ဒီတပတ် သတင်းစုံကဏ္ဍမှာ ဖြေလျှော့မှုတွေ အယောင်ပြ ပြုလုပ်လာတဲ့ စစ်ကောင်စီ၊ ဝါတာနာဘေးမြန်မာပြည် ဘာလာလုပ်ပြန်လဲနဲ့ လူသာမက နတ်တွေကိုပါ စစ်ကောင်စီ ကြောက်နေပြီတို့ကို ရွေးချယ်တင်ပြထားပါတယ်။
ဖြေလျှော့မှုတွေ အယောင်ပြ ပြုလုပ်လာတဲ့ စစ်ကောင်စီ
အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်မဖော်ဘူးလို့ စွပ်စွဲခံနေရပြီး အစည်းအဝေးတွေက ပထုတ်ခံထားရတဲ့ မြန်မာ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ထင်ရှားတဲ့ နိုင်ငံရေးသမားတချို့နဲ့ နိုင်ငံခြားသားတွေကို ပြန်လွှတ်ပေးတာ၊ ရခိုင်ပွဲစစ်ပွဲ ရပ်တာနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို တွေ့ဆုံဆွေးနွေးရေး ဖိတ်ခေါ်တာတွေနဲ့ မျက်စပစ်လိုက်ပြီး ရွေးကောက်ပွဲသစ်တွေ ကျင်းပနိုင်တော့မယ်ဆိုတဲ့ ဇာတ်လမ်းကို ရောင်းစွံအောင် ကြံနေပါတယ်။
၁၀၂ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ စစ်ကောင်စီက နိုင်ငံရေး တက်ကြွလှုပ်ရှားသူအချို့ကို အမှု ပိတ်သိမ်းပြီး လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့တာဟာ နိုင်ငံတကာနဲ့ နိုင်ငံတွင်း အခြေအနေတွေ၊ ဖိအားတွေကို သက်သာဖို့ လုပ်ဆောင်တာဖြစ်ပြီး အမှန်တကယ်လိုအပ်နေတဲ့ နိုင်ငံရေး စေတနာရှိတာ မဟုတ်ဘူးလို့ ဝေဖန်မှုတွေ ရှိပါတယ်။
အခုနောက်ဆုံးတကြိမ် နိုင်ငံတဝန်း အကျဉ်းထောင်အသီးသီးကနေ ပြန်လွှတ်ပေးမယ့်သူတွေထဲမှာ စစ်တပ်ကို ဝေဖန်ရာမှာ ရှေ့တန်းကျတဲ့ ဦးမြအေး၊ ရွှေညဝါဆရာတော်၊ စာရေးဆရာ မောင်သာချိုတို့အပြင် NLD အစိုးရ လက်ထက် စီးပွားရေးအကြံပေး မစ္စတာ ရှောင်တာနဲလ်၊ အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံ အမတ်ဟောင်း ဗစ်ကီဘိုးမန်း၊ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ တိုရူကူဘိုတာတို့ ပါဝင်တာကြောင့် ဒေသတွင်းနဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေက အလေးထားဖော်ပြခဲ့ကြပါတယ်။
အခုအကျဉ်းသားတွေကို ပြန်လွှတ်ပေးတာဟာ ပြီးခဲ့တဲ့ အာဆီယံထိပ်သီး ညီလာခံမှာ ဂျကာတာ ဘုံသဘောတူညီချက်ကို အကောင်အထည်မဖော်တာကြောင့် မြန်မာနိုင်ငံကို ပြစ်တင်ဝေဖန် အရေးယူလာနေပြီး အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် လွှဲပြောင်းရယူလိုက်တာနဲ့ တိုက်ဆိုင်နေပါတယ်။
