သတင်း

အင်းစိန်ထောင်တွင်း အထူးတရားရုံးစစ်ဆေးမှု နှစ်ပတ်ခန့်ပိတ်

အင်းစိန်ဗဟိုအကျဉ်းထောင် ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် ထောင်ဝင်စာပေးပို့ခွင့်များ ပိတ်ထားသည့်အပြင် နိုင်ငံရေးအကျဉ်းသားများအား ထောင်အတွင်း အထူးတရားရုံးဖွင့်ကာ ရုံးထုတ်စစ်ဆေးမှုများကိုလည်း နှစ်ပတ်ခန့်ပိတ်မည်ဖြစ်ကြောင်း ရှေ့နေများကပြောသည်။

ရှေ့နေတဦးက “ထောင်ဝင်စာက တပတ်လောက်ပိတ်မယ်၊ အထူးတရားရုံးတွေကတော့ နှစ်ပတ်လောက်ပိတ်မယ်လို့ အကြမ်းဖျင်း သိထားရတယ်၊ တရားဝင်ကြီးပြောတာတော့မဟုတ်ဘူးပေါ့၊ ပြီးတော့ ပေါက်ကွဲမှုဖြစ်တဲ့အဆောင်ကိုလည်း ဖျက်ပြီးပြန်ဆောက်မယ်ဆိုတော့ အနည်းဆုံးတပတ်လောက်တော့ကြာဦးမှာပဲ၊ သေတာလည်း မနည်းသေသွားတာကိုး။ ဖြစ်ပေါ်လာတဲ့ အနေအထားပေါ်မှာ လုံခြုံရေးစနစ်အရ ပြန်တည်ဆောက်တာလည်းဖြစ်မှာပေါ့” ဟု ပြောသည်။

ယင်းသို့ ထောင်ဝင်စာနှင့် ရုံးထုတ်စစ်ဆေးမှုများ ပိတ်ပင်ထားသည့်အတွက် အကျဉ်းထောင်အတွင်းမှ လူများအနေဖြင့် ဆေးဝါး၊ အစားအသောက်နှင့် လိုအပ်သည့် အသုံးအဆောင်များ ရရှိရန် ပိုမိုခက်ခဲသွားပြီဖြစ်သောကြောင့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များက စိုးရိမ်ပူပန်လျှက် ရှိနေကြသည်။

စစ်ကောင်စီအနေဖြင့် ယခင်ကတည်းကပင် နိုင်ငံရေးအကျဉ်းသားများ၏ ထောင်ဝင်စာများအား တင်းကြပ်ထားရာမှ လက်ရှိတွင် လုံးဝ ပိတ်ထားပြီဖြစ်သည့်အတွက် ပိုမိုအခက်တွေ့နိုင်ပြီး ထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအား ပိုမိုဖိနှိပ်မည်ကိုလည်း စိုးရိမ်နေရကြောင်း နိုင်ငံရေးအကျဉ်းသားတဦး၏ မိသားစုဝင်တဦးက ပြောသည်။

အင်းစိန်ထောင် ပေါက်ကွဲမှုနှင့် ပတ်သက်၍လည်း ထောင်ဝင်စာပိတ်ပင်မှုကို အင်းစိန်ထောင်သာမက မန္တလေး အိုးဘိုထောင်အပါအဝင် တနိုင်ငံလုံးရှိ အကျဉ်းထောင်အားလုံးနီးပါးတွင် လတ်တလော ပိတ်ထားကြောင်း ရှေ့နေအသိုင်းအဝိုင်းထံကသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်နေ့က အင်းစိန်ထောင်ဝင်ပေါက်ရှိ အဆောက်အဦးတွင် ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး ထောင်လုံခြုံရေးဝန်ထမ်းကလည်း ပစ်ခတ်မှုများပြုလုပ်ခဲ့သည့်ဖြစ်စဉ်တွင် အကျဉ်းထောင်တပ်သား ၃ ဦးနှင့် ထောင်ဝင်စာလာပို့သူ အရပ်သား ၅ ဦးသေဆုံး ခဲ့ရသည်။

