သတင်း

စစ်ကောင်စီ ခေါင်းဆောင် ကျိုက်ဒေးဝိစေတီ ပြုပြင်

မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူ၏မိသားစုတို့က ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိသော ဘုရားတဆူကို ပြန်လည်ပြုပြင် မွမ်းမံခြင်းသည် သံသယများစွာကို ဖြစ်ပေါ်စေခဲ့ပြီး ထိုသို့လုပ်ဆောင်ခြင်း အကြောင်းရင်းကို လူအများအပြားက မေးခွန်းထုတ်ကာ ထိုဘုရားတွင် စစ်ကောင်စီနှင့် နီးစပ်သော ဘုန်းကြီးများကို တွေ့ရသောကြောင့် ဝေဖန်ရှုတ်ချကြသည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ၊ သမီး မခင်သီရိသက်မွန်၊ သား ကိုအောင်ပြည့်စုံနှင့် ဇနီး မမျိုးရတနာထိုက်တို့သည့် ရန်ကုန်တိုင်းအစွန်ရှိ လှည်းကူးမြို့နယ်မှ ကျိုက်ဒေးဝိစေတီတော် ပြုပြင်မွမ်းမံသော အခမ်းအနားသို့ ရောက်လာသည့် ပုံများကို စစ်ကောင်စီ ထိန်းချုပ်သည့် မီဒီယာက ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ဖော်ပြသည်။ ၎င်းတို့သည် ဘုရားကို အနေကဇာတင်ရန် ဘုန်းကြီးများကိုလည်း ပင့်ဆောင်လာသည်။

ထိုအငြင်းပွားဖွယ် ဘုန်းကြီးများမှာ ဓမ္မဒူတ အရှင် ဆေကိန္ဒနှင့် ဦးကောဝိဒတို့ ဖြစ်သည်။ ဝစီပိတ် ဆရာတော်ဟု လူသိများသည့် ဦးကောဝိဒသည် စကားမပြောရန် အဓိဋ္ဌန်ထားသည်ဟု ကျော်ကြားသည်။

ဓမ္မဒူတ အရှင် ဆေကိန္ဒသည် နွေရာသီ ယဉ်ကျေးလိမ္မာ သင်တန်းများကြောင့် လူသိများသည်။ ထိုသင်တန်းများတွင် သူသည် ဆယ်ကျော်သက်များကို ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှု ကဲ့သို့သော ဘာသာရပ်များ သင်ကြားပေးပြီး နှစ်စဉ် လူငယ်ရာပေါင်းများစွာ တက်ရောက်ကြသည်။ စစ်အာဏာသိမ်းပြီးနောက် ထိုဘုန်းကြီးသည် လူမြင်ကွင်းသို့ မထွက်သလောက်ပင်ဖြစ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်ကောင်စီက ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခြင်းကို မသိကျိုးကျွံပြုနေသည်။ ထိုဆန္ဒပြလူငယ်များသည် သူ၏ သင်တန်းများကို တက်ရောက်သူများနှင့် သက်တူရွယ်တူ ဖြစ်သည်။

ဝစီပိတ်ဆရာတော်သည် ပိုမိုအငြင်းပွားဖွယ်ဖြစ်သည်။ တပ်ချုပ် မင်းအောင်လှိုင်သည် ရှမ်းပြည်နယ် အရှေ့ပိုင်းကို ကြီးကြပ်သည့် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးဘ၀ ၂၀၀၆ ခုနှစ် ကတည်းက ထိုဘုန်းကြီးကို ကိုးကွယ်သည်။ ကျွမ်းကျင်သော ဗေဒင်ယတြာသမားအဖြစ် ကျော်ကြားသော ထိုဘုန်းကြီးသည် အာဏာသိမ်း ခေါင်းဆောင်၏ ဗေဒင်အခါတော်ပေးဖြစ်သည်ဟု ယုံကြည်ကြသည်။

မကြာသေးမီနှစ်များအတွင်း ဝစီပိတ်ဆရာတော် ဦးကောဝိဒကို ဘာသာရေး အခမ်းအနားများတွင် တပ်ချုပ် မင်းအောင်လှိုင်နှင့်အတူ မကြာခဏ တွေ့ရသည်။ ၂၀၂၀ ပြည့်နှစ်က ပုဂံမှ ဘုရားတဆူကို တပ်ချုပ် မင်းအောင်လှိုင် ထီးတော်တင်သောအခါ ထိုဘုန်းကြီးလည်း အခမ်းအနားသို့ တက်ရောက် ကြီးကြပ်သည်။ အများပြည်သူ အမြင်တွင်မူ ထိုအခမ်းအနားသည် နိုင်ငံသမ္မတဖြစ်လိုသော တပ်ချုပ် မင်းအောင်လှိုင်၏ ဆန္ဒပြည့်စေရန် နတ်ကောင်းနတ်မြတ်များထံ ဆုတောင်းသည့် အခမ်းအနားသာ ဖြစ်သည်။

စစ်အာဏာသိမ်းပြီးသောအခါ ထိုဘုန်းကြီး စစ်ကောင်စီတပ်များအနေဖြင့် ဆန္ဒပြသူများ၏ ဦးခေါင်းကိုသာ သေနတ်ဖြင့် ပစ်ခတ်ရန် အာဏာသိမ်းခေါင်းဆောင်ကို အကြံပေးသည်ဟု စွပ်စွဲခံရသည်။ စစ်ကောင်စီက ဆန္ဒပြသူများကို ဖြိုခွဲမှု အစောပိုင်းကာလများတွင် သတ်ဖြတ်ခံရသော ဆန္ဒပြသူများသည် ဦးခေါင်းတွင် ကျည်ထိမှန် သေဆုံးသူများဖြစ်သည်။

