ဒီတပတ်အတွက် ကော့ကရိတ်က မြို့သိမ်းတိုက်ပွဲလား၊ ဖမ်းခံရတဲ့ စစ်ကောင်စီတပ်က သုံ့ပန်းတွေရဲ့အခြေအနေနဲ့ အင်းစိန်ထောင် ဗုံးခွဲတဲ့ STA ဘာလဲ အကြောင်းတွေကို ရှာဖွေတင်ပြလိုက်ပါတယ်။
ကော့ကရိတ်က မြို့သိမ်းတိုက်ပွဲလား
လတ်တလော ကရင်ပြည်နယ် မြဝတီအနီးက လက်လွှတ်လိုက်ရတဲ့ စခန်းကုန်းတွေကို စစ်တပ်က ပြန်ယူဖို့ ကြိုးပန်းနေချိန် ကရင် တော်လှန်ရေးတပ်တွေ နဲ့ PDF တွေက နောက်ကပြန်ဖောက်ဝင်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက စစ်တပ်စခန်းတွေကို ဆက်တိုက်ဆိုသလို သိမ်းပါတယ်။ အခု လက်ရှိ ကော့ကရိတ်မြို့ထဲထိ ဝင်လာပြီး ဝိုင်းထားပါသေးတယ်။
ကော့ကရိတ်မြို့ မြောက်ဘက် စစ်ကောင်စီ လက်အောက်ခံ အစိုးရရုံးတွေနဲ့ စစ်ကောင်စီ အမှတ် (၉၇) ခြေလျင်တပ်ရင်းကို အောက်တိုဘာ ၂၁ ရက် နံနက် ၇ နာရီမှ စတင်ကာ ကော်သူးလေတပ်က ဗိုလ်အယ်စေးဝါးရဲ့ Lion Battalion အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ရဲ့ ကျားဖြူစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Eagle Brigades၊ Federal Wings ဒရုန်းတပ်ဖွဲ့နဲ့ KNU ဗိုလ်မှူးစောကျော်သက်တို့ အဖွဲ့က ပူးပေါင်း တိုက်ခိုက်နေပါတယ်။
အဖွဲ့တွေက သီးခြားထုတ်ပြန်ချက်တွေနဲ့ နီးစပ်ရာ သတင်းဌာနတွေကို ပြောဆိုချက် လုပ်ပါတယ်။ ကနဦး သတင်းတွေက ဒါဟာ “မြို့သိမ်းတိုက်ပွဲ”ဖြစ်ပြီး အချုပ်သားတွေကို လွှတ်ပေးလိုက်ပါသတဲ့။ စစ်ကောင်စီက အချုပ်ခန်းတံခါး ဖွင့်ပေးလိုက်တာ မဟုတ်ဘူးလို့ ထုတ်ပြန်သလို နောက်ပိုင်း KNU ကလည်း အချုပ်ခန်းမဖွင့်ရသေးဘဲ မြို့ကို သူတို့မဟာမိတ်တွေ ဝိုင်းထားကြောင်း ထုတ်ပြန်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကရင်မဟာမိတ်တွေရဲ့ ဒီကော့ကရိတ်စစ်ဆင်ရေးဟာ စစ်တပ်ကို ထိတ်လန့်နေစေတာ အမှန်ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း လေကြောင်းပစ်ကူကို အကြီးအကျယ် သုံးခဲ့ရပါတယ်။ အကြိမ်ရေ ၅၀ ကျော် တိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မိုးရာသီအကုန် ပွင့်လင်းရာသီရောက်လာတဲ့အတွက် စစ်ကောင်စီဘက်က တနိုင်ငံလုံးက သူတို့အတွက် စစ်ဗျူဟာ၊ မဟာဗျူဟာအရ အရေးကြီးမယ့်နေရာတွေကို ထိုးစစ်တွေ စနိုင်ဖို့ ပြင်ဆင်မှုတွေ ရှိနေတဲ့အချိန် ဒီလိုတန်ပြန်အတိုက်ခံခဲ့ရတာပါ။
စစ်ကောင်စီတပ်တွေ အထိနာခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုအသုံးပြုနိုင်ဖို့နဲ့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကယား၊ စစ်ကိုင်းတိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းတို့မှာလည်း မြေပြင်မှာ အင်အား ဖြည့်တင်းမှုတွေ လုပ်ဖို့ စစ်ကောင်စီက ကြိုတင်ပြင်ဆင်မှုတွေ ရှိနေပါတယ်။