သူ့အရင် အာဆီယံ ဥက္ကဋ္ဌ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ဟာဆိုရင် ကနဦးက မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံဖို့မူကို စွဲကိုင်ထားခဲ့သူ ဖြစ်ပေမယ့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်နဲ့ အခြား နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၄ ဦးကို ကြိုးမပေးဖို့ သူ တောင်းဆိုခဲ့တာကို မြန်မာစစ်ခေါင်းဆောင်တွေက ဂရုမစိုက်ဘဲ သတ်ဖြတ်ပစ်ခဲ့တာမို့ အကြီးအကျယ် စိတ်ပျက်သွားခဲ့ပါတယ်။
အဲဒီအချိန်က စပြီး မြန်မာ စစ်ခေါင်းဆောင်တွေအကြိုက် လိုက်ပြောဆိုနေတဲ့ နိုင်ငံတွေ မဟုတ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူတို့ရဲ့ အသံတွေ အာဆီယံအသင်းထဲမှာ ရှေ့တန်းရောက်လာပြီး မလေးရှားနိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ပါ လူသိရှင်ကြား တွေ့ဆုံလာပါတယ်။ စစ်ခေါင်းဆောင်တွေ လုပ်မယ့် ၂၀၂၃ ရွေး ကောက်ပွဲဟာ တရားမျှတမှုရှိမှာ မဟုတ်တဲ့အတွက် မလေးရှားအနေနဲ့ အသိအမှတ်ပြုမှာ မဟုတ်ကြောင်းတောင် ထုတ်ဖော် ပြောဆိုပါတယ်။
သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား ၁၃၀၀၀ ကျော်ကို ဖမ်းဆီးထားပြီး လူ ၂၅၀၀ ကျော်ကို သတ်ဖြတ်ထားကာ ကျေးရွာတွေ မီးရှို့နေသေးတဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်မှုတွေအပေါ် လွတ်မြောက်လာသူတွေကိုယ်နှိုက်က အကောင်းမပြောကြသေးပါဘူး။
ရွေးကောက်ပွဲလို့ ပြောရအောင်လည်း NLD ပါတီ အမတ်တွေ၊ တက်ကြွလှုပ်ရှားသူတွေကို ဝင်ပြိုင်လို့မရအောင် ဖမ်းဆီးထားပါတယ်။ စစ်တပ်အတွက် အကျိုးရှိမယ်လို့ ယုံကြည်ရတဲ့ အချိုးကျကိုယ်စားပြု PR စနစ်၊ ၂၀၀၈ ဖွဲ့စည်းပုံအရ အသာရပြီးသာ အခြေအနေနဲ့ အနိုင်ပိုင်းဖို့ ပြင်ဆင်ပြီးပါပြီ။
လက်ရှိ ရွေးကောက်ပွဲ ကော်မရှင်ဆိုတာကလည်း စစ်တပ်ခိုင်းတာ လုပ်နေရတဲ့ ကော်မရှင်တခုသာ ဖြစ်လို့ ကိုယ့်ဖဲကိုယ်ချိုးပြီး ပါဝင်ကစားမယ့်လူတွေကလည်း ကိုယ့်လူတွေနဲ့ချည်းပဲမို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘောင်းဘီဝတ်ကနေ ပုဆိုးပြောင်းဝတ်မယ့်ပွဲထက် မပိုပါဘူး။
ဒါပေမယ့် တိုင်းပြည်ရဲ့ နယ်မြေတဝက်လောက်က PDF တွေနဲ့ တိုင်းရင်းသားတပ်တွေ လွှမ်းမိုးထားတာမို့ စစ်တပ်က ချုပ်ကိုင်ထားတဲ့ မြို့ကြီးတွေမှာ လောက်သာ ရွေးကောက်ပွဲလုပ်နိုင်မှာပါ။ ဒါတောင်မှ မြို့ပြလူထုရဲ့ သပိတ်မှောက်မှုနဲ့ အကြီးအကျယ်ကြုံရဦးမှာမို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းဟာ ၂၀၁၀ ရွေးကောက်ပွဲထက် အများကြီးကို ပို မျက်နှာပြောင်တိုက်ပြရ၊ ပိုလိမ်လည်ပြရမှာ ဖြစ်ပါတယ်။