တပ်ချုပ် မင်းအောင်လှိုင်၏သား ကိုအောင်ပြည့်စုံ၊ ဇနီး မမျိုးရတနာထိုက်နှင့် တပ်ချုပ်၏ သမီး မခင်သီရိသက်မွန်တို့ ကျိုက်ဒေးဝိ စေတီတော်အတွက် စိန်ဖူးတော်နှင့် ငှက်မြတ်နားတို့ကို ဓမ္မဒူတ အရှင် ဆေကိန္ဒထံ ကပ်လှုနေစဉ် / မြဝတီ

ထို့ကြောင့် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် သူ့ကို ဝေဖန်ရှုတ်ချကြပြီး အချို့ဆန္ဒပြသူများက သူ၏ဓာတ်ပုံကို ထမီအောက်တွင်ထားကာ လူမြင်ကွင်းတွင် ပြသပြီး ဒေါသကို ဖော်ထုတ်ကြသည်။ သူကိုးကွယ်သော ဆရာတော်ကို ထမီအောက်တွင် ထားသည်ကို မြင်တွေ့ရခြင်းသည် တပ်ချုပ် မင်းအောင်လှိုင်အတွက် ဒေါသထွက်စရာဖြစ်သည်။ ထိုထမီများကို ဖြုတ်ချရန် မင်းအောင်လှိုင်က စစ်ကောင်စီတပ်များကို အမိန့်ပေးပြီး ထိုသို့လုပ်သူများကို သာသနာစော်ကားမှုဖြင့် အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီ မီဒီယာမှ ကြေညာရသည်။

မွန်ဘုရင်တပါးက လွန်ခဲ့သော ရာစုနှစ်များစွာတွင် တည်ထားခဲ့သည့် ထိုဘုရားစေတီတွင် စနေနေ့က တပ်ချုပ် မင်းအောင်လှိုင် စိန်ဖူးတော်တင်သောအခါ ထိုဘုန်းကြီးက အနီးကပ်ကြီးကြပ်သည်။ သူ၏ နက္ခတ်ဗေဒင် အခါတော်ပေးဘုန်းကြီး တက်ရောက်ခြင်းနှင့် ထိုအခမ်းအနား၏ သဘောသဘာဝအရ ရှေးဟောင်းဘုရားကို စစ်ကောင်စီ ခေါင်းဆောင်က ပြန်လည် အနေကဇာတင်ခြင်းသည် တပ်ချုပ် မင်းအောင်လှိုင် နိုင်ငံကို ဆက်လက် အုပ်ချုပ်နိုင်ရန် ယတြာချေခြင်း ဖြစ်သည်ဟုသာ ပြည်သူများက မြင်သည်။

စစ်အာဏာသိမ်းခေါင်းဆောင်သည် ဖေဖော်ဝါရီလမှစတင်ပြီး နိုင်ငံကို ထိန်းချုပ်ရန် ကြိုးစားနေသော်လည်း သူ၏ အုပ်ချုပ်ရေးကို လူထုက လက်နက်ကိုင် ခုခံသောကြောင့် နိုင်ငံသည် ဖရိုဖရဲဖြစ်နေသည်။ သူသည် လူပေါင်း ၁,၃၀၀ ကျော်ကို သတ်ဖြတ်ထားပြီး သတ်ဖြတ်ခံရသူအများစုသည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သူများဖြစ်သည်။ ထိုအခမ်းအနား မကျင်းပမီ နာရီအတန်ကြာက သူ၏စစ်သားများသည် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းနှင့် အရပ်သားခုခံရေးတပ်များ၏ ထိုင်းနယ်စပ် ကရင်ပြည်နယ်မှ တိုက်ပွဲတွင် ချေမှုန်းခံနေရသည်။

စနေနေ့ အခမ်းအနားအပြီးတွင် တပ်ချုပ် မင်းအောင်လှိုင်သည် ဘုရား၏ ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ထိုးပြီး ထိုဘုရားကို ပြုပြင်ရသောကြောင့် ကျေနပ်ကြောင်းနှင့် နိုင်ငံတွင် ရိက္ခာ လုံလောက်စေလိုကြောင်း ဆုတောင်းသည်။ သို့သော် အပြောတခြား အလုပ်တခြားဖြစ်နေသော ကိစ္စမှာ သွေးစွန်းနေသည့် စစ်အာဏာသိမ်းခေါင်းဆောင်က “မြန်မာနိုင်ငံငြိမ်းချမ်းပါစေ” ဆုတောင်းပြီး အခမ်းအနား အဆုံးသတ်လိုက်ခြင်း ဖြစ်သည်။

You may also like these stories:

ထင်ရှားသော ဆရာတော်ကြီးများကြား မဟာမိတ်များ စစ်ကောင်စီ ရှာဖွေ

“သံဃာကို မစော်ကားသင့်ဘူး”လို့ ပြောကြသူတွေကို မင်းမော်ကွန်း မေးခွန်းထုတ်

မြန်မာတို့နှင့် လောကီအစီအရင်များ

Loading