာတော်ကြီး ၁၀ ပါးက လက်မှတ်ရေးထိုး ထုတ် ပြန်ခဲ့သည်။
ထို့ပြင် တပ်မတော်က အာဏာသိမ်းပြီး ၅ ရက်မြောက်နေ့တွင်လည်း မန္တလေးတိုင်းဒေသကြီး မဟနအဖွဲ့က စစ်ကောင်စီ ကို အထူးမေတ္တာရပ်ခံခဲ့သလို ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း လက်ရှိဖြစ်ပေါ်နေသော အခက်အခဲများ ပြေလည်စေရေး အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်ရန် အထူးမေတ္တာရပ်ခံ တိုက်တွန်းလွှာကို မဟန ဆရာတော်ကြီး ၃ ပါး လက်မှတ် ရေးထိုးပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ထံ ပေးပို့ခဲ့ပြန်သည်။
ထိုသို့ မဟနဆရာတော်ကြီးများက တိုင်းပြည် တည်ငြိမ်အေးချမ်း သာယာရေး၊ နိုင်ငံသူ/သား၊ ရဟန်းရှင်လူ ပြည်သူအား လုံး နှလုံးစိတ်ဝမ်း အေးချမ်းအောင် ဆောင်ရွက်ကြရန် အကြိမ်ကြိမ် မေတ္တာရပ်ခံ တိုက်တွန်းနေသော်လည်း အာဏာသိမ်း စစ်ကောင်စီအနေဖြင့် တစုံတရာ ညှိနှိုင်းဆောင်ရွက်မည့်ပုံစံမျိုး ယနေ့အချိန်ထိ မတွေ့ရသေးပေ။
မဟန ဆရာတော်ကြီးများကဲ့သို့ပင် ရန်ကုန်ကတ်သလစ် ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် ချားလ်စ်မောင်ဘို အပါအဝင် ဘာသာပေါင်းစုံမှ အကြီးအကဲများကလည်း ဒီမိုကရေစီအတွက် မဲပေးခဲ့ကြသည့် လူထု၏ ခံစားချက်နှင့် စိတ်ပျက်မှုကို တပ်မတော်အနေဖြင့် နားလည်ရန်၊ ငြိမ်းချမ်းစွာ ဂုဏ်သိက္ခာရှိရှိ ဆက်ဆံရန်နှင့် အကြမ်းဖက်မှုများ လုံးဝ မပြုလုပ်ရန် မေတ္တာရပ်ခံ တောင်းဆိုထားသည်။
You may also like these stories:
မြန်မာ့အရေး “အလွန်အမင်း စိုးရိမ်”ဟု အင်ဒိုနီးရှားနှင့် စင်ကာပူ ပြော
မြစ်ကြီးနားတွင် ဆန္ဒပြမည့် ဆရာ/ဆရာမများကို ရိုက်နှက်လူစုခွဲကာ ဖမ်းဆီး
မြစ်ကြီးနားက ဆန္ဒပြလူထု လေးခွဖြင့် ပစ်ခတ်ကာ လူစုခွဲခံရ