ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့နယ်ခွဲအတွင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် စစ်ကောင်စီကြား တိုက်ပွဲဆက်လက် ပြင်းပြင်းထန် ထန် ဖြစ်ပွား နေသည်ဟု သတင်းရရှိသည်။
ယနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်၌ ဖြစ်ပွားသည့် တိုက်ပွဲတွင် MNDAA က စစ်ကောင်စီတပ်များ ခြေကုပ် သိမ်းယူ လိုက်သည့် တောင်ကုန်း တကုန်းကို ပြန်လည်သိမ်းပိုက်နိုင်လိုက်သည်ဟု သတင်းထုတ်ပြန်ထားသည်။
အဆိုပါ တောင်ကုန်းသည် မုံးကိုးမြို့နယ်ခွဲ၊ ဖောင်းဆိုင်ကျေးရွာအနီးတွင် ရှိသည့် တောင်ကုန်းဖြစ်ပြီး သြဂုတ် ၃၀ ရက်၊ ညတိုက်ပွဲတွင် MNDAA လက်ထဲမှ စစ်ကောင်စီက သိမ်းယူလိုက်ခြင်း ဖြစ်ပြီး ယနေ့တိုက်ပွဲတွင် ဆုံးရှုံးခဲ့သည့် တောင်ကုန်းကို ပြန်သိမ်းယူနိုင်ခြင်း ဖြစ်သည်ဟု သိရသည်။

MNDAA၏ အရာရှိတဦးက “တောင်ကုန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီ။ သို့သော် ဘောလုံးကွင်းအောက်ဘက် နယ်စပ်တဝိုက်မှာ စစ်ကောင်စီတပ်တွေ ရှိနေသေးတယ်။ မိမိတို့အနေနဲ့ အဲ့ဒီနေရာဘက်ကို အလွန် အလေးထား ပါတယ်။ အကယ်၍ သူတို့ ဆက်ပြီး ထိုးစစ်ဆင်ရင်တော့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန် နေမှာပဲ”ဟု ပြောဆို ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။
ဘောလုံးကွင်းဟု ညွှန်းဆိုထားသည့် နေရာသည် ဖောင်းဆိုင်ကျေးရွာ၏ ဘောလုံးကွင်းကို ဆိုလိုခြင်း ဖြစ်သည်။
MNDAA နှင့် စစ်ကောင်စီတပ်များသည် မုံးကိုးမြို့နယ်ခွဲ အပြင် ပန်ဆိုင်းမြို့နယ်ခွဲတို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားကာ စစ်ရေးတင်းမာလျက် ရှိသည်။
သြဂုတ် ၂၈ ရက်က မုံးကိုးမြို့နယ်ခွဲ၊ ကောင်းလုံကျေးရွာအုပ်စုအနီး ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးဟု ယူဆရသည့် အလောင်းများ၊ တပ်ရင်းမှူး နှင့် ဒုတပ်ရင်းမှူး ကိုင်ဆောင်သည့် ပစ္စတို နှစ်လက်အပြင် အခြားတပ်ဖွဲ့ဝင်များ၏ အလောင်းများ၊ လက်နက်ခဲယမ်းများကို MNDAA ဘက်မှ သိမ်းဆည်းခဲ့သည်။
သြဂုတ် ၃၀ ရက်က ပန်ဆိုင်းမြို့နယ်ခွဲအတွင်း ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၅၇၅ ဘက်မှ တပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးခဲ့ပြီး ထို ၁၅ ဦး၏ အလောင်းများနှင့် လက်နက်ခဲယမ်းများကို MNDAA ဘက်မှ သိမ်းဆည်းခဲ့သည်။
သြဂုတ် ၃၀ ရက်တွင် မုံးကိုးမြို့နယ်ခွဲအတွင်း၌လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး မုံးကိုးဒေသတွင်း ဖြစ်သည့် တိုက်ပွဲတွင် MNDAA ဘက်မှ တပ်ဖွဲ့ဝင် ၁ဦး သေဆုံးမှု ရှိခဲ့သည်ဟု သိရသည်။
မုံးကိုးမြို့နယ်ခွဲအတွင်း MNDAA ၏ တပ်မဟာ ၅၁၁ က တပ်ဖြန့်လှုပ်ရှားနေရာ ၎င်းတို့ တပ်ဖွဲ့များ ရှိနေသည့် တောင်ကုန်းများ၊ ကျေးရွာများအနီးသို့ စစ်ကောင်စီဘက်က လိုက်လံတိုက်ခိုက်နေခြင်း ဖြစ်သည်။
စစ်ကောင်စီနှင့် MNDAA တို့ကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ပန်ဆိုင်းမြို့နယ်ခွဲနှင့် မုံးကိုးမြို့နယ်ခွဲ အတွင်းမှ ဒေသခံ ၁၉၀၀ ကျော်သည် နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်ဒုက္ခသည်များအဖြစ် တိမ်းရှောင်နေကြရသည်။
You may also like these stories:
NLD ကို တရုတ် ကာကွယ်တာဟာ ဗမာပြည်သူတွေရဲ့ စိတ်အညှာကို ကိုင်လိုက်တာ
တရုတ်က NLD ဖျက်သိမ်းခံရမှာကို မလိုလား
မြန်မာ စစ်အာဏာသိမ်းမှုအပေါ် အမေရိကန် ဘယ်လိုကိုင်တွယ်နိုင်သလဲ