စစ်ကောင်စီက သူ့ရည်မှန်းချက်အတိုင်း နိုင်ငံရေးအရ ပုံဖော်လာချိန်မှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျင်းပတဲ့ Reuters Next ဆိုတဲ့ ရိုက်တာ သတင်းဌာနက စီစဉ်တဲ့ “မနက်ဖြန် ပုံဖေါ်မယ့် အဖြေများ ရှာဖွေခြင်း’’အစီအစဉ်မှာ အချက် ၅ ချက်ကို လက်ခံရင် စစ်ကောင်စီနဲ့ ဆွေးနွေးကောင်း ဆွေးနွေးမယ်လို့ ထုတ်ဖော်ပြောဆို လာပါတယ်။
အဲဒီ ၅ ချက်ကတော့ ပြည်သူလူထုကို သတ်ဖြတ်နေတာတွေကို ချက်ခြင်းရပ်ဖို့၊ စစ်တပ်ဟာ နိုင်ငံရေးက လုံးဝ စွန့်ခွာမယ်ဆိုတာ အာမခံဖို့၊ နိုင်ငံတကာရဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကို မနှောင့်ယှက်ဖို့၊၂၀၀၈ အခြေခံ ဥပဒေကို လုံးဝ ဖျက်သိမ်းဖို့နဲ့ နိုင်ငံတကာကနေ ကြားဝင်ဆောင်ရွက်မှုတွေ လုပ်ရမယ်ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီအချက်တွေဟာ စစ်တပ်က မူဝါဒတွေနဲ့ လုံးဝ မတူညီတာမို့လို့ စစ်ကောင်စီဘက်က NUG နဲ့ တွေ့ဆုံဆွေးနွေးဖို့ ထည့်တောင် မစဉ်းစားသေးဘူးလို့ပဲ ဆိုပါရစေ။
ဝါတာနာဘေးမြန်မာပြည် ဘာလာလုပ်ပြန်လဲ
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပေါ်ပေါ်တင်တင် ထောက်ခံလေ့ ရှိတဲ့ အသက် ၈၈ နှစ် အရွယ် ဝန်ကြီးဟောင်း၊ ဂျပန် – မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ မစ္စတာ ဝါတာနာဘေးဟာ အခုရက်ပိုင်းမှာ နေပြည်တော် ရောက်ရှိနေပါတယ်။
ဂျပန်အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ ပါလီမန်ကိုယ်စားလှယ်ဟောင်း မစ္စတာ ဝါတာနာဘေဟာ မြန်မာပြည်က ဂျပန်ရင်းနှီးမြှုပ်နှံသူများကို ကိုယ်စားပြုသူဆို မမှားပါဘူး။
ဝါတာနာဘေး အခုတကြိမ်လာတာဟာ သီလဝါက ဂျပန်လုပ်ငန်းတွေ အသက်ရှူချောင်အောင်နဲ့ ဂျပန်အစိုးရနဲ့ ရင်းနှီးမြှုပ်နှံသူတွေအမြင်မှာ အတော်ဆိုးရွားနေတဲ့ မြန်မာစစ်တပ်အတွက် ပြည်တွင်းက အခြေအနေတွေ ပိုဆိုးမလာအောင် စစ်ခေါင်းဆောင်တွေကို လာရောက် ဖျောင်းဖြတဲ့ ခရီးစဉ်လို့ မြင်ကြပါတယ်။
မစ္စတာ ဝါတာနာဘေးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က ယခင် သမ္မတရုံး၊ အခု စစ်ကောင်စီရုံးမှာ ဒုတိယ စစ်ခေါင်း ဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနဲ့ ရှေ့လုပ်ငန်းစဉ်တွေအပေါ် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
သီလဝါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိတဲ့ အခြေအနေတွေ ဆွေးနွေးတယ်လို့ စစ် ကောင်စီက ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ဖော်ပြတဲ့အတွက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်ဆက်လုပ်လို့ မရဖြစ်နေတဲ့ အဲဒီက ကုမ္ပဏီတွေနဲ့ ရင်းနှီးမြုပ်နှံမှုတွေ ထပ်ဝင်မလာတဲ့အပေါ် အကြပ်ရိုက်နေတဲ့ကိစ္စတွေ ဆွေးနွေးတာ ဖြစ်ပါတယ်။
