ဒီတပတ် သတင်းစုံကဏ္ဍမှာ ဦးခင်ညွန့်၏ နောက်ဆုံး နေ့ရက်များ၊ မဲစာရင်းမှန်ဖို့ ခက်တယ်လို့ ဒု စစ်ခေါင်းဆောင် ဝန်ခံ၊ အနေကြာဖို့ နေကြာစိုက်တာလားနဲ့ စစ်ကောင်စီ ဗုံးကြဲမည့် ရန်ကြောင့် ရွှေ့လိုက်ရတဲ့ KNU ကွန်ဂရက်တို့အကြောင်းကို ရွေးချယ်တင်ပြလိုက်ပါတယ်။
ဦးခင်ညွန့်၏ နောက်ဆုံး နေ့ရက်များ
တချိန်က “မကောင်းဆိုးဝါး မင်းသား”လို့ လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့သူ စစ်ထောက်လှမ်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းမှာပဲ လေဖြတ်သွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
ဒီနှစ် သီတင်းကျွတ်ကာလမှာ သူ့ရဲ့အရင်က တပည့်တပန်းတွေနဲ့ အဆက်အသွယ် ရှိသူတွေ သွားရောက် ကန်တော့ခဲ့ပေမယ့် ဘယ်သူကိုမှ မမှတ်မိတော့တဲ့ အခြေအနေမှာ ရှိနေပြီး အခုတခါ လေဖြတ်သွားပြီဆိုတဲ့ သတင်းတွေ ထပ်ကြားရတာပဲ ဖြစ်ပါတယ်။
စစ်ထောက်လှမ်းရေး အကြီးအကဲ ဟောင်းဟာ အယ်လ်ဇိုင်းမားလို့ ခေါ်တဲ့ မှတ်ဉာဏ်ချို့ယွင်းသော ရောဂါ ခံစားနေရတာလည်း ဖြစ်ပါတယ်။
၁၉၃၉ အောက်တိုဘာလ ၂၃ ရက်နေ့မှာ ဖွားမြင်ခဲ့ပြီး အခုဆိုရင် အသက် ၈၃ နှစ်အရွယ်ရောက်နေပြီ ဖြစ်တဲ့ ဦးခင်ညွန့်ဟာ အခုချိန်အထိ နေပြည်တော်မှာ ဗေဒင်တွက်နိုင်နေသေးတဲ့ စာဖတ်နေသူကြီး ဦးသန်းရွှေနဲ့ ယှဉ်ရင် ကျန်းမာရေး တော်တော် ဆိုးတယ်လို့ ပြောရမှာပါ။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်က ဦးခင်ညွန့်ရဲ့နေအိမ်ကို လာရောက်ခဲ့ရာ ကျန်းမာရေး မကောင်းတော့ဘဲ အဖော်မဲ့နေတဲ့ သူ့ကိုမြင်ပြီး ဂရုဏာ သက်သွားတာကြောင့် ပင်စင်လစာထက် ပိုတဲ့ ငွေကြေးထောက်ပံပေးတာတွေ လုပ်ပေးခဲ့ပါသေးတယ်။
ကျန်းမာရေးအရ ပြချင်ရင် စစ်ဆေးရုံမှာ အချိန်မရွေး လာရောက်ပြသနိုင်ကြောင်း ဖိတ်ခေါ်ခဲ့ပေမယ့် ဦးခင်ညွန့်ဟာ သိပ်အများကြီး ပြန်လည် ဆွေးနွေးပြောဆိုတာတွေ မလုပ်နိုင်တော့ပါဘူး။
သူဟာ မြန်မာပြည်က တခြားသူတွေနည်းတူ ကိုဗစ် ကပ်ဆိုးရောဂါကို ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းမှာ ခံစားခဲ့ရပြီး အဲဒီ နောက်ပိုင်းမှာ သူ့ကျန်းမာရေးဟာ တော်တော် ဆိုးဝါးသွားခဲ့တာလည်း ဖြစ်ပါတယ်။
