လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်သော သူနာပြုဆရာမတဦးသည် မန္တလေးမှ စစ်ကောင်စီ စစ်ကြောရေးစခန်းတွင် ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားကြောင်း သူ၏ လုပ်ဖော်ကိုင်ဘက်များများနှင့် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်သူများက ပြောသည်။
သားဖွားဆရာမ ဒေါ်ပိုးသန္တာအောင်သည် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင်ပါဝင်သည့် အခြားဆရာဝန်နှင့် သူနာပြုဆရာမ ၄ ဦးနှင့်အတူ မန္တလေးတိုင်း၊ ချမ်းမြသာစည် မြို့နယ်တွင် အောက်တိုဘာလ ၂၉ ရက်နေ့ညနေက အဖမ်းခံရသည်။ အောက်တိုဘာလ ၂၇ ရက်နေ့က ပုလဲ-ဂန့်ဂေါလမ်းတွင် ဆေးဝါးနှင့် ဆေးပစ္စည်း ကိရိယာများ သယ်ဆောင်လာသည့် ထရပ်ကားတစီးကို စစ်ကောင်စီစစ်သားများက ဖမ်းဆီးပြီးနောက် ၎င်းတို့ အဖမ်းခံရခြင်းဖြစ်သည်။ ထိုကားကို မောင်းလာသည့် ကားသမား ၂ ဦးနှင့် အလုပ်သမားများလည်း ဖမ်းဆီးခံရသည်။
ထိုဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများကို တော်လှန်ရေး အင်အားစုများထံ ပို့ဆောင်နေခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးထားသူများသည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကို ထောက်ပံ့နေသူများဖြစ်ကြောင်း စစ်ကောင်စီ ထိန်းချုပ်မီဒီယာက ပြောသည်။
ဒေါ်ပိုးသန္တာအောင်သည် မန္တလေးနန်းတွင်းမှ စစ်ကြောရေးစခန်းတွင် သေဆုံးသွားကြောင်း သူနှင့်အတူ ယောဒေသတွင် လုပ်ကိုင်နေသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသား လုပ်ဖော်ကိုင်ဖက်တဦးက အတည်ပြုပြောကြားသည်။ နိုဝင်ဘာလ ဒုတိယပတ်တွင် သူကျဆုံးသွားသည်ဟု ယူဆရသည်။
“အခုလောလောဆယ်တော့ မိသားစုက သူ့အလောင်းပြန်ရဖို့ ကြိုးစားနေတယ်။ ယောဒေသက စစ်ဘေးရှောင်တွေကို သူဆေးသပေးနေတာ လပေါင်းများစွာကြာပြီ” ဟု ထိုလုပ်ဖော်ကိုင်ဖက် ပြောသည်။
မန္တလေး ဗဟိုအမျိုးသမီးဆေးရုံကြီးမှ ဒေါ်ပိုးသန္တာအောင် စစ်ကြောရေးစခန်းတွင် သေဆုံးသွားကြောင်း သိရသည်ဟု လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်သည့် မန္တလေးမှ ထင်ရှားသောဆရာဝန် ဒေါက်တာ စိုးသူရဇော်က သူ၏ လူမှုကွန်ရက်တွင် နိုဝင်ဘာ ၁၅ ရက်နေ့က ရေးသားသည်။
“ဒီနိုင်ငံမှာ သူနာပြုဆရာမက ဆေးကုလို့ အသတ်ခံရတယ်။ အလေးပြုလိုက်ပါတယ် ဒေါ်ပိုးသန္တာအောင်” ဟု ထိုဆရာဝန်က ရေးသားခဲ့သည်။
အောက်တိုဘာလ ၂၉ ရက်နေ့က ဒေါ်ပိုးသန္တာအောင်နှင့်အတူ ဖမ်းဆီးခံရသူများတွင် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးမှ သူနာပြုဆရာမ မဇင်မာဝင်း၊ မန္တလေးဆေးတက္ကသိုလ်မှ ခွဲစိတ်ကု ကထိက ဆရာဝန် ဒေါက်တာ မင်းဇော်ဦး၊ မန္တလေး သင်ကြားရေးဆေးရုံမှ သူနာပြုများဖြစ်သော မကြည်သဒ္ဓါဖြူနှင့် မယွန်းနန္ဒာထွန်းတို့ ပါဝင်သည်။
ဒေါ် ပိုးသန္တာအောင်သည် ရင်ကြပ်ရောဂါကြောင့် သေဆုံးသည်ဟု စစ်ကောင်စီ လူမှုကွန်ရက်က ဖော်ပြသည်။ လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင်ပါဝင်ပြီး ချင်းပြည်နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်များကို ဆေးကုသပေးနေသူ သူနာပြုဆရာမ ဒေါ်ပိုးသန္တာအောင်သည် စစ်ကြောရေးတွင် သေဆုံးကြောင်း စစ်ကောင်စီလိုလားသည့် ဝါဒဖြန့်လူမှုကွန်ရက်က နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရေးသားသည်။
သို့သော် ဂန့်ဂေါမှ သူမ၏ လုပ်ဖော်ကိုင်ဘက်တဦးက “အဲဒါလိမ်တာ။ သူ့မှာ ရင်ကြပ်ရောဂါဖဖဖဖမရှိဘူး။ စစ်ကောင်စီက နှိပ်စက်လို့သေရတာ” ဟု ပြောသည်။
You may also like these stories:
မန္တလေးတွင် CDM အထူးကု ဆရာဝန်ကြီးများအပါ ၉ ဦး ထပ် အဖမ်းခံရ
မြန်မာ့နွေဦး တော်လှန်ရေးထဲက အသက်ကယ် လက်များ
မန္တလေးက ပရဟိတ ဆရာဝန် ထောင် ၇နှစ် ထပ်မံချခံရ
နိုင်ငံရေးနှင့် တည့်တည့်ဝင်တိုးမိသည့် သူနာပြုဆရာမတဦး