ယင်းအပြင် အကျဉ်းထောင်တပ်သား ၅ ဦးနှင့် ထောင်ဝင်စာလာပို့သည့် အရပ်သားပြည်သူ ၁၃ ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည့်အတွက် အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် တင်ပို့ကုသထားရကြောင်း အာဏာသိမ်းစစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ပေါက်ကွဲ၊ပစ်ခတ်မှုဖြစ်စဉ်အတွင်း သေဆုံးခဲ့ရသူများထဲတွင် တက်ကြွလှုပ်ရှားသူ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ခေါင်းဆောင်ဟောင်းတဦးဖြစ်သူ ကိုလင်းထက်နိုင်(ခ)ကိုဂျိမ်း၏ မိခင် ဒေါ်ကြီးမြင့်လည်း ပါဝင်ခဲ့သည်။

ကိုလင်းထက်နိုင်(ခ)ကိုဂျိမ်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် ဖမ်းဝရမ်းထုတ်ခံရကာ တိမ်းရှောင် နေစဉ် ၂၀၂၂ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က ဖမ်းဆီးခံရခြင်းဖြစ်ပြီး အင်းစိန်ထောင်အတွင်း၌ ချုပ်နှောင်ခံထားရသူဖြစ်သည်။

ယင်းအပြင် ပေါက်ကွဲမှုတွင် သေဆုံးသူတဦးဖြစ်သည့် ဒေါ်သင်းသင်းချိုမှာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လအတွင်းက Air KBZ လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစီး၏ Pitot Tube အတွင်း သစ်ရွက်ခြောက်များ ထည့်သွင်းထားသည်ဖြစ်စဉ်တွင် ပါဝင်သည်ဟုဆိုကာ ဖမ်း ဆီးတရားစွဲဆိုခံထားရသူတဦး၏ မိခင်ဖြစ်ပြီး ၎င်းအနေဖြင့် ရုံးချိန်း၌ သက်သေအဖြစ်ထွက်ဆိုရန် လာရောက်စဉ် ဗုံးပေါက်ကွဲမှု အတွင်း၌ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်းလည်း အမှုနှင့် နီးစပ်သူတဦးကပြောသည်။

အခြားသေဆုံးသူတဦးဖြစ်သည့် ဒေါ်သန်းကြွယ်မှာ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းဆန္ဒပြပွဲတွင် စစ်ကောင်စီတပ်များ၏ အကြမ်းဖက်ဖမ်းဆီးခံရသည့် ကိုဟိန်းမင်းထက်၏ မိခင်ဖြစ်ပြီး လက်ရှိတွင် ကိုဟိန်းမင်းထက်မှာ အင်းစိန်ထောင်အတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံနေရကြောင်း နီးစပ်သူတဦးက ပြောသည်။

ပေါက်ကွဲမှုတွင် သေဆုံးခဲ့သည့် အရပ်သား ၅ ဦးထဲမှ အသက် ၁၀ နှစ်အရွယ် မယွန်းမီမီကျော်နှင့် အမည်စိစစ်ဆဲ အမျိုးသမီးတဦးတို့မှာ မည်သူမည်ဝါ၏ မိသားစုဝင်များဖြစ်သည်ကို မသိရသေးပေ။

မိခင်သေဆုံးမှုနှင့် ပတ်သက်ပြီး ကိုလင်းထက်နိုင်(ခ)ကိုဂျိမ်းအနေဖြင့် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုခဲ့သော်လည်း လုံခြုံရေးအကြောင်းပြကာ ငြင်းပယ်ခံခဲ့ရပြီး ယနေ့ အောက်တိုဘာ ၂၁ ရက်နေ့တွင် ၎င်း၏မိခင်ဖြစ်သူ ဒေါ်ကြီးမြင့်အား တောင်ဒဂုံမြို့နယ်၊ ကျီစုသုဿန်တွင် ဈာပန အခမ်းအနား ပြုလုပ်ခဲ့သည်။

You may also like these stories:

မန္တလေးထောင်၌ ထောင်ဝင်စာပို့ခွင့် ပိတ်

အင်းစိန်ထောင် ပေါက်ကွဲမှု ၈ ဦးသေဆုံး၊ အရပ်သားများလည်းပါဝင်

အင်းစိန်ထောင်ကို ပါဆယ်ဗုံး ပို့ဖို့လွယ်သလား

အာဏာရှင်လက်အောက်က အာဃာတနှင့် တရားစီရင်ရေး

Loading