တချိန်က လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သူ တယောက်ဟာ အာဏာမရှိတော့တဲ့ ဘဝ နေဝင်ချိန်မှာတော့ လူမသိသူမသိနဲ့ ဖြတ်သန်း နိဂုံးချုပ်ရတော့မယ် ဆိုတာကလည်း တကယ့်ကို သံဝေဂရစရာပါ။
သူဓါးထက်ခဲ့စဉ်က သူ့ကြောင့် ဘဝပျက်ပြီး အသက်ဆုံးရှုံးခဲ့ရသူ၊ မိဝေး ဖဝေးနဲ့ ဒုက္ခရောက်ရတဲ့သူ များစွာ ရှိခဲ့ပေမယ့် သူကိုယ်တိုင် ရေးသားခဲ့တဲ့ “ကြုံတွေ့ ခဲ့ရ ကျနော် ဘဝအထွေထွေ”ဆိုတဲ့ စာအုပ်မှာတော့ တိုင်းပြည်တိုးတက်ရေးအတွက် စေတနာထား ဆောင်ရွက်ခဲ့ပေမယ့် မှားယွင်းမှုတွေလည်း ရှိနိုင်ကြောင်း၊ ထိခိုက်နစ်နာသူတွေရဲ့မကျေနပ်မှုတွေလည်း ရှိနိုင်ကြောင်း၊ ထိုသူတွေနဲ့ မိသားစုတွေကို တောင်းပန်အပ်တယ်လို့ ရေးသား ဖော်ပြခဲ့ပါတယ်။
ဗိုလ်ခင်ညွန့်လို့ဆိုလိုက်တာနဲ့ ထောက်လှမ်းရေး ညွှန်ချုပ်၊ နဝတ နအဖအဖွဲ့ရဲ့အတွင်းရေးမှူး ၁၊ ဝန်ကြီးချုပ် အစရှိသဖြင့် ရာထူးများစွာကို ကိုင်တွယ်ခဲ့ပြီး သူ့မိခင်ဌာနကတော့ ထောက်လှမ်းရေးအဖွဲ့ပဲ ဖြစ်ပါတယ်။ သူဦးဆောင်တဲ့ ထောက်လှမ်း ရေးအဖွဲ့က တပ်ကြပ်ကြီးတယောက်ဟာ သာမန် ခြေလျင်၊ ခြေမြန်တပ်ရင်းက ဗိုလ်ကြီး၊ ဗိုလ်မှူးလောက်ကို ပါးရိုက်ရဲတဲ့ အထိ အာဏာရှိခဲ့ဖူးပါတယ်။
၁၉၈၈ နောက်ပိုင်းနဲ့ ၂၀၀၄ ခုနှစ်အထိ တီဗီမှာပဲ ကြည့်ကြည့်၊ သတင်းစာ မျက်နှာဖုံးတွေမှာပါ မကျန် သူမပါရင် ပွဲမစည်ခဲ့တဲ့ ဦးခင်ညွန့်ဟာ ၂၀၀၄ ခုနှစ်၊ အောက်တိုဘာမှာတော့ သူတာဝန်ယူနေတဲ့ စစ်အစိုးရက အဂတိလိုက်စားမှုစွပ်စွဲချက်တွေနဲ့ ထောင်ဒဏ် ၄၄ နှစ်နဲ့ (ဆိုင်းငံ့) ပြစ်ဒဏ်ခံရလို့ နေအိမ် အကျယ်ချုပ် ၇ နှစ်ခန့် နေခဲ့ရပါတယ်။
သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အခါ သူပြန်လွတ်လာပြီးနောက်ပိုင်း ကိုယ်တိုင်ရေး စာအုပ် ထုတ်ဝေတာတွေ၊ ရွှေမှော်ဝန်း ပရဟိတအဖွဲ့ထောင်တာတွေ သူဆောင်ရွက်ခဲ့ပါသေးတယ်။
