ကိုးကန့်တပ်ဖွဲ့ဟု လူသိများသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) နှင့် အာဏာသိမ်း စစ်ကောင်စီတပ် တို့ကြား ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးကြောင်း MNDAA က ဧရာဝတီကို ပြောသည်။
စစ်ကောင်စီတပ်နှင့် MNDAA တို့ကြား ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်ထိ ရှမ်းပြည်နယ် မြောက်ပိုင်း ချင်းရွှေဟော်မြို့ မြောက်ဘက်တွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်နေခြင်း ဖြစ်သည်။
MNDAA ပြန်ကြားရေးဌာန က “ကျနော်တို့ လေ့လာတွေ့ရှိချက်အရ မြန်မာစစ်တပ်ဟာ MNDAA တပ်တွေကို တိုက်ခိုက်ဖို့ အခွင့်အလမ်းကို စောင့်မျှော်နေတာပါ။ တိုက်ပွဲမှာ MNDAA မဟာမိတ် တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှု မရှိပါ။ မြန်မာစစ်တပ်ဘက်က အသေအပျောက် ၅၀ ကျော် ရှိခဲ့ပါတယ်” ဟု ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သေဆုံးမှုတွင် တပ်ရင်းမှူး ၁ ဦးနှင့် တပ်ခွဲမှူး ၂ ဦး ပါဝင်ကြောင်း MNDAA ဘက်က ဆိုသော်လည်း စစ်ကောင်စီတပ်သားများ သေဆုံးမှု အရေအတွက်နှင့် တပ်ရင်းမှူး သေဆုံးမှု အခြေအနေကို ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
စစ်ကောင်စီတပ်သည် သံလွင်မြစ်အရှေ့ဘက် တရုတ်-မြန်မာ နယ်စပ်မြို့ ဖြစ်သည့် ချင်းရွှေဟော်တွင် အင်အား ၅၀၀ ခန့် စုစည်းပြီးနောက် MNDAA တပ်ဖွဲ့ဝင်များ အခြေစိုက်ရာ နမ့်ဖာတောင်သို့ စစ်ကြောင်းထိုး တိုက်ခိုက်လာခြင်းဖြစ် ကြောင်း MNDAA ပြန်ကြားရေးဌာနက ပြောသည်။
နမ့်ဖာတောင်သည် လောက်ကိုင်မြို့တောင်ဘက်ရှိ လုံထန်ရွာနှင့် ချင်းရွှေဟောင်မြို့ကြားက တောင်တန်းဟု စစ်ရေး လေ့လာသူများက ပြောဆိုသည်။
MNDAA ပြန်ကြားရေးဌာနကမူ စစ်ကောင်စီတပ်သည် ၎င်းတို့ လက်အောက်ခံ ကိုးကန့်နယ်ခြား စောင့်တပ် (BGF) များနှင့် ပူးပေါင်းကာ MNDAA ၏ နမ့်ဖာတောင်ခံတပ်သို့ မြောက်ဘက်နှင့် တောင်ဘက်မှ စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အခြေစိုက်ထားသည့် ကိုးကန့်နယ်ခြားစောင့်တပ်ကို စစ်ကောင်စီ၏ မဟာမိတ် ဖြစ်သည့် ကိုးကန့်လုပ်ငန်းရှင် လျူကျန်ရှောင်က ကွပ်ကဲလျက် ရှိသည်။
နိုဝင်ဘာ ၂၉ ရက်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် နမ့်ဖာတောင်ခံတပ်ကို မြောက်ဘက်နှင့် တောင်ဘက်မှ တိုက်ခိုက်ခဲ့သည့်အပြင် အင်အား ၆၀ ခန့် ပါသည့် ရှေ့ပြေးတပ်ဖွဲ့ဖြင့်လည်း အလယ်မှ ကြားဖြတ် တိုက်ခိုက်လာခဲ့ကြောင်း MNDAA က ဆိုသည်။
MNDAA သည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ခံတပ်နှင့် မီတာ ၂၀၀ အကွာအဝေးထိ ရှေ့တက်မလာရန် ထိန်းထားနိုင် ကြောင်း MNDAA ပြန်ကြားရေးဌာနက ပြောသည်။
