လက်ရှိအချိန်တွင်ပင် မွမ်းကျပ်နေပြီးဖြစ်သော မီဒီယာလောကကို ပိုမိုကျပ်တည်းသွာစေရန် နောက်ထပ် ခြေလှမ်းတခုအနေဖြင့် မြန်မာစစ်ကောင်စီသည် စစ်အရာရှိဟောင်း နှစ်ဦးကို မြန်မာ သတင်းမီဒီယာ ကောင်စီတွင် ခန့်ထားလိုက်သည်။
သတင်းမီဒီယာ ကောင်စီအပေါ် ၎င်းတို့ လက်ရှိ စောင့်ကြည့်ထိန်းချုပ်မှုများအပြင် အထက်ပါအတိုင်း ထပ်မံလုပ်ဆောင်ခြင်း ဖြစ်သည်။
သတင်းမီဒီယာ ကောင်စီတွင် ဒုဗိုလ်မှူးကြီးဟောင်း ဦးအုန်းမောင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ဒု ဥက္ကဋ္ဌမှာလည်း ဒုဗိုလ်မှူးကြီးဟောင်း ဦးမျိုးထွန်းဖြစ်သည်။ ထိုနှစ်ဦးလုံးသည် နိုင်ဝင်ဘာလအတွင်းက စာရေးဆရာ အသင်း ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ ဖြစ်လာသူများ ဖြစ်သည်။
မြင်းမူ မောင်နိုင်မိုး အမည်ဖြင့် ကဗျာရေးသော ဦးအုန်းမောင်သည် ယခင် စစ်အုပ်စုများလက်ထက်က ကဗျာဆု အများအပြား ရရှိခဲ့သည်။
မောင်စိမ်းနောင် (လယ်ဝေး) အမည်ဖြင့် ကဗျာရေးသည့် ဦးမျိုးထွန်းသည် ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးတွင် လုပ်ကိုင်ခဲ့သူဖြစ်သည်။
အဖွဲ့ဝင် ၁၁ ဦးပါသည့် မြန်မာနိုင်ငံ စာရေးဆရာအသင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီကို စစ်အရာရှိဟောင်းများနှင့် စစ်အုပ်စုနှင့်နီးစပ်သူများက လွှမ်းမိုးထားသည်။ အမည်မဖော်လိုသော စာရေးဆရာတဦးက “အဲဒီနှစ်ယောက် ငယ်ငယ်ထဲက စစ်တပ်မှာလုပ်တာ။ စာပေတိုးတက်အောင် ဘာမှကူညီမှာ မဟုတ်ဘူး” ဟုပြောသည်။
သတင်းသမားများနှင့် စာရေးဆရာများ ဆယ်နှစ်နီးပါး ခံစားခဲ့ရသည့် လွတ်လပ်မှုများသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနှင့်အတူ နိဂုံးချုပ်သွားသည်။ လွန်ခဲ့သောနှစ် နိုဝင်ဘာလက သတင်းမီဒီယာကောင်စီကို စစ်ကောင်စီထိန်းချုပ်မှုအောက်တွင် ပြန်လည်ဖွဲ့စည်းသည်။ စာရေးဆရာ အသင်းတွင်လည်း နောက် ၆ လကြာသောအခါ အလားတူဖြစ်လာသည်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရှေ့တွင် နိုဝင်ဘာလက ကျမ်းကျိန်ရသည့် ကောင်စီဝင်သစ်များသည် စစ်ကောင်စီက ဖမ်းဆီးထားသည့် သတင်းသမားများအကြောင်း ပြောဆိုခြင်းမရှိဘဲ စစ်ကောင်စီကို ထောက်ခံသည့် ကြေညာချက်များသာ ထုတ်နေသည်။
လွန်ခဲ့သော ၆ လအတွင်း ဦးအုန်းမောင်သည် စစ်ကောင်စီ သတင်းစာတွင် ဝါဒဖြန့် ကဗျာများ ရေးသားသည်။ အသက် ၇၀ ရှိပြီဖြစ်သော ဦးအုန်းမောင်သည် စစ်တပ်ကို အကြွင်းမဲ့ သစ္စာခံပြီး တပ်တွင်းတွင် စာပေ ဟောပြောပွဲများ၊ ပိုစတာပြပွဲများ၊ ပြိုင်ပွဲများ၊ စာရေးပြိုင်ပွဲများ ကျင်းပပေးနေသူဖြစ်သည်။
သူသည် ပြန်ကြားရေးဝန်ကြီးဟောင်းနှင့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဆန်း၊ ကာကွယ်ရေးဝန်ကြီးဟောင်းနှင့် ဒုဗိုလ်ချုပ်ကြီးဟောင်း ဝေလွင်၊ ရဲချုပ်ဟောင်းနှင့် လက်ရှိလူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ လက်ရှိ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးနှင့် စစ်တပ်၏ ကျော်ကြားသော စာရေးဆရာ ဦးချစ်နိုင်တို့နှင့်လည်း ရင်းနှီးသော ဆက်ဆံရေးရှိသူဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ၎င်းတို့ နှစ်ဦးလုံးသည် အငြင်းပွားဖွယ်ရာ စာပေဆု ရသူများလည်း ဖြစ်နေပြန်သည်။
You may also like these stories:
ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ နယ်ပယ်အတွက် ကျပ် သိန်း ၁ ထောင်စီ စစ်ကောင်စီပေး
စစ်ကောင်စီက ရုပ်ရှင်သက်ကြီး ပူဇော်ပွဲသို့ ငွေကျပ်သိန်း ၁၀၀ လှူ
လွတ်ငြိမ်းထဲ မပါလာသည့် အနုပညာရှင်များအတွက် မိသားစုဝင်များ စိုးရိမ်နေ
စစ်ကောင်စီ ရှာဖွေဖမ်းဆီးနေ၍ ရခိုင်သတင်းသမားများ တိမ်းရှောင်နေရ