မဲစာရင်းမှန်ဖို့ ခက်တယ်လို့ ဒု စစ်ခေါင်းဆောင် ဝန်ခံ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မဲလိမ်တယ်ဆိုပြီး စွပ်စွဲ အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ နောက်ဆုံးမှာတော့ မဲလိမ်မှုကို မတွေ့ရှိဘဲ မဲပေးပိုင်ခွင့်ရှိသူများ စာရင်းသာ အမှားတွေ တင်းကြမ်းပြည့်နေတာ တွေ့သွားပါတယ်။ စာရင်း မှန်ကန်ဖို့ အခုထိ မလုပ်နိုင်သေးဘူးဆိုတာလည်း ဝန်ခံလာရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအတွက် မဲစာရင်း ပြုစုရေးဆိုင်ရာ အစည်းအဝေးမှာ ဒုတိယ စစ်ခေါင်းဆောင် စိုးဝင်းကိုယ်တိုင် ဝန်ခံ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
“နိုင်ငံရေး စိစစ်ရေး ကတ်ပြားတွေ စနစ်တကျ မရှိတာ၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားတွေ ဖောင်းပွတာ၊ တဦးတည်းက ဆင့်ပွားပုံစံ ဆောင်ရွက်နေတာတွေကြောင့် မဲစာရင်း မမှန်မကန် ဖြစ်ခဲ့ရတာ”လို့ ဝန်ခံခဲ့ပါတယ်။
အဲဒီလို အချက်အလက် တွေ မှားယွင်းနေအောင် NLD က လုပ်ခဲ့တာ မဟုတ်ပါဘူး။ ခေတ်အဆက်ဆက်က အဂတိလိုက်စားမှုတွေ လာဘ်စားမှုတွေ ပျင်းရိတဲ့ ဝန်ထမ်းတွေနဲ့ ဗျူရိုကရေစီ ယန္တရားကြောင့် ဒီပြဿနာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
မဲစာရင်းတွေ မှန်ကန်ဖို့ ပထမအဆင့် ဆောင်ရွက်တဲ့အခါ နိုင်ငံသား မှတ်ပုံတင်ကို တဦးတည်းကနေ တခုထက် ပိုပြီးတော့ ကိုင်ဆောင်ထားသူ ၅ သိန်း ရှိနေတာ၊ နိုင်ငံသား စိစစ်ရေးကတ်ရှိပြီး အချက်အလက် မစုံတဲ့ နိုင်ငံသား စိစစ်ရေးကတ် ၁ သန်းကျော် ရှိတာတွေကို စစ်ကောင်စီက အခုမှ တွေ့ရှိခဲ့ပါတယ်။
ဒါတွေဟာ ကွန်ပြူတာတွေနဲ့ နည်းပညာအရ စိစစ်ဖော်ထုတ်ခဲ့လို့ တွေ့ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။ အိမ်ထောင်စုစာရင်းတွေကို စိစစ်ရာမှာလည်း အိမ်ထောင်စုစာရင်းထဲမှာ သေဆုံးတဲ့သူတွေ ပါနေတာ၊ အကြောင်းအမျိုးမျိုး နဲ့ နိုင်ငံခြားကို ရောက်သွားသူတွေပါ ပါနေတာ၊ နိုင်ငံခြားသားတွေအဖြစ် ခံယူထားသူတွေပါ ပါနေတာတွေကိုလည်း တွေ့ရှိခဲ့ကြပါတယ်။ ဒါတွေကို မှန်ကန်အောင် လုပ်ဖို့ တော်တော်အချိန်ယူရဦးမှာပါ။