နိုဝင်ဘာ ၃၀ ရက်တွင် MNDAA တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီတပ်နှင့် ကိုးကန့် (BGF) တို့၏ နောက်တန်း အခြေချ နေရာ ၂ ခုအား လျှပ်တပြက် သွားရောက် ပစ်ခတ်တိုက်ခိုက်ပြီး ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။
ယနေ့ (ဒီဇင်ဘာ ၁ ရက်) နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်ကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် MNDAA တပ်ဖွဲ့ဝင် များကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးပြီး လက်ရှိတွင် နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း MNDAA ဘက်က ပြောသည်။
အာဏာသိမ်း စစ်ကောင်စီတပ်သည် မတ်လ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်ထိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း MNDAA တပ်ဖွဲ့ဝင်များကို ထိုးစစ်ဆင်လာသဖြင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးသည် လက်တွေ့တွင် ယုံကြည်၍ မရကြောင်း MNDAA ဘက်က ဆိုသည်။
မြန်မာနိုင်ငံအခြေစိုက် စစ်ရေးလေ့လာသူတဦးကမူ မြန်မာစစ်ကောင်စီနှင့် MNDAA တို့သည် သံလွင်မြစ်အနောက်ခြမ်း မုံးကိုးဒေသတွင် တိုက်ပွဲများ ဖြစ်ပြီးနောက် နှစ်ဖက်လုံးက စစ်ပြင်ဆင်လာခဲ့ပြီး ယခုအခါ တိုက်ပွဲများ ပြန်ဖြစ်လာခြင်း ဖြစ်ကြောင်း ဆိုသည်။
၎င်းက “လောလောဆယ်တော့ ကိုးကန့်နဲ့ စစ်တပ်က ပြန်တိုက်ကြမယ့် အခြေအနေ ရှိတယ်။ နှစ်ဖက်က စစ်ပြင်နေကြ တယ်။ တိုက်ပွဲကတော့ ပိုပြင်းထန်လာမလားဆိုတာ ကြိုမှန်းရ ခက်ပါတယ်။ စောင့်ကြည့်ရဦးမယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်နှင့် MNDAA တို့သည် ၂၀၂၁ ခုနှစ်မှ ၂၀၂၂ မတ်လဆန်းထိ သံလွင်မြစ်အနောက်ခြမ်း မုံးကိုးမြို့နယ် တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ခဲ့ပြီးနောက် ယခုအခါ သံလွင်မြစ်အရှေ့ခြမ်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထဲတွင် တိုက်ပွဲများ ဖြစ်လာခြင်း ဖြစ်သည်။
MNDAA သည် ကိုးကန့်ဒေသကို ပြန်လည် ထိုးဖောက်ဝင်ရောက်ရန် ရည်မှန်းထားပြီး ၂၀၂၂ အစောပိုင်းတွင် အမှတ် (၆၁၁) ဟု အမည်ရှိ တပ်မဟာအသစ်တခုကို ထပ်မံဖွဲ့စည်းထားကြောင်း သိရသည်။
You may also like these stories:
စစ်ကောင်စီတပ်နှင့် MNDAA မုံးကိုးတွင် တိုက်ပွဲ ထပ်ဖြစ်
ငြိမ်းချမ်းရေး ဆွေးနွေးပွဲလော၊ နိုင်ငံရေး ကစားပွဲလော
ဖုန်ကြားရှင် သို့မဟုတ် မြန်မာစစ်တပ်အတွက် မြင်းကောင်းတစီး ဖြစ်ခဲ့သူ
မြောက်ပိုင်းလက်နက်ကိုင် ၇ ဖွဲ့ ပန်ဆန်းမှာတွေ့