အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရုရှားနိုင်ငံသို့ သွားရောက်သည့် ပုဂ္ဂလိက ခရီးစဉ်တွင် ဇနီးဒေါ်ကြူကြူလှနှင့်အတူ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများ၏ ဇနီးသည်အချို့အား ခေါ်ဆောင်သွားခဲ့သည်။
ရုရှားခရီးစဉ်တွင်လိုက်ပါသော စစ်ဗိုလ်ချုပ်ကြီးများ၏ ဇနီးများထဲတွင် စစ်တပ်ပိုင် မြန်မာ့စီးပွါးရေးကော်ပရေးရှင်း (MEC) ဥက္ကဌ တာဝန်ယူထားသူ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၏ ဇနီးဖြစ်သူ ဒေါ်စန်းစန်း၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၏ ဇနီးဖြစ်သူ ဒေါ်ရွှေဝါတင်အုန်းနှင့် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ဇနီးဖြစ်သူ ဒေါ်နီလာတို့လည်း ပါဝင်ကြသည်။
စစ်ခေါင်းဆောင်၏ဇနီးဖြစ်သူ ဒေါ်ကြူကြူလှသည် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်၏ ရုရှားနိုင်ငံသို့ ယခင်သွားရောက်သည့်ခရီးစဉ်တွင် အလုပ်သဘောခရီးစဉ်ဖြစ်နေ၍ လိုက်မရဖြစ်ခဲ့သည်။
သို့သော် ယခုတခေါက် စစ်ခေါင်းဆောင်၏ “ပုဂ္ဂလိက ခရီးစဉ်”တွင်မူ ဈေးဝယ်ထွက်ရန် ဒေါ်ကြူကြူလှလိုက်သွားခဲ့ပြီး ဗိုလ်ချုပ်ကြီးအချို့၏ ဇနီးများအား ခေါ်ဆောင်သွားခြင်းဖြစ်သည်။
ဒေါ်ကြူကြူလှနှင့်အတူ ရုရှားနိုင်ငံသို့လိုက်ပါသွားသော စစ်ဗိုလ်ချုပ်ကတော်များသည် ဒေါ်ကြူကြူလှနေအိမ်တွင်လည်းကောင်း၊ ပြည်တွင်းပြည်ပခရီးစဉ်များတွင်လည်းကောင်း အောက်ခြေသိမ်းလုပ်ပေးသူများဟု စစ်တပ်အသိုင်းအဝိုင်းကြားတွင် နာမည်ကြီးသည်။
စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၏ ဇနီး ဒေါ်နီလာသည် ဒေါ်ကြူကြူလှ၏ နေထိုင်မကောင်းဖြစ်၍ အိပ်ယာထဲ လဲနေသော အမေအား လပေါင်းများစွာ ပြုစုပေးခဲ့သူဟု CDM စစ်ဆေးဗိုလ်ကြီး တဦးက ဆိုသည်။
စစ်တပ်ထဲတွင် ယောကျ်ားဖြစ်သူ ရာထူးတိုးရေး၊ နေရာရရေး၊ ရာထူးကြီးငယ်အဆင့်လိုက် မိမိထက် ရာထူးကြီးသူများ၏ ဇနီးသည်များအတွက် ရာထူးငယ်သော အရာရှိဇနီးများက အလိုလိုက်အကြိုက်ဆောင်ရသည်မှာ ထုံးတမ်းစဉ်လာဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လတ်တလော ရုရှားခရီးစဉ်သည် ပုဂ္ဂလိက ခရီးစဉ် ဆိုသော်လည်း တိုင်းပြည်ဘဏ္ဍာကို သုံးပြီး သွားလာခြင်း ဟုတ် မဟုတ် မရှင်းလင်းပါ။
ရုရှားနိုင်ငံတွင် တည်ထားသော ရွှေစည်းခုံပုံတူ စေတီအား ထီးတင်ရန် သွားရောက်ခြင်း ဖြစ်ပြီး ပုဂ္ဂလိက ခရီးစဉ်ဖြစ်သည့်အတွက် ရုရှားနိုင်ငံအစိုးရအကြီးအကဲများက လက်ခံတွေ့ဆုံခြင်းမရှိပဲ ဒုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်အဆင့်လောက်ကသာ အလွတ်သဘော တွေ့ဆုံခဲ့ကြသည်။
နိုင်ငံတော်စရိတ်ဖြင့် သွားရောက်ခဲ့သည့်အတွက် အလုပ်သဘောခရီးစဉ်မျိုးမြင်စေရန် တွေ့ဆုံပွဲများ ဟန်ပြစီစဉ်ခြင်းဖြစ်သည်ဟု ဝေဖန်သူများက ဆိုနေကြသည်။
You may also like these stories:
အပယ်ခံ စစ်ကောင်စီခေါင်းဆောင် ရုရှားသာ ထပ်သွားလို့ရ
ကျွန်ဝယ်ရာအဆစ်ပါရတဲ့ စစ်သားမယားများ
စစ်ခေါင်းဆောင်၏ သစ္စာရှိသော လက်ရုံး ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး
စစ်ခေါင်းဆောင်တွေကို ကြိုးကွင်းစွပ်မယ့် မုံတိုင်ပင်က သက်သေတွေ











