မြန်မာနိုင်ငံမှ အာဏာသိမ်းမှုကို အနောက်နိုင်ငံများက ပြစ်တင်ရှုတ်ချကြသော်လည်း အိန္ဒိယနိုင်ငံသည် အရှေ့တောင်အာရှနှင့် အဆက်သွယ်တိုးတက်စေရန်နှင့် တရုတ်သြဇာလွှမ်းမိုးမှုကို ထိန်းချုပ်ရန်အတွက် သတိထားနေရသည်။
မြန်မာနှင့် အိန္ဒိယနိုင်ငံတို့သည် နယ်နိမိတ်ခြင်း ကီလိုမီတာ ၁၆၀၀ ထိစပ်နေပြီး အရှေ့တောင်အာရှနှင့် စီးပွားရေးပေါင်းစည်းရန် မြန်မာနိုင်ငံသည် အိနိယ္ဒအတွက် တံခါးပေါက်ဖြစ်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒါ မိုဒီ၏ အရှေ့ဖက်သို့ ဦးတည်လုပ်ဆောင်ရေးမူဝါဒအတွက် အရေးပါနေသည်။
မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံတို့သည် ဘင်္ဂလားပင်လယ်အော်တွင်လည်း ရေပိုင်နက် ၇၂၅ ကီလိုမီတာ ထိစပ်နေပြီး ဘင်္ဂလားပင်လယ်အော်တွင် အိန္ဒိယသည် လေးနိုင်ငံလုံခြံရေး အစီအစဉ်အရ မြန်မာနှင့် အခြား အရှေ့တောင်အာရှနိုင်ငံများ အသင်းဝင်နိုင်ငံများနှင့် ရေကြောင်းလုံခြုံရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နေရသည်။ တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို ထိန်းချုပ်ရန်ပြုလုပ်ထားသော ထိုလေးနိုင်ငံ လုံခြုံရေး အစီအစဉ် Quad တွင် အမေရိကန် ပြည်ထောင်စု၊ ဂျပန်နှင့် သြစတြေးလျှလည်း ပါဝင်သည်။
“အိန္ဒိယက မြန်မာနိုင်ငံ အခြေအနေကို သူတို့ရဲ့ ပထဝီနိုင်ငံရေးအခြေအနေကနေပဲ ရှုမြင်တယ်” ဟု နယူးဒေလီအခြေစိုက် ကာကွယ်ရေးလေ့လာမှုနှင့် သရုပ်ခွဲလေ့လာမှုဌာနဖြစ်သော Manohar Parrikar Institute မှ အရှေ့တောင်အာရှနှင့် သမုဒ္ဒရာကျွန်းနိုင်ငံများဆိုင်ရာဌာန အဆင့်မြင့် သုတေသီနှင့် ညှိနှိုင်းရေးမှူး ယူဒိုင် ဘန်နု ဆင်း ပြောသည်။
ဆင်းက မြန်မာနိုင်ငံရှိ အိန္ဒိယ အခြေခံအဆောက်အအုံစီမံကိန်း အများအပြား အထူးသဖြင့် နှစ်နိုင်ငံအကြား ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းနှင့် ထိုင်းနိုင်ငံသို့ ဖေါက်လုပ်နေသည့် အဝေးပြေးလမ်းစီမံကိန်းကို ထောက်ပြသည်။ ကုန်သွယ်ရေးကို မြှင့်တင်ပေးမည့် ထိုလမ်းကို ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားအထိ ဆက်သွယ်ရန် အိန္ဒိယက အဆိုပြုထားသည်။ ထိုစီမံကိန်းသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ်ကို တုံ့ပြန်ဆောင်ရွက်သော စီမံကိန်းအဖြစ် လေ့လာသူအချို့ မြင်သည်။
“ဒီစီမံကိန်းတွေက နောက်ဆုံးအဆင့်ကို ရောက်နေပြီ”ဟု ဆင်းကပြောပြီး ထိုစီမံကိန်းများကို အတတ်နိုင်ဆုံး အမြန်ဆုံးပေးလိုသော အိန္ဒိယသည် မည်သူအာဏာရနေသည်ဖြစ်စေ မြန်မာအစိုးရ၏ ထောက်ခံမှုကို လိုအပ်ကြောင်း ထောက်ပြသည်။
ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုကို အိန္ဒိယက သတိထားသည့် ပုံစံဖြင့် တုံ့ပြန်သည်။ ထိိုနေ့တွင် ပြည်ပရေးရာဝန်ကြီးဌာနသည် စကားလုံး ၄၆ လုံးပါဝင်သော ကြေညာချက်တစောင်ကို ထုတ်ပြန်ပြီး ဖြစ်ရပ်များကို အလေးအနက် ပူပန်ကြောင်းနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ထောက်ခံကြောင်းပြောသည်။
ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့တွင် ကျင်းပသည့် Quad နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် နယူးဒေလီသည် ကြေညာချက်တစောင်ထုတ်ပြန်ပြီး မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှုနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆက်လက်လုပ်ကိုင်ရန် အရေးကြီးကြောင်းပြောသည်။
“မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုတွေကို ကိုင်တွယ်တဲ့အခါ အိန္ဒိယဟာ တန်ဖိုးတွေနဲ့ အကျိုးစီးပွားတွေကြား အကျပ်အတည်းနဲ့ရင်ဆိုင်ရတယ်။ ဂျပန်လို ဒေသတွင်းက တခြားနိုင်ငံတွေလည်း ဒီလိုပြဿနာမျိုးကို ရင်ဆိုင်ရတယ်” ဟု Institute of Chinese Studies မှ ဧည့်ပညာရှင် ရှမ်ရှက်အာမက်ခန်က Nikkei သို့ပြောသည်။
နယူးဒေလီသည် စစ်အာဏာသိမ်းမှုကို ပြတ်သားစွာ ရှုတ်ချခြင်း မပြုကြောင်း ခန်က ထောက်ပြသည်။
” အိန္ဒိယက စစ်အစိုးရကို ခပ်မာမာဆက်ဆံလိုက်ရင် စစ်အစိုးရက သူတို့တရားဝင်မှု ခိုင်မာအောင် တရုတ်ကို အားကိုးမယ်” ဟုလည်း သူပြောသည်။
နယူးဒေလီသည် ၎င်း၏ အကျိုးစီးပွားနှင့် စစ်အစိုးရအပေါ်ပြတ်ပြတ်သားသား ဆက်ဆံခြင်းကို ချိန်ညှိနေရကြောင်း ခန်ပြောသည်။ စစ်တပ်သည့် ၎င်းတို့ကြေညာထားသည့် တနှစ်ထက်ပိုမိုပြီး အာဏာကို ချုပ်ကိုင်ထားနိုင်သည်ဟုလည်း ဆိုသည်။
အိန္ဒိယသည် ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးမူဝါဒနှင့် စစ်ဖက်ဆက်ဆံရေးကို တန်းတူထားသည်မှာလည်း မှတ်သားဖွယ်ရာဖြစ်သည်။ အောက်တိုဘာလက အိန္ဒိယ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးမန်နောဂျ် မူကန် နာရာဗိန်းနှင့် နိုင်ငံခြားရေး အတွင်းဝန် ဟာ့ရှ် ဗာဒန် ရှရင်ဂလာတို့သည် ဒေါ်အောင်ဆန်းစုကြည်ကိုသာမက ဗိုလ်ချုပ်မင်းအောင်လှိုင်ကိုလည်း တွေ့ဆုံခဲ့သည်။ လမ်းပမ်းဆက်သွယ်ရေး၊ စွမ်းရည်မြှင့်တင်ရေး၊ ကုန်သွယ်ရေးပူပေါင်းဆောင်ရွက်မှုများ ပိုမိုကြံ့ခိုင်အောင်လုပ်ဆောင်ရန်နှင့် ကာကွယ်ပေးပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် နှစ်ဖက်သဘောတူကြသည်။
နယူးဒေလီသည် အတိတ်သင်ခန်းစာတခုမှ သင်ခန်းစာယူနေပုံရပြီး မြန်မာစစ်အစိုးရကို အထီးကျန်ထားခြင်းသည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ကီလိုမီတာ ၁၆၀၀ ရှည်သော နယ်စပ်တလျှောက် အရေးပါသော ပုန်ကန်မှုများနှိမ်နင်းရေးအား ထိခိုက်စေမည်ကို အိန္ဒိယက စိုးရိမ်နေသည်။
