အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်း အောက်တိုဘာ ၂၈ ရက် တွင် ရမည်သင်းအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း ရှေ့နေဖြစ်သူက ပြောသည်။
ဦးစိုးဝင်းသည် ဒေါ်အောင်ဆန်းစုကြည်၊ စီးပွားရေးပညာရှင် ရှောင်တာနယ်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင်တို့နှင့်အတူ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) ဖြင့် ယခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် နေပြည်တော်ထောင်တွင်း အထူးတရားရုံးက ထောင် ၃ နှစ် ချမှတ်ခြင်းခံထားရသူ ဖြစ်သည်။
ထိုသို့ ထောင်ဒဏ်ချခံရပြီးနောက် ရမည်းသင်းထောင်သို့ ဦးကျော်ဝင်း၊ ဦးဆက်အောင်တို့နှင့်အတူ ပြောင်းရွှေ့အကျဉ်းချ ခံထားရပြီး ၁ လပြည့်သည့်နေ၌ပင် ဦးစိုးဝင်းမှာ ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သော်လည်း အမှုတွဲတွင်ပါသည့် အခြားသူများမှာ ပြန်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။
ဦးစိုးဝင်း၏ ရှေ့နေဖြစ်သူက “ဦးစိုးဝင်း တယောက်ပဲ လွတ်လာတာ။ ဘယ်လိုအကြောင်းနဲ့ လွတ်လာလဲတော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် အခုလို ကျန်းမာရေးလည်းမကောင်း၊ အသက်အရွယ်လည်းကြီးနေပြီ ဖြစ်တဲ့သူ ပြန်လွတ်လာတာ ဝမ်းသာပါ တယ်” ဟု ပြောသည်။
အသက် ၈၄ နှစ်အရွယ် ဦးစိုးဝင်းမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရပြီး နေပြည်တော်ထောင်၌ ချုပ်နှောင်ခံ နေရစဉ် ၂၀၂၁ ဒီဇင်ဘာတွင် အူမကြီးကင်ဆာရောဂါကြောင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံ၌ ခွဲစိတ်ကုသမှုခံယူခဲ့ရ ပြီး ၂၀၂၂ ဇန်နဝါရီတွင် ၎င်းအား အာမခံပေးကာ အမှုရင်ဆိုင်စေခဲ့သည်။
လက်ရှိတွင်လည်း ဦးစိုးဝင်း အနေဖြင့် ရောဂါဝေဒနာကြောင့် ပုံမှန်ဆေးသွင်းနေရသူ ဖြစ်သည်။
ဦးစိုးဝင်းနှင့်အတူ ထောင်ဒဏ် ချမှတ်ခံထားရသည့် ဦးကျော်ဝင်းမှာလည်း အသက် ၇၅ နှစ်ခန့် ရှိနေပြီဖြစ်ပြီး ကျန်းမာရေး သိပ်မကောင်းသဖြင့် အမြန်ဆုံး ပြန်လွတ်မြောက်စေချင်ကြောင်းလည်း အမှုနှင့် နီးစပ်သူတဦးက ပြောသည်။
ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာမူဝါဒ လုပ်ငန်းကဏ္ဍတို့တွင် ကျွမ်းကျင်ပြီး အတွေ့အကြုံရှိသည့် ဦးစိုးဝင်းသည် NLD ပါတီ၏ ဗဟိုစီးပွားရေးကော်မတီဝင်အဖြစ်လည်း ဆောင်ရွက်ခဲ့ပြီး ယင်းနောက် ၂၀၁၈ တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဦးစိုးဝင်းအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးအဖြစ် လွှတ်တော်တွင် အမည်စာရင်း တင်သွင်းကာ ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
ဦးစိုးဝင်း ပြန်လွတ်မြောက်လာသည့် ရမည်းသင်းထောင်မှ ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်ကလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင် ဦးမြင့်နိုင်တို့ ပြန်လည် လွတ်မြောက်လာခဲ့သည်။
၎င်းတို့ အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကြီးကြပ်ရန် လုပ်ငန်းတာဝန် ပျက်ကွက်ခဲ့သည် ဟုဆိုကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က) ဖြင့် ဇူလိုင် ၇ ရက်တွင် ထောင် ၃ နှစ်စီ ချမှတ်ခံထားရခြင်း ဖြစ်သည်။
၎င်းတို့ ၂ ဦး ပြန်လည် လွတ်မြောက်လာသော်လည်း အတူဖမ်းဆီးခံရကာ ထောင်ဒဏ်ချခံရသည့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်ဌေးမှာ လွတ်မြောက်လာခြင်း မရှိသေးပေ။
You may also like these stories:
ခွဲစိတ်ကုသမှု ခံထားရသည့် စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း အာမခံ ရ
UEC ဥက္ကဌ ဦးလှသိန်းနှင့် အဖွဲ့ဝင် ဦးမြင့်နိုင်တို့ ထောင်မှပြန်လွှတ်
ဖမ်းဆီးခံ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ခွဲစိတ်ကုသမှုခံယူရ