မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရန်အစီအစဉ်ကို ဝေဖန်သူများအား ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပြီး “ငါနဲ့ ဇာတ်လမ်း လာမရှုပ်နဲ့” ဟုပင် နှုတ်လှန်ထိုးလိုက်ကာ စစ်ကောင်စီအုပ်ချုပ်သော မြန်မာသို့ သွားရောက်ခြင်းသည် အာဆီယံ ပုံရိပ်ကို ထိန်းသိမ်းရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ပြောသည်။
ဟွန်ဆန်သည် မြန်မာသို့သွားပြီး စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရန် လာမည့်လ အစောပိုင်းတွင် စီစဉ်ထားသည်။ သို့သော် ထိုခရီးစဉ်သည် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီး လူ ၁၃၀၀ ကျော်ကို သတ်ထားသော စစ်အာဏာသိမ်းခေါင်းဆောင်ကို ပြည်ပအကြီးအကဲတဦးက ပထမဆုံးတွေ့ဆုံခြင်း ဖြစ်မည်ဖြစ်သောကြောင့် ဝေဖန်ခံနေရသည်။
ကမ္ဘောဒီးယားသည် အာဆီယံ၏ လက်ရှိဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုဒေသတွင်း အဖွဲ့ဝင်ဖြစ်သော မြန်မာနိုင်ငံတွင် ပြည်သူအများစုက ဆန့်ကျင်သော အာဏာသိမ်းမှုဖြစ်ပြီးနောက် ၁၁ လကြာသည့်တိုင် နိုင်ငံရေးနှင့် လူမှုရေး ဖရိုဖရဲဖြစ်နေသည်။ ထိုအကျပ်အတည်းကို ဖြေရှင်းရန် သဘောတူထားပြီးဖြစ်သည့် အချက်များကို လိုက်နာရန် ပျက်ကွက်သောကြောင့် မြန်မာစစ်ခေါင်းဆောင်သည် အာဆီယံ အစည်းအဝေးများ တက်ရောက်ခွင့် မရတော့ပေ။
“ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ ကျနော့်ကို အခွင့်အရေးတခုလောက် ပေးပါ” ဟု ဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြောင်း Cambodianess သတင်းဌာနက ဖော်ပြသည်။
“အာဆီယံ အစည်းအဝေးကို အဖွဲ့ဝင် ၉ နိုင်ငံပဲရှိရင် ခေါ်မရဘူး။ အာဆီယံ အနေနဲ့ ၉ နိုင်ငံပဲရှိတဲ့ အနေအထားကို ရှောင်ရှားရမယ်” ဟု သူကပြောပြီး မြန်မာကို အဖွဲ့ဝင် ၁၀ နိုင်ငံရှိ အာဆီယံ ထိပ်သီးစည်းဝေးပွဲများတွင် ဖယ်ထုတ်ထားခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။
ဝန်ကြီးချုပ် ဟွန်ဆန်သည် မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကိုလည်း ဖနွမ်းပင်မြို့တွင် လွန်ခဲ့သောလက တွေ့ဆုံခဲ့သည်။
ကမ္ဘောဒီးယားက အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာပြီး ဝန်ကြီးချုပ် ဟွန်ဆန်၏ ခရီးစဉ်ကြောင့် အာဆီယံ၏ မြန်မာနှင့် ပတ်သက်သည့် ညီညွတ်သော ရပ်တည်မှု မည်မျှ သက်တမ်းရှည်မည်ကို မေးခွန်းထုတ်စရာ ဖြစ်လာနိုင်သည်။ လွန်ခဲ့သော သီတင်းပတ်က ထိုခရီးစဉ်ကို အတည်ပြုပြီးနောက် သူသည် အာဆီယံ အစည်းအဝေး တက်ရောက်ခွင့်ရှိသော မြန်မာသို့သွားရန် အသင့်ရှိကြောင်း ပြောခဲ့သည်။
