စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် ဒေသခံ ပြည်သူ့ ကာကွယ်ရေးအဖွဲ့နှင့် စစ်ကောင်စီ၏ ထောက်ပံ့မှုအောက်တွင်ရှိသော ပျူစောထီးအဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင် ၅၀ ကျော် ထောင်ချောက်ဆင် ဖမ်းဆီးခံရ ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့က မင်းကင်းမြို့နယ်ရှိ ပန်းဆက်၊ တောင်ဖြူရွာတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် လက်နက်ကိုင် ပျူစောထီး အဖွဲ့တို့ တိုက်ပွဲဖြစ်ကြရာတွင် တောင်ဖြူရွာသို့ သွားခဲ့သည့် ပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင် ၅၀ ကျော် ဖမ်းဆီးခံခဲ့ ရခြင်းဖြစ်ကြောင်း ဒေသခံကာကွယ်ရေး အဖွဲ့ဝင် တဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “သူတို့ (ပျူစောထီးအဖွဲ့) က လက်နက်ချမယ် ဆိုပြီးတော့ ခေါ်လိုက်တဲ့အချိန်မှာ ကိုယ့်လူတွေက ဝင်သွားတော့ သူတို့က ညှပ်ဖမ်းလိုက်တဲ့ ပုံစံမျိုး ဖြစ်သွားတာပေါ့။ အကွက်ဆင်တဲ့ထဲ ပြန်ရောက်သွားတဲ့ ပုံစံမျိုး ဖြစ်သွားတာပေါ့” ဟု ပြောသည်။
ရွာအပြင်တွင် လုံခြုံရေး စောင့်ရန်ကျန်ရှိခဲ့သည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၂ ဦးခန့်မှာမူ လွတ်မြောက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က သိရသည်။
ပျူစောထီးအဖွဲ့က လူမှုကွန်ရက်ပေါ် ဖြန့်လိုက်သည့် ဓာတ်ပုံများထဲတွင် ဖမ်းဆီးခံထားရသည့် PDF အဖွဲ့ဝင်များ၏ မျက်နှာများတွင် ဖူးရောင်ဒဏ်ရာများတွေ့ရသလို လက်ပြန်ကြိုးများ တုပ်ထားပြီး ၎င်းတို့၏ နောက်တွင် လက်နက် အပြည့် ကိုင်ဆောင်ထားသည့် အရပ်ဝတ် ပျူစောထီး အဖွဲ့ဝင်များနှင့် စစ်သားများကို တွေ့ရသည်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက “မင်းကင်းမှာ အရင်ကဆိုရင် ၂၂၂ နဲ့ တပ်မ ၉၉ ရှိတယ်။ တပ်မ ၉၉ က ဦးမောင်မြင့် ခေါ်လို့ ရောက်ချလာပြီးတော့ ပန်းဆက်မှာ လွန်ခဲ့တဲ့ တလကျော်လောက်အထိ တပ်စွဲပြီးတော့ တပ်မ ၉၉ ပြန်ခေါက်တဲ့အချိန်မှာ ပန်းဆက်နဲ့ တောင်ဖြူရွာကို၊ တရွာကို မောင်းပြန်ရိုင်ဖယ်တွေ ၂၀ လောက်စီ ပေးထားခဲ့တယ်။ ကတုတ်ကျင်းတွေနဲ့ မိုင်းတွေ ထောင်ပြီး စနစ်တကျ လုပ်ပေးထားခဲ့တယ်” ဟု ဆိုသည်။
ဇူလိုင် ၂၈ ရက် မနက်ပိုင်းတွင် တောင်ဖြူရွာကို ဝိုင်းထားသည့် PDF များကို စစ်နည်းဗျူဟာသုံးပြီး အနိုင်ယူခဲ့ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မင်းကင်း အမတ်ဟောင်း ဦးမောင်မြင့်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ တွင် ရေးသားထားသည်။
ဦးမောင်မြင့် က “PDF တွေက တောင်ဖြူရွာကိုလည်း အင်အား ၈၀ နဲ့ ဝင်ပါသတဲ့၊ ရွာက လူညီပြီး စစ်နည်းဗျူဟာ ကောင်းတော့ ဒီကောင်တွေ ခံသွားရပါတယ်” ဟု ရေးသားထားခြင်း ဖြစ်သည်။