အိမ်ထောင်စုစာရင်းတွင် မိသားစု အမည်သာ ရှိပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြား မရှိသူ ၂၂ သန်းကျော် တွေ့ရတာလည်း အချက်တချက် ပါဝင်ပါတယ်။ အသက် ၁၈ နှစ်ပြည့်ပြီးသား လူဦးရေ ၁၄ သန်းကျော်ကလည်း အိမ်ထောင်စုစာရင်းမှာ စာရင်း မသွင်းရသေးပါဘူး။
အခုလို လွဲမှားနေတဲ့ စာရင်းဇယားတွေနဲ့ အလုပ်လုပ်ရတဲ့ ဘယ်ရွေးကောက်ပွဲ ကော်မရှင်မဆို အခက်အခဲတွေ လွဲချော်မှုတွေ ရှိနေနိုင်ပါတယ်။ အခုလည်း ဒါတွေကို အချိန်မီ မပြင်ဆင်နိုင်ဘူးဆိုရင် စစ်ကောင်စီက အရမ်းလုပ်ချင်နေတဲ့ ရွေးကောက်ပွဲမှာလည်း ပေးပိုင်ခွင့်ရှိသူစာရင်းက မှန်ဦးမှာ မဟုတ်ပါဘူး။
မဲစာရင်းဆိုတာ ဘယ်နိုင်ငံမှာမဆို အမှားမကင်းနိုင်ပါဘူး။ အမေရိကန်လို နည်းပညာမြင့်တဲ့ နိုင်ငံတွေမှာတောင် လူကနေ စာရင်းသွင်းရတာ ဖြစ်တဲ့အတွက် အမှားအယွင်းတွေ ရှိပါတယ်။ဒါပေမယ့် ဒါဟာ မဲခိုးမဲလိမ်မှု မဟုတ်ပါဘူး။ မဲစာရင်းမှားလို့ ရွေးကောက်ပွဲရလဒ်ကို လက်မခံဘူးဆိုတာ ယုတ္တိရှိတဲ့ အကြောင်းပြချက်လည်း မဟုတ်ပါဘူး။
အခုလို စာရင်းဇယားကို ကောက်ယူပြီးရင် e-ID စနစ်မှာ ဆက်လက်ထည့်သွင်းမှာ ဖြစ်တယ်လို့ ဒုစစ်ခေါင်းဆောင်က ဆိုပေမယ့် တနိုင်ငံလုံးအတိုင်းအတာ အီလက်ထရောနစ် အချက်အလက်များအဖြစ် ပြောင်းလဲထည့်သွင်းရေးက မည်မျှအချိန်ကြာမလဲ ထည့်မပြောပါ။ ရွေးကောက်ပွဲက အီလက်ထရောနစ် မှတ်ပုံတင်စနစ် ပြီးအောင် စောင့်မှာလား၊ လက်ရှိစာရင်းဇယားအတိုင်း ကျင်းပမှာလားလည်း မရှင်းပါ။
တကယ်လို့ လက်ရှိမှားနေတယ်ဆိုတဲ့ မဲစာရင်းကို အခြေခံပြီး ရွေးကောက်ပွဲကျင်းပမယ်ဆိုရင်လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ပြောလို့ရဦးမှာလား။ ဒါပေမယ့် ၂၀၂၃ မှာ ရွေးကောက်ပွဲတခုကို ရတဲ့ပုံစံနဲ့ လုပ်ဖို့ စစ်ကောင်စီကို ဖိအားတွေက ရှိနေခဲ့ပြီးဖြစ်ပါတယ်။
အနေကြာဖို့ နေကြာစိုက်တာလား
“စားသုံးဆီ ဖူလုံဖို့ နေကြာသီးနှံ စိုက်ကြစို့ ”ဆိုကာ စစ်ကောင်စီက ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်းက လယ်သမားတွေကို ဆောင်းသီးနှံ နေကြာစိုက်ဖို့ ဖိအားပေးနေပါတယ်။