စစ်ကောင်စီခေါင်းဆောင်ကို အာဆီယံ အစည်းအဝေးများမှ ဖယ်ထုတ်ထားသောကြောင့် ပြည်တွင်းပြည်ပ အသိအမှတ်ပြုမှု လွန်စွာ လိုအပ်နေသော စစ်ကောင်စီသည် အာဆီယံ ဥက္ကဋ္ဌ လာရောက်မည်ကို အလွန်လိုအပ်နေသည်။ တချိန်တည်းတွင် ဝန်ကြီးချုပ် ဟွန်ဆန်၏ခရီးစဉ်က သွေးချောင်စီးစေသည့် စစ်ကောင်စီကို တရားဝင်မှုပေးသကဲ့သို့ ဖြစ်နေသည်။
“ကျနော့်ကို လာပြဿနာ မရှာနဲ့။ ကျနော့်ကို စစ်ကောင်စီ ခေါင်းဆောင်နဲ့ တွေ့ဖို့အချိန်ပေးပါ။ ကျနော်က ခင်ဗျားတို့ဆရာ မဟုတ်သလို ခင်ဗျားတို့လည်း ကျနော့် ဆရာ မဟုတ်ဘူး”
“ကျနော့်ကို လာပြဿနာ မရှာနဲ့။ ကျနော့်ကို စစ်ကောင်စီ ခေါင်းဆောင်နဲ့ တွေ့ဖို့အချိန်ပေးပါ။ ကျနော်က ခင်ဗျားတို့ဆရာ မဟုတ်သလို ခင်ဗျားတို့လည်း ကျနော့် ဆရာ မဟုတ်ဘူး” ဟု သူ့ကိုဝေဖန်သူများကို ပြောကြောင်း ကမ္ဘောဒီးယား မီဒီယာများက ဖော်ပြသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး ဒဲရက်ချိုလက်က ကမ္ဘောဒီးယားအနေဖြင့် အာဆီယံ ဥက္ကဋ္ဌတာဝန် ယူစဉ် မြန်မာစစ်ကောင်စီကို အလျှော့မပေးရန် လွန်ခဲ့သော သီတင်းပတ်က တိုက်တွန်းခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး ဒဲရက်ချိုလက်က ကမ္ဘောဒီးယားအနေဖြင့် အာဆီယံ ဥက္ကဋ္ဌတာဝန် ယူစဉ် မြန်မာစစ်ကောင်စီကို အလျှော့မပေးရန် လွန်ခဲ့သော သီတင်းပတ်က တိုက်တွန်းခဲ့သည်။
တချိန်တည်းတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီ ဘလင်ကင်သည် အရှေ့တောင်အာရှတွင် ရောက်ရှိလာသည်။ သူသည် မလေးရှား နိုင်ငံခြားရေးဝန်ကြီးနှင့် ဒီဇင်ဘာလ ၁၅ ရက်တွင် တွေ့ဆုံပြီး အမေရိကန် ပြည်ထောင်စုသည် မြန်မာစစ်ကောင်စီကို နောက်တဆင့်တက် အရေးယူရန်နှင့် လာမည့်လအတွင်း အာဆီယံ ခေါင်းဆောင်များနှင့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်တို့၏ ထိပ်သီးဆွေးနွေးပွဲအတွက်လည်း ဝါရှင်တန်သို့ ဖိတ်ခေါ်ကြောင်း ပြောသည်။
အောက်တိုဘာကလ သမ္မတ ဘိုင်ဒင်သည် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခဲ့သော်လည်း စစ်ကောင်စီသည် ထိုအစည်အဝေးသို့ တက်ခွင့်မရပေ။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချအပြီး ဦးဝဏ္ဏမောင်လွင် ဖနွမ်းပင်သွား
စစ်ကောင်စီခေါင်းဆောင်ကို အာဆီယံ ဖိတ်ခွင့်ရှိကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ပြော
ကမ္ဘောဒီးယား၊ အာဆီယံနှင့် မြန်မာ
ဟွန်ဆန် မြန်မာပြည်လာရန် ပြင်ထား