မစ္စတာဝါတာနာဘေးဟာ NLD မပါတဲ့ ၂၀၂၃ ရွေးကောက်ပွဲကို ဝင်ပြိုင်ပြီး အစိုးရဖြစ်ချင်နေတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ဥက္ကဋ္ဌ ဦးခင်ရီနဲ့လည်း နိုဝင်ဘာလ ၂၈ ရက်နေ့က သွားရောက် တွေ့ဆုံခဲ့ပါသေးတယ်။
တွေ့ဆုံတဲ့အခါမှာ ကြံ့ခိုင်ရေးပါတီက လက်ရှိဆောင်ရွက်နေတဲ့ ဦးစားပေးနယ်ပယ် ၈ ရပ်မှာ လတ်တလော ဆောင်ရွက်ထားတဲ့ အခြေအနေတွေကို ရှင်းပြခဲ့တယ်လို့ ဦးခင်ရီက သူ့ဖေ့ဘုတ်စ် စာမျက်နှာမှာ ရေးသားထားပါတယ်။
မစ္စတာဝါတာနာဘေးဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို “ထူးခြားသောလူသား” ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံကို ရောက်လာပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့သူတဦးလည်း ဖြစ်ပါတယ်။
၂ဝ၂၂ ခုနှစ်၊ နှစ်အစပိုင်းမှာလည်း မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး စစ်ခေါင်းဆောင် အပါအဝင် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ မေလအတွင်းကလည်း မစ္စတာဝါတာနာဘေးဟာ မြန်မာနိုင်ငံကို ထပ်မံလာရောက်ခဲ့ပြီး စစ်ခေါင်းဆောင် အပါအဝင် အစိုးရဌာနဆိုင်ရာ အသီးသီးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်ကတည်းက ဗိုလ်ခင်ညွန့်လို စစ်ထောက်လှမ်းရေးတွေနဲ့ မစ္စတာ ဝါတာနာဘေးဟာ အပေါက်အလမ်း တည့်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် NLD အစိုးရလက်ထက်မှာတော့ မင်းဆရာလို ပုံစံမျိုး နေထိုင်ကျင့်ကြံချင်တဲ့ မစ္စတာ ဝါတာနာဘေးလို လူမျိုး တွေကို ဒေါ်အောင်ဆန်းစုကြည်က သိပ်မကြည်တာကြောင့် ဆက်ဆံရေး သိပ်မကောင်းခဲ့သလို ဖြစ်ခဲ့ရပါတယ်။
NLD အစိုးရ အာဏာရရှိချိန် သူတို့ နှစ်ဦးကြားမှာ တွေ့ဆုံခဲ့တာမျိုးတွေ ရှိပေမယ့် ဒေါ် အောင်ဆန်းစုကြည်ဟာ ဂျပန်အစိုးရနဲ့သာ ဆက်ဆံရေး ကောင်းအောင် ဆောင်ရွက်ခဲ့ပါတယ်။ မစ္စ တာ ဝါတာနာဘေးရဲ့အခု မြန်မာပြည် ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရှိဖို့ တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီက ခွင့်မပြုဘူးလို့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
မြန်မာစစ်ကောင်စီနဲ့ ပြန်လည် ထိတွေ့ဆက်ဆံရေး ဝါတာနာဘေက တွန်းအားပေးနေပေမယ့် မြန်မာကို အကူအညီသစ်တွေ ဖြတ်တောက်ပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ စစ်ကောင်စီအပေါ် တောင်းဆိုနေတဲ့ ဂျပန်အစိုးရရဲ့ သဘောထားကတော့ သူနဲ့ ဆန့်ကျင်နေပါတယ်။