လေတပ်၊ ရေတပ် အားကိုးနဲ့ အောက်ခြေမှာ ကွက်ပြည့်နင်းပြီးတော့ နယ်မြေစိုးမိုးမှု ပြန်ရအောင် စစ်ကောင်စီဘက်က စစ်ရေးဗျူဟာတွေ ရေးဆွဲနေပေမယ့် ဒီတကြိမ်မှာတော့ စစ်သား မလုံလောက်မှုက စစ်တပ်အတွက် စိန်ခေါ်မှု ရှိနေတာပါ။
စစ်ကောင်စီဟာ ရနိုင်သမျှအင်အားတွေ ထုတ်နုတ်သုံးစွဲနိုင်ဖို့ ယာဉ်ထိန်းရဲတွေ၊ တိုက်ခိုက်ရေး မဟုတ်တဲ့ လက်ရုံးတပ်တွေက စစ်သည်တွေနဲ့ ဆန္ဒရှိတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကိုပါ စည်းရုံးပြီးတော့ လက်နက်တပ်ဆင်တာတွေ လုပ်နေရတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
နယ်မြေအလိုက် ရှိနေတဲ့ ပြည်သူ့စစ်အဖွဲ့တွေ နယ်ခြားစောင့်တပ်တွေကိုလည်း အရင်ကထက် ထောက်ပံ့ပေးတာတွေ၊ ဆုကြေးတွေ ပေးတာတွေနဲ့ လက်နက်တပ်ဆင်ပေးတာတွေ လုပ်ပေးပြီး ဆက်လက်စည်းရုံးထားပါတယ်။ ပြီးတော့ စစ်ကြောင်းတကြောင်းမှာ ဖွဲ့စည်းပုံ အပြည့်ပါဖို့၊ လက်နက်ခဲယမ်း၊ ဒရုန်း၊ ဒရုန်းပစ်ချနိုင်တဲ့ လက်နက်၊ ဆက်သွယ်ရေး ကိရိယာတွေပါမကျန် ထောက်ပံ့ပေးနိုင်ဖို့ ပြင်ဆင်မှုတွေ လုပ်နေပါတယ်။
ဒီအချိန်မှာပဲ တန်ပြန်အတိုက်ခံရတော့ တိုက်ပွဲတွေ ပိုပြင်းထန်လာဖို့ ရှိပါတယ်။
ရခိုင်ပြည်နယ်မှာဆိုရင်လည်း AA က သိမ်းယူသွားခဲ့တဲ့ နယ်ခြားစောင့်ရဲကင်းစခန်းတွေ၊ ပွိုင့်တောင်ကုန်းတွေကို ပြန်လည် ရရှိဖို့နဲ့ ပြည်နယ်တွင်း ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေကို နယ်မြေပြန်လည် စိုးမိုးနိုင်ဖို့ စစ်ကောင်စီဘက်က လုပ်ဆောင်မယ့် သတင်းတွေ ကြားရပါတယ်။
စစ်ကောင်စီဘက်က စစ်ရေးတွေ ပြင်ဆင်နေတာကြောင့် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပိုမို ကျယ်ပြန့်လာပြီး ပိုပြင်းထန် လာလိမ့်မယ်လို့ AA ဘက်ကလည်း သတိပေးထားပါတယ်။
ကျန်တဲ့ စစ်ကိုင်း၊ မကွေးတိုင်းတို့မှာတော့ ရှိတဲ့ တပ်မတွေအောက်ကပဲ ခြေမြန်၊ ခြေလျင်တပ်ရင်းတွေကို ပြန်လည် စုဖွဲ့ပြီး ပြင်ဆင်နေတာတွေ ရှိပါတယ်။
စစ်ကိုင်းမှာဆိုရင် မုံရွာကို အခြေပြုပြီးတော့ ယင်းမာပင်၊ ပုလဲဘက်ကို နယ်မြေဒေသစိုးမိုးရေး၊ ကလေးဝကနေ ချင်းတွင်း မြစ်ကြောင်းအတိုင်း ကနီ၊ မင်းကင်းအထိ စစ်ကြောင်း၊ စစ်ကိုင်းနဲ့ မကွေးအစပ် ဒေသများနဲ့ ဂန့်ဂေါစစ်ကြောင်းတွေ ပြင်ဆင်နေပါပြီ။
ပြီးတော့ ခင်ဦး၊ ရေဦး၊ ဒီပဲယင်း၊ စိုင်ပြင်း၊ ဘုတလင်၊ ဆားတောင်၊ ဝက်လက်ဒေသတွေကိုလည်း ကင်းထောက်တွေကနေ တစ်ဆင့် စစ်ကြောင်းတွေ ထိုးဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
စစ်ကိုင်းတိုင်း အထက်ပိုင်း ပင်လယ်ဘူး၊ ဝန်းသို၊ ကောလင်းဘက်တွေမှာတော့ KIA ရဲ့အကူအညီနဲ့ PDF တွေ ပိုမို လှုပ်ရှားနိုင်တာကြောင့် စစ်တပ်ဘက်က လေကြောင်းနဲ့ တပ်ရွေ့၊ တပ်ချပြီး မြေပြင်မှာ အပြောင်ရှင်းစနစ်မျိုးတွေအထိ ကျင့်သုံးလာနိုင်ပါတယ်။
ကယားပြည်နယ်မှာဆိုရင် လက်နက်အင်အား အတော်အသင့် စုမိနေပြီဖြစ်တဲ့ KNDF တွေက လွိုင်ကော်မြို့ပေါ်အထိ တက်သိမ်းဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း လွိုင်ကော်ကို မြို့စောင့်တပ်တွေ အင်အားတိုးချဖို့ ပြင်ဆင်နေတာမျိုးတွေ ကြားရပါတယ်။
မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေးဌာန (ISP – Myanmar) ရဲ့ အချက်အလက်တွေအရ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် ကနေ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ထိ ၁၈ လအတွင်း တိုက်ပွဲပေါင်း ၆၆၇၈ ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲ တွေဟာ လျော့ကျသွားတာ မရှိဘဲ ဆက်လက်တိုးနေဆဲ ဖြစ်ပါတယ်။
ဖမ်းခံရတဲ့ စစ်ကောင်စီတပ်က သုံ့ပန်းတွေရဲ့အခြေအနေ
CDM ဗိုလ်တစ်ယောက်ဖြစ်တဲ့ Captain Zero ဆိုသူက စစ်ကောင်စီဘက်ကနေ သုံ့ပန်းအဖြစ် အဖမ်းခံရသူတွေကို KNU နဲ့ လက်အောက်ခံအဖွဲ့တွေက အထူးအခွင့်အရေး ပေးတဲ့ကိစ္စ တင်ပြလာပြီး ဓာတ်ပုံတချို့ပါ ထုတ်ပြန်လာတဲ့အတွက် ပြောဆို ဆွေးနွေးစရာ ဖြစ်လာပါတယ်။
စစ်ကောင်စီဘက်က စစ်ရှုံးလို့ သုံ့ပန်းတွေ ဖမ်းဆီးရမိတာဟာ အားတက်စရာ ဆိုပေမယ့် သုံ့ပန်းတွေနဲ့ ပတ်သက်လို့ လက်ကိုင်ဖုန်းပါပေးသုံးနေတာမျိုးကတော့ မဖြစ်သင့်ဘူးဆိုပြီး ထောက်ပြလာတာပဲ ဖြစ်ပါတယ်။ သူထောက်ပြပြောဆိုတာကလည်း မှန်ပါတယ်။ ကရင်ပြည်နယ် အပါအဝင် တိုင်းရင်းသားဒေသတွေက သတင်းတွေ စစ်တပ်ဆီကို အကုန်ရောက်ပါတယ်။
စစ်သုံ့ပန်း ဆိုတာ CDM မဟုတ်တဲ့ သူတို့ကို CDM တွေနဲ့ တန်းတူထား ဆက်ဆံတာမျိုး မလုပ်သင့်ဘဲ သတိဝီရိယနဲ့ ကိုင် တွယ် ဖြေရှင်းရမှာလည်း ဖြစ်ပါတယ်။
CDM ဗိုလ်မှူး မျိုးမင်းထွန်းဆိုသူတောင် စစ်ကောင်စီဘက်ကို ပြန်ဝင်သွားတာဖြစ်လို့ အခုလို အချိန်မှာ ဘယ်သူ့ကိုမဆို သတိထားရမှာ ဖြစ်ပေမယ့် ကိုယ့်ဘက်ပါလာတဲ့ CDM အရာရှိတွေကိုလည်း သေချာ မစည်းရုံးနိုင်တဲ့ အားနည်းချက်ကိုလည်း မြင်အောင် ကြည့်ဖို့ လိုပါလိမ့်မယ်။
စစ်သုံ့ပန်းတွေဟာ ကရင်ပြည်နယ်ဘက်က KNU နဲ့ အခြား လက်နက်ကိုင်တွေဆီမှာ အဖမ်းခံရရင်တော့ လူလို တန်ဖိုးထား ဆက်ဆံတာ၊ ထမင်းဟင်းကောင်း ချက်ကျွေးတာ၊ အိပ်ဖို့နေရာ သေချာစီစဉ်ပေးတာတွေ ရှိပါတယ်။
ရှေ့တန်းစခန်းတွေနဲ့ KNU ထိန်းချုပ်နယ်မြေတွေမှာ အချုပ်ထောင်လည်း မရှိပါဘူး။ ဒါပေမယ့်သူတို့ကို CDM တွေလို လွတ်မြောက်နယ်မြေ ပို့ပေးတာမျိုးလည်း မလုပ်ကြပါဘူး။ အခြေအနေပေါ် မူတည်ပြီး အတူနေ၊ အတူသွား ခေါ်ထားရပြီး တချို့ သုံ့ပန်းတွေကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ကူညီပြီး အလုပ်လုပ်ပေးတာတွေလည်း ရှိပါတယ်။
ဖုန်းပေးသုံးတာမျိုးအထိ မရှိပေမယ့် တချို့လည်း ရဲဘော်တွေနဲ့ ရင်းနှီးလို့ အတူနေတဲ့ ရဲဘော်တွေကနေ ပေးသုံးတာမျိုး ရှိနိုင်တယ်လို့လည်း ဆိုကြပါတယ်။
ကရင်ပြည်နယ်မှာ အဖမ်းခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ အဲဒီလို အခွင့်အရေးမျိုးတွေ ရရှိကြပေမယ့် ရခိုင် ပြည်နယ်ဘက်မှာ အဖမ်းခံရရင်တော့ AA က လက်ပြန်ကြိုးတုတ်၊ ဝါးတိုင်တစ်ခုမှာ နေပူပူ၊ မိုးရွာရွာ ပစ်ထားတာမျိုး လုပ်လေ့ရှိပါတယ်။
AA ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဘယ်လို ထားသလဲဆိုတာ ကြည့်ရှု့ခွင့်ရခဲ့တဲ့ ဗီဒီယိုဖိုင်တခုမှာဆိုရင် အားလုံးကို တန်းစီ၊ လက်ပြန်ကြိုးတုတ်ပြီး တိုင်တွေမှာ မတ်တပ်ရပ် ခိုင်းထားတာမျိုးတွေ တွေ့ရပါတယ်။ တချို့ အသက်အရမ်းကြီးတဲ့သူတွေဆိုရင် ကျိုးတုတ်ထားတဲ့တိုင်မှာတင် ခွေယိုင်နေတာမျိုးပါ။
စစ်တပ်က ဖမ်းမိတဲ့သူတွေထဲမှာ ဆက်သွယ်ရေးအရာရှိလို လူတွေပါလာရင် ရေဒီယိုသင်တန်း ပြန်ပေးခိုင်းတာမျိုး၊ ရဲအရာရှိတွေပါလာရင် ရဲလုပ်ငန်းစဉ်တွေ ဘယ်လို ဆောင်ရွက်လဲဆိုတာ သင်ပေးခိုင်းတာမျိုးတွေလည်း AA က လုပ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတုန်းက AA က သူတို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၁၅ ဦး ကိုလည်း ပြန်လွှတ် ပေးတာမျိုး ရှားရှားပါးပါး ရှိခဲ့ဖူးပါတယ်။
AA ရဲ့ထုတ်ပြန်ချက်မှာတော့ နှစ်ရှည်လများ ဖမ်းဆီး အထိန်းသိမ်းခံနေရသူများ၊ ကျန်းမာရေးအခြေအနေ ဆိုးဝါးတဲ့ သုံ့ပန်းတွေ အနက်ကနေ ဆေးဝါးကုသဖို့ အရေးတကြီး လိုအပ်နေသောသူတွေ၊ ကိုဗစ်နိုင်တင်းကူးစက်မှု ဖြစ်ပွားလာခဲ့ရင် ရောဂါ ပြင်းထန်နိုင်တဲ့ ဆေးဝါးကုသဖို့ ခက်ခဲနိုင်မယ့်သူတွေကို ပြန်လွှတ်ပေးတာလို့ ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တိုင်းရင်းသား လက်နက်ကိုင်တွေဟာ စစ်ကောင်စီရဲ့သုံ့ပန်းတွေကို ဖမ်းမိရင် ရက်ရက်စက်စက် သတ်ပစ်တာမျိုးအထိတော့ မလုပ်ကြပါဘူး။
အင်းစိန်ထောင် ဗုံးခွဲတဲ့ STA ဘာလဲ
ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်၊ ထောင်ဝင်စာနှင့် ပစ္စည်းလက်ခံဌာနအတွင်း ဗုံးနှစ်လုံးပေါက်ကွဲပြီး ထောင်ဝန်ထမ်း၊ ထောင်ဝင်စာလာပို့သူ အရပ်သားများနှင့် ကလေးငယ် တဦးအပါအဝင် စုစုပေါင်း ၈ ဦးသေဆုံးသွားခဲ့ပါတယ်။
အောက်တိုဘာလ ၁၉ ရက်နေ့က နိုင်ငံရေးအကျဉ်းသား မိသားစုတွေအတွက်ပဲ သီးသန့် အင်းစိန်ထောင်မှာ ထောင်ဝင်စာ လက်ခံတဲ့နေ့ ဖြစ်လို့ အဲဒီနေရာမှာ ရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသား ကိုလင်းထက်နိုင် (ခေါ်) ကိုဂျိမ်းရဲ့ မိခင် အပါအဝင် နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေ သေဆုံးသွားခဲ့ရပါတယ်။
သတင်းသမားတွေဖြစ်တဲ့ သင်္ကန်းကျွန်းပိုစ့် အယ်ဒီတာ မထက်ထက်အောင်နဲ့ သတင်းထောက် ကိုဝေလင်းတို့ မိသားစု လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ ဒီပေါက်ကွဲမှုကြောင့် လူ ၈ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
အခုလို အရပ်သားတွေ ထိခိုက်သေဆုံးရတာကြောင့် ဒီလုပ်ရပ်ကို မြန်မာ့ ဒီမိုကရေစီရေး အင်အားစုတွေက အပြင်းအထန် ကန့်ကွက်နေချိန်မှာပဲ မြို့ပြတော်လှန်ရေး အင်အားစုတခုဖြစ်တဲ့ Special Task Agency of Burma (STA) အဖွဲ့က သူ့တို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် STA အဖွဲ့အကြောင်း လူတွေသိချင်လာကြပါတယ်။
SAT အဖွဲ့ဟာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့မှာ မြောက်ဒဂုံမြို့နယ်၊ မဝတ လမ်းဆုံအနီးမှာ တောင်ဒဂုံမြို့နယ် EPC ရဲ့ မြို့နယ်မှူးဖြစ်တဲ့ ဗိုလ်ကြီးဟောင်း ဝင်းမြင့်ဇော်ကို ကျည် ၇ ချက်နဲ့ ပစ်ခတ်လုပ်ကြံခဲ့ပြီး မြေအောက် တော်လှန်ရေး လှုပ်ရှားမှုကို စတင်ခဲ့တဲ့ အဖွဲ့တခု ဖြစ်ပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့မှာ လှိုင်သာယာမြို့နယ် တရားရုံးကို မိုင်းခွဲတာ၊ အဲဒီနေ့ ညပိုင်းမှာပဲ မရမ်းကုန်းမြို့နယ်မှာ နေထိုင်တဲ့ မင်္ဂလာတောင်ညွှန့် တရားသူကြီး ဦးစန်းလင်းကို အိမ်အပြန်လမ်းမှာ လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။
ဩဂုတ်လ ၁၂ ရက်နေ့မှာတော့ သင်္ဃန်းကျွန်းမြို့နယ် လဝက ဦးစီးမှူးကို မြို့နယ် လဝကရုံးထဲအထိ ဝင်ရောက် ပစ်ခတ်ခဲ့ပြီး ဝင်ရောက်ပစ်ခတ်စဉ်မှာ ဒုမြို့နယ် လဝကမှူး ဦးအောင်ကျော်မိုးက ခုခံတဲ့အတွက် သူ့ကိုလည်း အဲဒီ နေရာမှာပဲ ပစ်သတ်ခဲ့ပါတယ်။ ဦးစီးမှူးဆိုသူကတော့ ဆေးရုံရောက်သွားပြီး ညပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။
ဩဂုတ်လ ၂၀ ရက်နေ့မှာတော့ မြောက်ဥက္ကလာ ၂ ရပ်ကွက်က ရာအိမ်မှုး သောင်းဒန်ဆိုသူကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ဩဂုတ်လ ၂၂ ရက်နေ့မှာတော့ မရမ်းကုန်းမြို့နယ်၊ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။
ဩဂုတ်လ ၃၀ ရက်နေ့မှာ တောင်ဒဂုံမြို့နယ်၊ မောင်းမကန် လမ်းမကြီး အကွေ့လမ်းဆုံမှာ ကင်းလာချတဲ့ ရဲကားကို ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။
စက်တင်ဘာလ ၁၆ ရက်နေ့မှာတော့ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနဲ့ အဖွဲ့ဟာ ကမာရွက်မြို့နယ်မှာ ရှိတဲ့ စည်ပင် ရဲဝင်းကို လာရောက်စဉ်မှာ ဗုံးကွဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ လမ်းသွားနေတဲ့ အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။ ဒါပေမယ့် တိုက်ခိုက်မှုအပြီး ထုတ်ပြန်ချက်မှာတော့ အရပ်သား ထိခိုက်တယ်ဆိုတာ မပါဝင်ဘဲ ရဲကား နောက်ပိုင်း ထိတယ်ဆိုတာလောက်ပဲ ပါဝင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း တိုက်ခိုက်မှုတွေ မလုပ်တော့ဘဲ အောက်တိုဘာလ ၅ ရက်နေ့မှာတော့ ရွေးကောက်ပွဲ ဝင်မယ့် နိုင်ငံရေးပါတီတွေကို ပစ်မှတ်ထား တိုက်ခိုက်မယ်ဆိုတဲ့ သဘောမျိုး ပါဝင်တဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ အင်းစိန်ထောင်ကို ဗုံးခွဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဆောင်ရွက်ခဲ့တဲ့ ပျံလွှားအောင် စစ်ဆင်ရေးမှာ အခု SAT အဖွဲ့ဟာလည်း မြေအောက် တော်လှန်ရေး အဖွဲ့ တခုအနေနဲ့ ပါဝင်ခဲ့တာမို့လို့ တချို့က ဒီကိစ္စမှာ NUG အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့ ပြောဆိုနေကြပေမယ့် တချို့ကလည်း ဒီစစ်ဆင်ရေးက အဆုံးသတ်လိုက်တာ ကြာပြီဆိုပြီး ခုခံကာကွယ် ပြောဆိုနေပါတယ်။
ပျံလွှားအောင် စစ်ဆင်ရေးကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ကနေ မတ်လ ၄ ရက်နေ့အထိ ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး စစ်ဆင်ရေး လှုပ်ရှားမှု ၄၃ ခုနဲ့ ရန်သူ့ စစ်သား ၁၀၀ ခန့် သေဆုံးခဲ့တယ်လို့ NUG က ၂၀၂၂ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
NUG ကတော့ သူတို့ထုတ်ပြန်ထားတဲ့ စစ်သည်တော်ကျင့်ဝတ်စည်းမျဉ်းထဲမှာ စစ်ရေးဆိုင်ရာပစ်မှတ် သတ်မှတ်တဲ့အခါ စစ်အာဏာရှင်စနစ်ရဲ့ ယန္တရားတွေကိုသာ ချေမှုန်းရမှာဖြစ်လို့ အခုလို အရပ်သားထိခိုက်သေဆုံးမှုတွေအတွက် ကျူးလွန်ခဲ့တဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် ဘယ်သူ့ကိုမဆို တရားဥပဒေနဲ့အညီ အရေးယူမယ်လို့ ဆိုကြောင်းပါခင်ဗျာ။
You may also like these stories:
အင်းစိန်ထောင်ကို ပါဆယ်ဗုံး ပို့ဖို့လွယ်သလား
စစ်အုပ်ချုပ်ရေးအောက်က ဖရိုဖရဲ ဘဝများ
ဗန်းမောက်မြို့နယ်က ဆေးရုံ ၂ ရုံကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်
ရခိုင်မြောက်ပိုင်း ရေလမ်းများ စစ်ကောင်စီ ပိတ်ဆို့ထား
အင်းစိန်ထောင်တွင်း အထူးတရားရုံးစစ်ဆေးမှု နှစ်ပတ်ခန့်ပိတ်