ဦးမောင်မြင့်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီဝင်ဖြစ်ပြီး တပ်မတော်အရာရှိဟောင်း တဦး လည်း ဖြစ်ကာ စစ်အစိုးရလက်ထက် နိုင်ငံခြားရေး ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ထို့ပြင် PDF များ ပန်းဆက်ရွာသို့ တိုက်ခိုက်နေသဖြင့် စစ်ကူပေးရန် စစ်ကောင်စီဘက်သို့ သတင်းပို့ထားပြီး ပြည်သူ့ စစ်များနှင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်ရှိ စစ်ကူပေးခဲ့ကြောင်းလည်း ဦးမောင်မြင့်က ရေးသားထားသည်။
၎င်းက “ပန်းဆက်ရွာကို PDF တွေလာဝိုင်းတဲ့ ကိစ္စ ပြီးသွားပြီ။ မိမိဘက်က ၁ ကျ၊ ၃ ဒဏ် ပါတဲ့ဗျာ။ စိတ်မကောင်းစရာပေါ့။ ရွာသားတွေ အပြောကတော့ လာဝိုင်းတဲ့ PDF အင်အား ၅၀၀ လောက်ရှိပါသတဲ့။ ရွာက လူညီပြီး ပတ်လည်မှာ ကတုတ်တွေနဲ့ ခံပစ်ထားလို့ ရွာကတော့ မကျပါဘူး။ စစ်ကူကတော့ မင်းကင်းက တပ်နဲ့ ပသစ (ပြည်သူ့စစ်) ပေါင်းပြီးလာပါသတဲ့၊ အချိန်မီတယ်လို့ ဆိုရမှာပါ” ဟု ရေးသားထားသည်။
ပျူစောထီး အဖွဲ့အား အနီးကပ် ဦးဆောင် ညွှန်ကြားနေသည်ဆိုသည့် အကြောင်း အပါအဝင် ဖမ်းဆီးခံထားရသူများ အခြေအနေကို မေးမြန်းရန် ဦးမောင်မြင့်ကို ဧရာဝတီက တိုက်ရိုက်ဆက်သွယ်မေးမြန်းသော်လည်း အိမ်တွင် မရှိကြောင်း မိသားစုဝင်တဦးက ပြောသည်။
သီးခြားကြားသိရသည့် အချက်အရ ဖမ်းဆီးခံထားရသည့် ပြည်သူ့ကာကွယ်ရေး အဖွဲ့များကို စစ်တပ်ထံ လွှဲပြောင်း ပေးလိုက်ပြီ ဖြစ်ကြောင်းသိရပြီး ပျူစောထီးဘက်က ထုတ်ပြန်ထားသည့် ပုံများထဲတွင်လည်း ဖမ်းဆီးခံထားရသူများ၏ နောက်တွက် စစ်သားတချို့ကိုတွေ့ရသည်။
ပန်းဆက်ရွာတွင် ၂၈ ရက်နေ့ မနက် ၅ နာရီမှ စတင်ကာ ၁ နာရီကျော်ခန့် အပြန်အလှန်ပစ်ခတ်မှုတွင် ပြည်သူ့ကာကွယ် ရေး အဖွဲ့မှ ရှပ်ထိ ဒဏ်ရာရသူ ၅ ဦးရှိပြီး တပ်ကူများ ရောက်ရှိလာသည့် အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင် တဦးက “ရွာထဲဝင်ဖို့အထိ လုပ်ပြီးသားကို အကူတွေ လာလို့ ဆိုပြီး ကျနော်တို့ နောက်ပြန်ဆုတ်ခဲ့ရတယ်။ အကူတွေလာရင်တော့ မရတော့ဘူးလေ။ နေရာကလည်း မကောင်းဘူး လယ်ကွင်းပြင်ထဲ။ လယ်ကွင်းပြင်ဆိုတာ ဘာမှ မရှိဘူး ကန်သင်းရိုးလေး ကပ်ပြီး ပစ်နေရတာ” ဟု ပြောသည်။
မင်းကင်းမြို့နယ်တွင် ဇွန်လမှ စတင်ကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ဖြစ်ပေါ်လျက်ရှိပြီး ပျူ စောထီးအဖွဲ့ဝင်များသည် စစ်ကောင်စီဘက်က ကူညီတိုက်ခိုက်ပေးနေခြင်း ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့က ဆို ထားသည်။
You may also like these stories:
မင်းကင်းနယ်ခံ PDF တို့နှင့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၅ဦးခန့် သေဆုံးဟုဆို
စစ်ကောင်စီ ထိုးစစ်ကြောင့် ယင်းမာပင် ဒေသခံ တသောင်းခန့် ဘေးလွတ်ရာ ရှောင်နေရ
ကယားပြည်နယ်တွင် KA ၊ KNDF တို့နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာ