မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်မြောက် နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် ဆိုလာပါဝါစီမံကိန်း ၁၂ ခု တည်ဆောက်ရန်အတွက် တင်ဒါခေါ်ယူမှုကို စစ်ကောင်စီက မေလ ၂၄ ရက်တွင် ကြေညာလိုက်သည်။
ထို ဆိုလာပါဝါ စီမံကိန်းများကို မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ် တို့တွင် တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်း တခုသည် လျှပ်စစ်မဂ္ဂါဝပ် ၂၀ မှ ၄၀ ထုတ်လုပ်နိုင်မည့် ဆိုလာစီမံကိန်းများ ဖြစ်ကြောင်း သိရသည်။
တင်ဒါ နောက်ဆုံး တင်သွင်းရမည့်ရက်ကို ဩဂုတ်လ ၁၁ ရက်အထိ သတ်မှတ်ထားသည်။
အဆိုပါ ဆိုလာပါဝါ စီမံကိန်းကို လာမည့် ၂၀၂၂ နှစ်တွင် နိုင်ငံ၏ လိုအပ်လာမည့် လျှပ်စစ်ဓာတ်အားကို ဖြည့်တင်းရန် အတွက် ဟု ဆိုသော်လည်း တင်ဒါ အာမခံကြေး (Proposal Security) အဖြစ် အမေရိကန်ဒေါ်လာ ၅ သိန်းကို အချိန် ၉ လ ဝန်းကျင် အထိ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်သို့ သွင်းထားရမည်ဖြစ်ကြောင်း တင်ဒါ စာရွက်ပါ အချက်အလက်များအရ သိရသည်။
ထို တင်ဒါကို ကုမ္ပဏီများ စိတ်ဝင်စားမှု ရှိစေရန် တင်ဒါ စည်းမျဉ်းစည်းကမ်းများတွင် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်လိုသည့် ကုမ္ပဏီများကို ဆိုလာ လျှပ်စစ် လုပ်ငန်းအတွေ့အကြုံ သတ်မှတ်ချက်ကို ကင်းလွတ်ခွင့်ပေးသလို မြေယာ ဝယ်ယူမှုအတွက် ကိုလည်း လယ်သမားများနှင့် အရောင်းအဝယ် လုပ်ဆောင်ထားသည့် စာချုပ်ပြနိုင်ပါက ထိုမြေပေါ်တွင် လုပ်ငန်း လုပ်ကိုင်ခွင့် ရနိုင်ရန်အတွက်ပါ လုပ်ဆောင်ပေးမည့်အထိ ကမ်းလှမ်းကြောင်း ရန်ကုန်မြို့က လျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။
အဆိုပါ လုပ်ငန်းရှင်၏ ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ် ဆိုလာပါဝါ စီမံကိန်းများ တင်ဒါ်ခေါ်ယူခဲ့စဉ်က ဝင် ရောက် ယှဉ်ပြိုင်ခဲ့ဖူးသည့် ပြည်တွင်း ကုမ္ပဏီ ဖြစ်သည်။
၎င်းက ဆက်လက်၍ “ဝန်ကြီးဌာန (လျှပ်စစ်နှင့် စွမ်းအင်) က အရင်တုန်းက လျှောက်ခဲ့ဖူးတဲ့ ပြည်တွင်း ကုမ္ပဏီတွေကိုဆီကို ဖုန်းဆက်ပြီးတော့ကို ဝင်ပြိုင်ကြဖို့ စည်းရုံးတာ။ ဒီတခါ ပြည်တွင်း ကုမ္ပဏီတွေကို ဦးစားပေးရွေးချယ်မယ် ဆိုပြီး သူတို့ အခု တင်ဒါခေါ်တာက အရင်က ဆိုလာနဲ့ ပတ်သက်ပြီး မလုပ်ဖူးရင်တောင် ရတယ်၊ ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်ဖြစ် အိမ်ခြံမြေ ကုမ္ပဏီပဲဖြစ်ဖြစ် ဝင်ပြိုင်လို့ ရတဲ့ သဘောအထိကို လုပ်ပေးထားတာ” ဟု ပြောဆိုသည်။
သို့သော်လည်း ကမ္ဘာ့ဈေးကွက်တွင် ဆိုလာကုန်ကြမ်းပစ္စည်းများ ဈေးနှုန်းမြင့်တက်နေခြင်းနှင့် မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်း နှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်မှု ရပ်တန့်နေခြင်းကြောင့် လျှပ်စစ် လိုအပ်ချက်သည် မျှော်မှန်းထားသလောက် မရှိနိုင်၍ လုပ်ငန်း တွက်ခြေ မကိုက်နိုင်သည့် အခြေအနေများကြောင့် ပြည်တွင်းက လျှပ်စစ်ထုတ်လုပ်ရေး ကုမ္ပဏီအများစုအနေဖြင့် အဆိုပါ တင်ဒါကို စိတ်ဝင်စားမှု မရှိကြောင်း သိရသည်။
အထက်ပါ လုပ်ငန်းရှင်က “အခုက သူတို့ ဘယ်လောက်တောင် အခြေအနေ ဆိုးလဲဆိုရင် တင်ဒါအောင်ဖို့ ပရောဂျက်တခုကို အမေရိကန်ဒေါ်လာ ၃ သိန်း ဆိုပြီးတောင် ဈေးပေါက်နေပြီ” ဟု ပြောသည်။
ထို ဆိုလာပါဝါ စီမံကိန်းများကို တင်ဒါအောင်မြင်သူသည် နှစ် ၂၀ သက်တမ်း လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ပြီး စီမံကိန်းတခုကို အမေရိကန်ဒေါ်လာ သန်း ၂၀ မှ ၃၀ ကျော်အထိ ရင်းနှီးမြှုပ်နှံရမည်ဖြစ်ကြောင်း သိရသည်။
“အခု LNG နဲ့ ထုတ်နေတာတဲ့ ဟာတွေတောင် တချို့ရပ်ထားနေရတာ လျှပ်စစ်က ပိုနေလို့။ ဈေးကွက်အခြေအနေအရ ဘယ်လိုမှ တွက်ခြေ မကိုက်နိုင်ဘူးလေ။ ဒါပေမယ့် အိမ်ထောင်စုတွေအတွက် ရည်ရွယ်လုပ်တယ်ဆိုရင်လည်း လျှပ်စစ်က ထုတ်ပြီး ပေးချင်တိုင်း ပေးလို့ရတာ မဟုတ်ဘူးလေ။ တခြားလိုအပ်တဲ့ အခြေခံ အဆောက်အအုံတွေက လိုသေးတယ်” ဟု လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှုကို လေ့လာနေသည့် လျှပ်စစ်ပညာရှင်တဦးက ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ၏ ပထမဆုံး ဆိုလာပါဝါ စီမံကိန်းများအတွက် တင်ဒါခေါ်ယူခဲ့စဉ်က ပြည်တွင်း ပြည်ပကုမ္ပဏီ အများအပြား ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသော်လည်း ယခုတကြိမ်တွင် အမှန်တကယ် လျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်း လုပ်ကိုင်နေသော ကုမ္ပဏီအများစုက ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိကြောင်း ၎င်းက သုံးသပ်သည်။
ပြီးခဲ့သည့် ပထမဆုံးအကြိမ် ဆိုလာပါဝါ စီမံကိန်းတင်ဒါအတွက် ကုမ္ပဏီပေါင်း ၅၂ ခုက စီမံကိန်း အဆိုပြု လျှောက်လွှာပေါင်း ၁၅၅ ခု အထိရှိခဲ့ပြီး တရုတ်ကုမ္ပဏီများက အများစု ပါဝင်ကာ ဂျပန်၊ စင်ကာပူ၊ ကိုရီးယား၊ ထိုင်း အိန္ဒိယ ကုမ္ပဏီများနှင့် အနောက်နိုင်ငံများနှင့် ပြည်တွင်း ကုမ္ပဏီများ ဖက်စပ် ပူးပေါင်း လုပ်ဆောင်ကြမည့် ကုမ္ပဏီများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြသည်။
စစ်ကောင်စီသည် ဆိုလာပါဝါ စီမံကိန်းများအတွက် ဒုတိယအကြိမ် တင်ဒါခေါ်ယူနေသော်လည်း ပထမအကြိမ်က တင်ဒါ အောင်မြင်ထားသည့် ဆိုလာပါဝါ စီမံကိန်း၂၉ ခုသည်ပင် လက်ရှိအချိန်လုပ်ငန်း စတင်နိုင်ခြင်းမရှိသေးပေ။ ထိုစီမံကိန်း ၂၉ ခုသည် လျှပ်စစ်မဂ္ဂါဝပ် ၁၀၀၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်သည်။
လတ်တလောတွင် မြန်မာနိုင်ငံရှိ အိမ်ထောင်စုပေါင်း ၁၀ သန်းကျော် ရှိသည့်အနက် ၄ သန်းကျော်ကို ဓာတ်အား ဖြန့်ဖြူး ပေးနိုင်သေးကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ ယခင်က ထုတ်ပြန်ထားချက်များအရ သိရသည်။
You may also like these stories:
ဓာတ်ငွေ့ပိုက်လိုင်း အကျိုးအမြတ် MOGE ကို ထုတ်မပေးရန် Total နှင့် Chevron သဘောတူ
တရားမဝင်သစ်များ လေလံတင်၍ စစ်ကောင်စီ “အာဏာသိမ်း စရိတ်” ရှာနေ
ဆိုလာပါဝါ စီမံကိန်းများမှ ပြန်ဆုတ်ရန် တရုတ်ကုမ္ပဏီများ စဉ်းစားနေ