တကယ်တော့ လယ်သမားအဖို့ တွက်ချေအကိုက်ဆုံး ဆောင်းသီးနှံက ပဲမျိုးစုံဖြစ်လို့ နေကြာကို ဘယ်သူမှ လိုလိုလားလား စိုက်ချင်ပုံ မပေါ်ပါဘူး၊ ဒါပေမယ့်လည်း ခေတ်အဆက်ဆက် လယ်သမားဘဝက နင်းပြားဆိုတော့လည်း စီမံကိန်းသီးနှံ အကြောင်းပြ အတင်းအကျပ် စိုက်ခိုင်းရင် မငြင်းသာပေဘူးပေါ့။
တချိန်က ဆီကို ရေချိုး ဆေးရိုးမီးလှုံလို့ ဆိုခဲ့ကြပေမယ့် အခုတော့ လမ်းဘေးမှာ ဆင်းရဲချမ်းသာမရွေး ဆီအတွက် တန်းစီနေတာကို ကြည့်ရင် မြန်မာပြည်မှာ စားသုံးဆီ ရှားပါးတဲ့ လက္ခဏာဆိုတာ ပြနေပါတယ်။
အရင်က မြေပဲနဲ့ နှမ်းကို အားထားပြီး စားသုံးဆီထုတ်ခဲ့ပေမယ့် ဒီကနေ့မှာတော့ ပြည်ပက စားအုန်းဆီကိုပဲ အားထား နေရချိန်မှာ ဆီထွက်သီးနှံစိုက်ပျိုးရာ စစ်ကိုင်း မကွေးစတဲ့ ဒေသတွေမှာလည်း မငြိမ်သက်မှုတွေ ရွာလုံးကျွတ် မီးရှို့ခံရမှု တွေ လယ်ပစ်ယာပစ်ပြေးလွှားနေရတာတွေကြောင့် ပြည်တွင်း ဆီထုတ်လုပ်မှုဟာ ထပ်မံလျော့သွားစေခဲ့ပါတယ်။
ဒါ့အပြင် အဓိက နေကြာဆီထုတ်တဲ့ ယူကရိန်းနိုင်ငံမှာလည်း စစ်ပွဲကြောင့် ဆီထုတ်လုပ်မှု ထိခိုက်သွားသလို အင်ဒိုနီး ရှား၊ မလေးရှားလို စားအုန်းဆီထုတ်တဲ့ နိုင်ငံတွေကလည်း ပြည်ပတင်ပို့မှုကို ထိန်းချုပ်လိုက်တဲ့အတွက် စားသုံးဆီဟာ ရှားပါးသွားသလို ဈေးကြီးလာတာလည်း အမှန်ပါ။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ စစ်အသုံးစရိတ်ကိုသာ လျော့ဖို့ မပြောတယ်၊ စားသုံးဆီနဲ့ ပတ်သက်ရင် ပြည်ပကနေ တင်သွင်းတာများတယ် “လူတကိုယ် တရက် ဆီ နှစ်ကျပ်တမတ်သား စားရင် လုံလောက်တယ်”ဆိုပြီး ဆီစားနှုန်း လျော့ဖို့ ပြောနေတယ်။
ဒီအခြေအနေမှာ စားသုံးဆီ ရှားပါးမှုပြေလည်ရေး အကြောင်းပြပြီး ခုချက်ခြင်း နေကြာစိုက် ချက်ခြင်း ဆီကြိတ်ဖို့ ကြိုးစားနေရင်တော့ လွယ်လင့်တကူ ဖြေရှင်းမှုသာဖြစ်ပြီး ပြည်သူတွေအနေနဲ့ ပြီးပြည့်စုံသွားမှာ မဟုတ်သလို အဖြေလည်း ထွက်မှာမဟုတ်ပါဘူး။
အရင်ကလည်း တနင်္သာရီတိုင်းကို ဆီအိုးကြီး လို့ မြှောက်ပင့်တင်စားပြီး စားအုန်းဆီစိုက်ဖို့ဆိုကာ အာဏာပိုင်နဲ့ စီးပွား ရေးလုပ်ငန်းရှင် ခရိုနီတွေပေါင်း မြေသိမ်းကြလို့ ဒေသခံတွေသာ မြေဆုံးသွားတယ် ဆီကတော့ လောက်လောက်လားလား မထွက်ခဲ့ပါဘူး။
