အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringla ဟာ နှစ်ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်ကို ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ စတင်ပါတယ်။
Shringla ဟာ သူ့ရဲ့ခရီးစဉ်အတောအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ နိုင်ငံရေးပါတီတွေအပြင် အရပ်ဖက်အဖွဲ့အစည်းတွေက အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးအမြင်ဖလှယ်တာတွေလုပ်မယ်လို့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံကို လူသားချင်းစာနာတဲ့အကူအညီတွေပေးဖို့ကိစ္စ၊ အိန္ဒိယ-မြန်မာနယ်စပ်ကိစ္စနဲ့ လုံခြုံရေးကိစ္စတွေအပြင် မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ပတ်သက်လို့လည်း ဆွေးနွေးအမြင်ဖလှယ်မယ်လို့ ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အိန္ဒိယ အရှေ့မြောက်ပြည်နယ်များဖြစ်တဲ့ အာသံ၊ နာဂနဲ့ မဏိပူရက ခွဲထွက်ရေးလူမျိုးစု သူပုန်တွေဟာ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း တောတောင်ထူထပ်ပြီး ဝေးခေါင်တဲ့ ဒေသတွေမှာ အခြေစိုက်စခန်းများ တည်ထောင်ထားတာ နှစ်ပေါင်များစွာ ကြာပါပြီ။ သူတို့ဟာ အိန္ဒိယ နိုင်ငံထဲမှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ပြုလုပ်ပြီး အိန္ဒိယအစိုးရတပ်တွေ မလာရောက်နိုင်တဲ့ နယ်စပ်ကိုကျော်ပြီး မြန်မာပြည်ထဲ ပြန်ဝင်နေတတ်ကြပါတယ်။ အိန္ဒိယနဲ့ မြန်မာနိုင်ငံဟာ နယ်နိမိတ် ၁၆၄၃ ကီလိုမီတာ ထိစပ်နေပါတယ်။
အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ခရီးစဉ်ဟာ ဇန်နဝါရီ ၂၆ ရက်မှာ ကျင်းပမယ့် အိန္ဒိယ သမ္မတနိုင်ငံနေ့မှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားမှာ မဟုတ်ဘူးလို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုအပြီး မကြာခင်မှာ ဖြစ်ပေါ်လာတာပါ။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မကြာသေးမီက ဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်ခဲ့တာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့လည်း အိန္ဒိယ သတင်းစာတွေကို ပြောပါတယ်။
“ကျနော်တို့ ဒီပြစ်ဒဏ်ချမှတ်ချက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပါတယ်။ အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံတခုအနေနဲ့ အိန္ဒိယဟာ မြန်မာရဲ့ ဒီမိုကရေစီအကူးအပြောင်းကို အစဉ်အမြဲ ထောက်ခံပါတယ်”လို့ ပြောရေးဆိုခွင့်ရှိသူ Arindam Bagchi က ပြောပါတယ်။
တဖက်က ဒီမိုကရေစီကို ထောက်ခံပေမယ့်လည်း မြန်မာစစ်တပ်နဲ့ ဆက်ဆံနေသေးတဲ့ အိန္ဒိယဟာ ရှေ့တိုးထမ်းပိုး နောက်ဆုတ် လှည်းထုပ် အနေအထား ရောက်နေတယ်လို့ ဝေဖန်သုံးသပ်သူတွေကတော့ ဆိုနေကြပါတယ်။
You may also like these stories:
မြန်မာစစ်တပ်နှင့် ဆက်ဆံရေးကြောင့် အိန္ဒိယ ရင်ဆိုင်ရသော အကျပ်အတည်း
အိန္ဒိယသူပုန်များနှင့် ပြန်ပေါင်းထုပ်နေရသော မြန်မာစစ်တပ်
မြန်မာစစ်ခေါင်းဆောင်နှင့် တွေ့မည်ကို ဝေဖန်သူများအား ဟွန်ဆန် နှုတ်လှန်ထိုး