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ၂၀၂၁ ခုနှစ် မေလနဲ့ ဩဂုတ်လ အကုန်ပိုင်းတွေမှာ မစ္စတာ ဝါတာနာဘေးဟာ မြန်မာ စစ်ကောင်စီကို အကာအကွယ် ပေးနေတယ် ဆိုပြီး ဆန္ဒပြခဲ့ဖူးပါတယ်။
လူသာမက နတ်တွေကိုပါ စစ်ကောင်စီ ကြောက်နေပြီ
ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ထူးဆန်းတဲ့ သတင်းတပုဒ် လူမှုကွန်ရက်စာမျက်နှာမှာ ဖတ်လိုက်ရပါတယ်၊ အဲဒါက ရွာလုံးကျွတ် မီးလောင်တိုက်သွင်းနေတဲ့ စစ်ကောင်စီဟာ စစ်ကိုင်းမြို့ပေါ်က မြို့စောင့်နတ်၊ ရွာစောင့်နတ်၊ ရပ်ကွက်စောင့် နတ်တွေကို တော်လှန်ရေးမှာ မှိုင်းမကူညီတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းချုပ်တဲ့ အကြောင်းပါ။
တနေ့တမျိုး မရိုးရ ဆိုသလိုပါပဲ၊ စစ်ကိုင်းသားတယောက် ရေးထားတဲ့ အဖြစ်စုံကတော့ သူတို့မြို့က ရပ်ကွက်တွေမှာ ရှိတဲ့ နတ်စင်တွေက နတ်ရုပ်တွေဟာ တညတည်းမှာပဲ ပျောက်သွားတယ်၊ သူခိုးလက်ချက်လို့ ပထမ ထင်ကြပေမယ့် နောက်ပိုင်း သတင်းထွက်လာတာက မြို့နီးချုပ်စပ်က ရွာတွေရဲ့ ပုန်ကန်မှုတွေကို ဖြိုခွင်းရ ခက်နေတာဟာ ဒီနတ်တွေ စောင့်ရှောက်နေလို့ဆိုတဲ့ ပြစ်ချက်နဲ့ နတ်ကွန်းက နတ်ရုပ်တွေကို မင်းမိန့် သိမ်းသွားတာလို့ ဆိုပါတယ်။
အပေါ်ယံကြည့်ရင်တော့ ဒီသတင်းဟာ ရယ်စရာ ဖြစ်ပေမယ့် သေချာတွေးကြည့်ရင်တော့ စစ်ကောင်စီဟာ တော်လှန်ရေးကို မနိုင်တော့တာနဲ့ ကြွက်မနိုင် ကျီမီးနဲ့ ရှို့ဆိုတဲ့ စကားပုံလိုပေါ့၊ မဆီမဆိုင် နတ်တွေကို လှည့်ရမ်းတာလို့ ဆိုရမယ်။
တကယ်တမ်းတော့ စစ်ကိုင်းတိုင်းမှာ တော်လှန်ရေး အားကောင်းနေတာဟာ နတ်တွေက ကူညီနေလို့ ဆိုတာထက် စစ်ကောင်စီရဲ့ ရွာလုံးကျွတ် မီးတိုက် ရမ်းကားတဲ့ လုပ်ရပ်တွေကြောင့် လူထုက မခံမရပ်နိုင်ဖြစ်ပြီး တော်လှန်ရေးဘက်က ရပ်တည်နေကြတာပါ၊ တဖက်ကြည့်ရင်လည်း နတ်တွေအနေနဲ့လည်း ဓမ္မဘက်က ရပ်တည်ပြီး ကူညီမှိုင်း မကောင်း မှိုင်းမနိုင်ပါတယ်။
ဇေယျာရွှေမြေလို့ ခေါ်တဲ့ စစ်ကိုင်းဆိုတာက နယ်နယ်ရရမဟုတ်ပါ၊ ပင်းယ၊ အင်းဝတို့လို ရှေးဟောင်း မြို့တော်တခုဖြစ် ပြီး၊ မြန်မာ့သမိုင်းမှာ ထင်ရှားတဲ့ ရှမ်းညီနောင်သုံးဦးထဲက အင်္သခယာ စောယွန်းကနေ မြန်မာသက္ကရာဇ် ၆၇၇ ခုနှစ်မှာ မြို့တည်ခဲ့တာပါ။
အဲဒီမြို့က သောတပန်နတ်ကွန်းဆိုရင်လည်း စစ်ကိုင်းမြို့တည်စ ကိုးဌာနမှာ တခုအပါအဝင်ဖြစ်တဲ့ အထင်ကရတခုပေါ့၊ ဒါ့အပြင် စစ်ကိုင်းတရိုးမှာ အနောက်မယ်တော်လို့ နာမည်ကြီးတဲ့ ယင်းမာပင်မြို့နယ် ဇီးတောရွာက အမေရေယာဉ်ဟာလည်း ကိုးကွယ်သူ အင်မတန်များတဲ့ နာမည်ကြီး မိရိုးဖလာနတ်တပါးဖြစ်သလို ယမားမြင်းဖြူရှင်၊ ကန္နီမြင်းဖြူရှင်တို့လို စတဲ့ ဒေသတွင်းနတ်တွေကလည်း ရှိပါသေးတယ်။
စစ်ကိုင်းဆိုတာက မဝေးတဲ့အတိတ်ကို ပြန်ကြည့်ရင် ၁၉၈၈ခုနှစ် လူထုအုံကြွမှုမှာ အင်အားကောင်းတဲ့ တော်လှန်ရေး နယ်မြေ တခုလို့ ဆိုရမှာပါ၊ အဲဒီတုန်းက စစ်ကိုင်းရဲစခန်းကို လူထုအားနဲ့ ဝိုင်းဝန်းခဲ့တဲ့ အဖြစ်အပျက်ဟာ ဒေသ အာဏာပိုင်တွေဖြစ်တဲ့ စစ်ကိုင်းပြည်သူ့ကောင်စီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး သူရကျော်စွာနဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းကြည်တို့ ထိပ်လန့်တုန်လှုပ်ခဲ့ရတယ်ဆိုတာ အားလုံးအသိပါ။
လက်ရှိလည်း ခေတ်အဆက်ဆက် တော်လှန်ရေး ရေခံမြေခံကောင်းတဲ့ စစ်ကိုင်းတိုင်းကို စစ်ကောင်စီက ပြည်သူ့ အိုးအိမ် မီးတိုက်တဲ့ စစ်ရေးဗျူဟာကို သုံးနေတော့ နတ်တွေအနေနဲ့လည်း သူတို့ကို တသက်လုံး ပူဇော်ပသလာတဲ့ သားမြေးမြစ်တွေ အိမ်ယာတွေကို လူစိမ်းတွေကလာပြီး မီးတိုက်နေတာတော့ လက်ပိုက်ကြည့်နေမယ် မထင်ပါဘူး၊ ကူညီမှိုင်းမကောင်း မှိုင်းမပါလိမ့်မယ်။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရဆိုရင် အောက်တိုဘာ ၁ လလုံး စစ်ကိုင်းတိုင်းမှာ အိမ်အလုံးပေါင်း ၁၁၂၄လုံးထက်မနည်း မီးရှို့ခံခဲ့ရတယ်လို့ သိရသလို Data for Myanmar အဖွဲ့ကလည်း ဒီနှစ် ဧပြီ၊ မေ၊ ဇွန် ၃ လမှာ စစ်ကိုင်းတတိုင်းလုံး အိမ် ၁၂၀၀၀ကျော် မီးရှို့ခံရတယ်လို့ ဆိုထားပါတယ်။
လေကြောင်းကနေ ဗုံးကြဲ၊ လူသတ်၊ လုယက်၊ အိမ်မီးရှို့ နေတဲ့ အခြေအနေမျိုးကို လူတွေသာမက နတ်တွေလည်း လက်ခံမှာမဟုတ်ပါဘူး၊ ဒါကြောင့် နတ်တွေကပါ တော်လှန်ရေးမှာ ပါနေသလားဆိုတဲ့ စစ်ကောင်စီရဲ့ တွေးလုံးဟာ မှန်ကောင်းမှန် နေနိုင်ပါတယ်။
ဒီလို နတ်တွေက တော်လှန်ရေးကို စောင့်ရှောက်နေသလားဆိုတဲ့ အတွေးမျိုး စစ်ကောင်စီမှာ ဝင်နေပြီး အသိမ်းခံရတဲ့ နတ်တွေကို လှောင်ဖို့ ဆိုရင်တော့ စစ်ကိုင်းတိုင်းမှာ ပုဂံကလိုပဲ ဒုတိယ နတ်လှောင်ကျောင်းတခု မလွဲမသွေ ပေါ်လာတော့လေမလား သံသယပွားနေရပါတယ်။
You may also like these stories:
ဂျပန်မှ စစ်ကောင်စီလော်ဘီ USDP ကို ထောက်ခံအရောဝင်
ဘုန်းကြီးကျောင်းများ ဧည့်စာရင်းတိုင်ရမည့်အမိန့် နိုင်ငံရေးလှုပ်ရှားသူများကို ပစ်မှတ်ထားခြင်းလား
အရပ်သားဝန်ထမ်းများ ပျော်ရွှင်အောင် စစ်ကောင်စီ လုပ်နေသည်
ဂျပန်စီးပွားရေး လော်ဘီက မြန်မာအာဏာသိမ်းမှုကို ထောက်ခံ