အခုလို စားသုံးဆီ ဖူလုံဖို့ နေကြာသီးနှံ စိုက်ကြစို့ ဆိုကာ တောင်သူကို တွက်ချေမကိုက်တဲ့ သီးနှံကို မဖြစ်မနေ စိုက်ခိုင်းတာဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ အစည်း အဝေးမှာပြောတဲ့“တောင်သူတွေ အနေနဲ့ လွတ်လပ်စွာ စိုက်ပိုင်ခွင့်ရှိသလို လွတ်လပ်စွာ ရောင်းချခွင့်ရှိတယ်”ဆိုတဲ့ စကားနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင်လည်း နိုင်ငံစီးပွား ရန်ပုံငွေ ခွဲဝေရေး မိန့်ခွန်းတွေမှာတော့ နွေစပါးစိုက်ပျိုးရေးနဲ့ ငွေဖြစ်မြန်တဲ့ ပဲတီစိမ်း စိုက်ရမယ်လို့ ဆိုပေမယ့် အခု နေကြာပြောင်းစိုက်ဖို့ လုပ်ကြပြန်ပြီဆိုတော့ စစ်ဗိုလ်ရင့်မာကြီးတွေရဲ့ ထုံးစံအတိုင်း အနေကြာအောင် နေကြာစိုက်ဆိုတဲ့ ယတြာလား ဆိုတာ သံသယပွား စေပါတယ်။
နဝတ၊ နအဖခေတ်တုန်းကလည်း စစ်အုပ်ချုပ်ရေးက အာဏာကို တခြားလူဆီ လွှဲပြောင်းမပေးဘူးလို့ ဆိုလိုတဲ့ သဘောနဲ့ နေ့သင့်နံသင့်မြို့တွေမှာ ပြောင်းဖူးစိုက်ခိုင်းတာ၊ ကက်ကင်းရိုက်တဲ့ သဘောနဲ့ ကြက်ဆူပင် စိုက်ခိုင်းတာတွေ ရှိခဲ့သလို စစ်အာဏာသိမ်းချိန်တုန်းကတောင် “ခေတ်ကိုပြောင်းချင် ခေါင်းကိုပစ်” ဆိုပြီး အခါပေးစကား ထွက်ခဲ့ဖူးတော့ မပြေးသော်လည်း ကန်ရာရှိဆိုသလို ဒီလိုတွေးထင်ချက်မျိုးကလည်း ပယ်ချလို့ မရပြန်ပါဘူး။
ဒါပေမယ့် အနေကြာဖို့ နေကြာနဲ့ ယတြာချေတယ် ဆိုရင်တော့ နေကြာရဲ့ သဘော၊ နေကြာရဲ့ အနက်ကို သိဖို့ လိုပါလိမ့်မယ်။
နေရှိရာဘက်ကို မျက်နှာလှည့်တဲ့ ပန်းဖြစ်တာကြောင့် နေကြာလို့ ခေါ်တယ်ဆိုပေမယ့် ဒုတိယကျော်အောင်စံထား ဆရာတော်ရဲ့ ဝေါဟာရတ္တ ပကာသနီကျမ်းမှာတော့ နေရှိရာဘက်ကို ခြာခြာလှည့်တဲ့အတွက် နေခြာပန်းလို့လည်း သုံးကြောင်း ရေးထားပါတယ်။
ဒါဆို နေကြာ ယတြာလုပ်ပေမယ့် နေခြာအဖြစ် ဓာတ်သက်သွားရင်တော့ ချာတူးလန်တဲ့ စစ်ခေါင်းဆောင်ရဲ့ အောက်မှာ တိုင်းပြည်ကြီးကတော့ ခြာခြာလည်နေအုံးမယ်ဆိုတဲ့ သဘောဖြစ်သွားနိုင်ပါတယ်။
စစ်ကောင်စီ ဗုံးကြဲမည့် ရန်ကြောင့် ရွှေ့လိုက်ရတဲ့ KNU ကွန်ဂရက်