ထိုသင်ခန်းစာမှာ ၁၉၉၀ ခုနှစ်များက သင်ခန်းစာဖြစ်ပြီး ထိုစဉ်က အိန္ဒိယသည် မြန်မာစစ်အစိုးရကို အပြင်းအထန်ဝေဖန်ကာ ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်သိက္ခာမြင့်မားသည့် နိုင်ငံတကာ နားလည်မှုဆိုင်ရာ ဂျဝါဟာလယ် နေရူး ဆုကို ချီးမြှင့်ထားသည်။ အိန္ဒိယ အရှေ့မြောက်ပိုင်းမှ ခွဲထွက်ရေးသူပုန်များကို နှစ်နိုင်ငံစစ်တပ်များ ပူးပေါင်တိုက်ဖျက်သည့် Operation Golden Bird ကိုဆောင်ရွက်နေစဉ် ထိုဆုကို ကြေညာခြင်းဖြစ်သည်။
“အဲဒါ မြန်မာစစ်တပ်က တော်တော် စိတ်ဆိုးသွားပြီး မြန်မာနိုင်ငံမှာ ခိုလှုံနေတဲ့ အိန္ဒိယသူပုန်တွေကို ထိန်းချုပ်ဖို့ စစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်မှု ရပ်လိုက်တယ်” ဟု ဆင်းပြောသည်။
အိန္ဒိယ၏ အခြားစိုးရိမ်မှုတခုရှိနေပြီး ထိုကိစ္စသည် တရုတ်သည် ဒေသတွင်းတွင် ၎င်း၏ရည်မှန်းချက်များကို ဆက်လက် အကောင်အထည်ဖေါ်နေသောကြောင့် နယူးဒေလီအနေဖြင့် နေပြည်တော်နှင့် ထိတွေ့ဆက်ဆံရန် လိုအပ်နေခြင်းဖြစ်သည်။
နယူးဒေလီသည် လက်တွေ့ကျပြီး မြန်မာနှင့်ထိတွေ့ဆက်ဆံရန်လိုကြောင်း သဘောပေါက်သည်ဟု O.P. Jindal Global University မှ ကာကွယ်ရေးနှင့်သေနင်္ဂဗျူဟာ ဆက်ဆံရေး ပါမောက္ခ ပန်ကက် ဂျား ပြောသည်။
သို့သော် အိန္ဒိယသည် လတ်တလော ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်ဖြစ်နေသောကြောင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီမြှင့်တင်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဆက်လက်အလေးပေးမည်ဖြစ်ကြောင်း ဂျားပြောသည်။ ထိုအချက်အား စစ်အစိုးရကို ဗြောင်ကျကျ ရှုတ်ချခြင်းမပြုသည့် ကြေညာချက်များတွင် တွေ့ရမည်ဖြစ်သည်။
အိန္ဒိယအနေဖြင့် ကြားလမ်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် အကြောင်းတခုလည်းရှိနေသည်။ “အခုလောလောဆယ် အဖမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာခင်အနာဂတ်မှာ အာဏာပြန်ရပြီး အင်အားကြီးမားတဲ့ ခေါင်းဆောင်တဦး၊ ရေရှည်မှာ အိန္ဒိယအကျိုးကို ဖေါ်ဆောင်ပေးမယ့်လူမျိုး ဟုတ် မဟုတ်ကိုလည်း နယူးဒေလီက လေ့လာနေနိုင်တယ်” ဟု ဂျားပြောသည်။
ထိုလက်တွေ့ကျသော အမြင်အရ အိန္ဒိယသည် ဒီမိုကရေစီရေးအရာသာမက စစ်ရေးအရပါ အာမခံချက်ရှိသော အနာဂါတ်ခေါင်းဆောင်များနှင့် ဆက်ဆံရေးထူထောင်မည်ဖြစ်ကြောင်း ဂျားပြောသည်။
ကိုးကား။. ။ Nikkei Asia မှ Myanmar coup: India’s guarded response factors in China
You may also like these stories:
မြန်မာ့အရေး အာဆီယံနှင့် ဆွေးနွေးရန် အမေရိကန် စီစဉ်နေ
မြန်မာကို ပေးနေသည့် ဖွံ့ဖြိုးရေး အကူအညီများ ဂျပန် ဖြတ်ရန် စဉ်းစားနေ
မြန်မာပြည်သူ့ဆန္ဒ အလေးထားရန် အင်ဒိုနီးရှား တိုက်တွန်း
နိုင်ငံခြားသံရုံးများ မြန်မာ့အရေး ဝင်မစွက်ဖက်ရန် စစ်ကောင်စီ သတိပေး