အာဏာသိမ်းစစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်တာကြောင့် အောက်တိုဘာလအကုန်မှာ ကျင်းပဖို့ လျာထားတဲ့ ကရင်အမျိုသားအစည်းအရုံး (KNU) ရဲ့ ၁၇ ကြိမ်မြောက် ကွန်ဂရက်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ KNU ဘက်က ပြောပါတယ်။
KNU က ၄ နှစ်တကြိမ်ကျင်းပပြုလုပ်ရမယ့် ကွန်ဂရက်ကို ၂၀၂၁ ခုနှစ် ဇွန်လမှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ကိုဗစ်ကပ်ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။ ကိုဗစ်ကာလအတွင်း KNU တပ်မဟာ ၁ တပ်မဟာမှူးနှင့် လူကြီးအချို့ ကွယ်လွန်တာတွေလည်း ရှိခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၂ ခုနှစ် အောက်တိုဘာလအကုန်မှာ ကွန်ဂရက်ကျင်းပဖို့ ပြင်ဆင်ထားပေမယ့်လည်း စစ်ကောင်စီဘက်က လေကြောင်းတဆင့် ဗုံးကြဲတိုက်ခိုက်နိုင်တာကြောင့် ကွန်ဂရက်ကို ထပ်မံရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။
KNU ရဲ့ ဖွဲ့စည်းပုံမှာတော့ ကွန်ဂရက်ကို ၄ နှစ်တကြိမ် လုပ်ရမှာဖြစ်ပြီး စစ်ဘေးစစ်ဒဏ်နဲ့ ကပ်ရောဂါဘေးရှိပါက ကွန်ဂရက်ကို ရွှေ့ဆိုင်းနိုင်တယ်လို့ ပါရှိပါတယ်။ သို့သော်လည်း ကွန်ဂရက်ကို ၂ နှစ်ထက်ပိုပြီး ရွှေ့လို့မရဘူးလို့ ဖွဲ့စည်းပုံမှာ ရေးသားထားပါတယ်။
KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း “အောက်တိုဘာ ၂၄ ရက်မှာ မဖြစ်မနေ ကျင်းပဖို့ ပြင်ထားတာ။ သို့သော်လည်း အောက်တိုဘာ ၂၃ ရက်မှာ ကချင်ကို ဗုံးကြဲသွားတယ်။ ကျနော်တို့ရဲ့ တပ်မဟာ ၆ နယ်မြေထဲမှာ ဘုန်းကြီးကျောင်းကို ကြဲတယ်ဗျာ။ အဲဒီလိုလုပ်ရပ်တွေ ဖြစ်လာတဲ့အခါမှာ မြေပြင်မှာ ရှိတဲ့ တပ်မဟာမှူးတွေ ၊ ခရိုင်မှူးတွေ သူတို့ကလည်း ဗဟိုကော်မတီဝင်တွေပဲ သူတို့က သတိပေးလာတယ်။ ဒါကိုတော့ သေချာပြန်စဉ်းစားသင့်တယ်ဆိုတာပေါ့။ အဲဒီအချိန်မှာ ကျနော်တို့ သေချာပြန်စဉ်းစားရတယ်။ ဒါက လုံခြုံရေးအရ ဖြစ်တယ်။ ကွန်ဂရက်က ခေါင်းဆောင်တွေ အများကြီးစုမယ့် နေရာ။ ဒါကြောင့် မဖြစ်သင့်ဘူးဆိုပြီး ရွှေ့လိုက်ရတာ” လို့ပြောပါတယ်။
သို့သော်လည်း KNU အနေနဲ့ အခြေအနေ အချိန်အခါပေးလာပါက ပြန်လည်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
“ရွှေ့ရင် ၂ နှစ်ထက်ပိုပြီး မရွှေ့ရဘူးဆိုပေမယ့်လို့ လက်ရှိ Mandate ရထားတဲ့ ဗဟိုကော်မတီက အာဏာနဲ့ လုပ်ပိုင်ခွင့်တွေ ပျက်ပြယ်တယ်လို့ မပါဘူး။ အဲဒီအချက်ကို ကိုင်ပြီး ကျနော်တို့ရဲ့ ဗဟိုအမြဲတမ်းကော်မတီက လက်ရှိတာဝန်အသီးသီး ယူပြီး တော်လှန်ရေးကို ဆက်လက်သယ် ဆောင်သွားဖို့ ကျနော်တို့ ဆက်လက်ရပ်တည်သွားမယ်”လို့ ပဒိုစောတောနီးက ပြောပါတယ်။
ကွန်ဂရက်မကျင်းပနိုင်ဘဲ ရွှေ့ဆိုင်းရတာနဲ့ပတ်သက်ပြီး အချို့ကရင်လူငယ်တွေက KNU လူကြီးတွေဟာ လုပ်ပိုင်ခွင့်နဲ့ အာဏာကို နောက်မျိုးဆက်ကို နေရာမပေးဘဲ ဆက်လက်ကိုင်ဆောင်ထားတယ်လို့ ဝေဖန်နေတာလည်း ရှိပါတယ်။
အွန်လိုင်းက တဆင့် ကွန်ဂရက်ကို ကျင်းပဖို့ KNU ခေါင်းဆောင်ပိုင်းတွေ စဉ်းစားကြတာရှိပေမယ့် အင်တာနက်နှင့် နည်းပညာ အကျွမ်းတဝင်မဖြစ်တာကြောင့် အွန်လိုင်းက မလုပ်နိုင်သေးကြောင်း ပဒိုစောတောနီးက ပြောပါတယ်။
၎င်းက “တကယ်တမ်းတော့ ကျနော်တို့က အချိန်မကြာအောင် ထိတွေ့မှု ၊ ဆွေးနွေးမှုတွေလည်း လုပ်ပြီးပြီ။ အခုကတော့ နောက်ဆုံးအဆင့် အတည်ပြုပြီး ကျနော်တို့ ရွေးကောက်ပွဲဝင်ဖို့ပဲ ရှိတော့တယ်။ အွန်လိုင်းကျပြန်တော့လည်း ကျနော်တို့ တခါမှ မလုပ်ဖူးဘူးလေ။ ကျနော်တို့ရဲ့ ခရိုင် ၇ ခုကလည်း တောဘက် ကျေးလက်ဒေသဖြစ်တယ်။ အွန်လိုင်းမှာကျတော့ Connection အခြေအနေတွေက အစ၊ နည်းပညာပိုင်းရော အဆင်ပြေမပြေ အကုန်တွက်ရတာဖြစ်တယ်။ လက်ရှိကတော့ ဘယ်တော့လုပ်မလဲဆိုတဲ့ အချိန်သတ်မှတ်ချက်တော့ မရှိသေးပါဘူး” လို့ ဆိုပါတယ်။
ဒါကြောင့် KNU ဗဟိုခေါင်းဆောင်တွေ ပြန်ရွေးမယ့် ၁၇ ကြိမ်မြောက် ကွန်ဂရက်ဟာ ဘယ်တော့ ပြန်လုပ်ဖြစ်မယ်ဆိုတာ ရေရာသေချာမှုမရှိတဲ့ အနေအထားလို့ပဲ ဆိုရမှာဖြစ်ပါတယ်။
You may also like these stories:
နိုင်ငံတကာဖိအား လျော့ကျဖို့ အကျဉ်းသားများ လွှတ်ခြင်းဟု ဝေဖန်မှုများရှိနေ
အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်နေမယ်လို့ စစ်ကောင်စီပြော
မြန်မာ့အရေး ပြဿနာ ပြေလည်ရေး ဒေါ်အောင်ဆန်းစုကြည်က လမ်းစလား